အနန္တဂိုဏ်းဝင်၊ဆရာသခင်တို့၊ဂုဏ်အင်နှစ်ဆယ့်ငါး၊ရှိသည်များကို၊
မှတ်သားအပ်စွ၊မိလိန္ဒပဥှာ၊ ကျမ်းလာအတိုင်း၊လင်္ကာသီကျူး၊ ပြပေဦးအံ့။ အထူးမှတ်ဘိ၊အာစရိဟူက၊ တပည့်ကောင်းတစ်ယောက်၊ပေါ်ထွန်းတောက်ဖို့၊ စောင့်ရှောက်မပြတ်၊ကြည့်ရှုတတ်ကြ၊ပေါင်းအပ်မပေါင်းအပ်၊ထိုနှစ်ရပ်ကို၊ခွဲတတ်ပါစေ၊ တွေဝေမှုရှိ၊မရှိမှတ်ရာ၊အိပ်ရာနေ့ခင်း၊ကျန်းမာခြင်းနှင့်၊ဆွမ်းဟင်း ရ,မရ၊ထူးသမျှမှု၊သိအောင်ပြု၍၊အစုစုလာဘ်၊ခွဲဝေအပ်၏။ကြောက်တတ်လေဘိ၊သားတပည့်အား၊ငါရှိနေတယ်၊ကြောက်ဖွယ်မရှိ၊အားပေးဘိ၍၊တပည့်ဖော်ပေါင်း၊လေ့လာရှောင်းလျက်၊ရွာကျောင်းအတူ၊လှည့်သူသိအပ်၊တစ်ရပ်မှတ်သား၊တပည့်များနှင့်၊ရယ်လားမောလား၊ဟေးဝါးမပြု၊ဆွေးနွေးမှုသာ၊ပြုကျင့်ရာ၏။ နည်းစွာအပြစ်၊ကျစ်လစ်သည်းခံ၊ပြန်လှန်လေးစား၊ဝတ္တရားမပျက်၊လျှို့ဝှက်မှုကင်း၊ပွင့်လင်းမူရာ၊ပညာကုန်ပေး၊သိရေးစေတနာ၊ညှာတာစိတ်ထား၊ကြီးပွားစေလို၊ပညာဗိုလ်အား၊စွမ်းပကားလျှင်၊ပြငြားခွင့်ပေး၊မေတ္တာမွေးမြူ၊ဘေးဟူတွေ့လစ်၊မစွန့်ပစ်ဘဲ၊ကျင့်ဝတ်မမေ့၊ချွတ်ချော်တွေ့က၊ဓမ္မနှင့်သာ၊ချီးမြှောက်ရာသား၊နှစ်ဆယ့်ငါးသည်၊မမှားဆရာ့ဂုဏ်ရည်တည်း။
၁။ ဆရာသည် မိမိတပည့်အပေါ်၌ အမြဲမပြတ် အစောင့်အရှောက်ကို ဖြစ်စေခြင်း၊ခပ်သိမ်းသော အရပ်တို့၌ အသောင့်အရှောက်ပြုခြင်း, ဘေးရန်ကိုကာဆီးပေးခြင်း၊
၂။ တပည့်၏ မှီဝဲဆည်းကပ်သင့်သော ပုဂ္ဂိုလ်, မဆည်းကပ်သင့်သော ပုဂ္ဂိုလ်တို့ကို သိခြင်း၊ကောင်းသော အဆွေခင်ပွန်းထံ အပ်နှံပေးခြင်း၊
၃။ တပည့်၏ မေ့လျော့မှု ၊မမေ့လျော့မှုတို့ကို သိခြင်း၊
၎။ တပည့်အတွက် အိပ်ယာနေရာ ထိုင်ခင်းကို သိခြင်း၊
၅။ တပည့်၏ မကျန်းမမာ ဖျားနာသည်ကို သိခြင်း၊
၆။ ဆွမ်းဘောဇဉ် ရ , မရကို သိခြင်း၊
၇။ တပည့်၏ ထူးခြားမှု မထူခြားမှုကို သိခြင်း၊
၈။ မိမိ သပိတ်အတွင်း၌ ရောက်သော ဘောဇဉ်ကို ခွဲဝေပေးခြင်း၊
၉။ " မကြောက်လင့်၊ သင်၏ အကျိုးစီးပွားသည် တိုးတက်နေ၏ " ဟု အားပေးအားမြှောက် ပြုခြင်း၊
၁၀။ " ဤသို့သော ပုဂ္ဂိုလ်နှင့် ပေါင်းသင်းနေ၏ " ဟုတပည့်၏ အပေါင်းအသင်းကို သိခြင်း၊
၁၁။ ရွာ၌ အပေါင်းအသင်းကို သိခြင်း၊
၁၂။ ကျောင်း၌ အပေါင်းအသင်းကို သိခြင်း၊
၁၃။ တပည့်နှင့်အတူ မြူးတူးရယ်မောခြင်းကို မပြုလုပ်ခြင်း၊
၁၄။ တပည့်နှင့်အတူ စကားပြောဆိုမှုကို ပြုခြင်း၊
၁၅။ အနည်းငယ် ချွတ်ချော်တိမ်းပါးသည်ကို တွေ့မြင်သည်ရှိသော် သည်းခံခြင်း၊
၁၆။ လေးစားသမှုဖြင့် ကောင်းစွာပြုလုပ်ခြင်း၊
၁၇။ ဆရာ့ဝတ်ကို မချိုးမဖျက်ရခြင်း၊
၁၈။ မလျှို့မဝှက်ပြုလုပ်ရခြင်း၊
၁၉။ အတတ်ပညာကို အကြွင်းမထားဘဲ သင်ကြားပေးရခြင်း၊သင်သင့်သောအရာကို သင်ပေးခြင်း၊
၂၀။ " တပည့်ကို အတတ်ပညာတို့၌ ကောင်းစွာဖြစ်စေအံ့ " ဟု အဖ စိတ်ထားရခြင်း၊
၂၁။ " အဘယ်နည်းဖြင့် မဆုတ်ယုတ်ပါအံ့နည်း " ဟု ကြီးပွားစေလိုစိတ် ထားရခြင်း၊
၂၂။ " တပည့်ကို အတတ်ပညာ အားအစွမ်းဖြင့် အားရှိသည်ကို ပြုအံ့ " ဟုသော စိတ်ထားမျိုးကို ထားရခြင်း၊အလုံးစုံသောအတတ်ပညာကို သင်ယူစေခြင်း၊
၂၃။ တပည့်အပေါ်၌ မေတ္တာစိတ်ကို ရှေးရှုထားခြင်း၊ဆုံးမသင့်သော အရာကိုဆုံးမခြင်း၊
၂၄။ ဘေးရန်ရောက်သောအခါတို့၌ မစွန့်ပစ်ရခြင်း၊
၂၅။ ပြုလုပ်ဖွယ် ဝတ်အကျင့်၌ မမေ့လျော့ဘဲ ချွတ်ချော် ဖောက်ပြန်လတ်သော် တရားသဖြင့် ချီးမြှောက်ခြင်း။
တပည့်ကျင့်ဝတ် ၅ပါး
--------------------------
၁။ နေရာမှ ထ၍ ခရီးဦးကြိုခြင်း၊ဆရာလာသောအခါ၌ ခရီးဦးကြို အရိုအသေပေးရခြင်း၊
၂။ ခစားဆည်းကပ်ခြင်း၊ပညာသင်ကြားရာ၌ လုံ့လဝီရိယနှင့် ညီညာထကြွမှုရှိခြင်း၊
၃။ စကားကို နာယူခြင်း၊ဆရာ၏ သင်ကြားမှု ဆုံးမမှုတို့ကို လိုက်နာကျင့်ကြံရိုသေရခြင်း၊
၎။ အရိုအသေ လုပ်ကျွေးခြင်း၊ဆရာ့ထံပါး၌ အမြဲမပြတ် ခစားလုပ်ကျွေးဆည်းကပ်ရခြင်း၊
၅။ အတတ်ပညာကို ရိုသေစွာ သင်ကြား လေ့ကျက်ခြင်း။
(မိလိန္ဒ။၁၀၁)(မိလိန္ဒ၊မြန်။၁၀၉)။(ဒီ၊၃။၁၅၄။)(ဒီ၊မြန်၊၃။၁၇၂။)
No comments:
Post a Comment