ရောင်ခြည်တော်ဖွင့် ဘုရားပင့်
နီလာ နီလာ နိစ္ဆရန္တိ ပီတာ ပီတာ စ ရံသိယော ။
လောဟိတာ လောဟိတာ စာဘာ သြဒါတော ဒါတရံသိယော ။
ပဌာနံ နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို
သမ္မသန္တဿ အနုလုံ ပဋိလုံ အစုံအဆန် အဖန်ဖန်အထပ်ထပ် သုံးသပ်ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏
နီလာ ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသော
အရပ်ဌာနမှ နီလာ ကြာညို ခွာညို ရတနာညိုကဲ့သို့ စိမ်းတစိုစို
မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော် တို့သည်
နိစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
ပီတာ စ သိ င်္ဂီရွှေလှော် အရေတော်မှလည်း
ပီတာ မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်းပပဝင်းကုန်သော
ရံသိယော ဝါရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓါတ်တို့သည်
နစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
လောဟိတာ အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖဝါးတော် လက်ဖဝါးတော်စသောကိုယ်တော်အစိတ်စိတ်မှ
လောဟိတာ ခေါင်ရမ်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်း ရှိကုန်သော အာဘာ နီရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓါတ်တို့သည်
နိစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
သြဒါတာ စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံ မွေရှင်တော် ဓါတ်မှ
သြဒါတ ရံသိယော စံပယ်ကြက်ရုံး ဇွန်ပန်းကုန်းနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ဝတ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်း အသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော်ဓါတ်တို့သည်
နိစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
တမှာ တမှာ စ မဉ္ဇိဋ္ဌာ ပဘာသန္တိ ပဘဿရာ
ဧဝံ ဆဗ္ဗဏ္ဏရံသိယော ဌာတု မေ ဘဂဝါ သိရေ
တမှာ တမှာ အထက်ဆံဖျားတော် တစ်လျှောက်မှ အောက်ခြေဖဝါးတော်
တခို ထိုထိုကိုယ်တော်အစိတ်မှ မဉ္ဇိဋ္ဌာ စ ခရမ်းသွေးအရောင်မရမ်းသွေးအရောင် တဝေဝေ တပြောင်ပြောင်သပြေရောင်အဆင်းကဲ့သို့ ထိန်ဝင်းညိုမောင်းသော ရောင်ခြည်တော်တို့သည်လည်းကောင်း ပဘဿရာ စ နတ်မီးရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက်
ကြက်လျှာပျံ စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တို့သည်လည်းကောင်းပဘာသန္ထိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ်အံ့သြဖွယ်လျှင်အဆန်းတကြယ်ကွန့်မြူးတော်မူကြလေကုန်၏
ဧဝံ ဤသို့ ရောင်ခြည်တော်ခြောက်သွယ် ဂုဏ်တော်အထူးကို
ချီးကျူးဖွဲ့ဆိုခဲ့သည့်အတိုင်း ဆဗ္ဗဏ္ဏရံသိယော အညိုတစ်ဖြာ အဝါတစ်လီ အနီတစ်ဆူ အဖြူတစ်ကြောင်း အမောင်းတစ်ချက် ပြိုးပြက်ငွားငွား ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေထသော
ဘဂဝါ ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွှတ်ရုံး
အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော
သော ထို သုံးလောကညွန့်ဖူး နိဗ္ဗာန်မှူး ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည်
မေ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓါတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏ သိရေ ဦးခေါင်းပေါ်၌
ဌာတု ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောကကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီး ဘုရား
No comments:
Post a Comment