(သာမညကျားဂူကျောင်း၌်တည်ထားကိုးကွယ်တော်မူသော
ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏သမိုင်းအကျဉ်း)
" နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ "
အရဟတော ၁၅၀၀ ကိလေသာအညစ်အကြေးတို့မှလည်းကင်းဝေး
သန့်ရှင်းတော်မူတတ်ပါပေထသော အရဟတော ၁၅၀၀ ကိလေသာ
တည်းဟူသောအတွင်းရန် အပြင်ရန်တွေကိုအကြွင်းအကျန်မထား
ဘယ်သူ့ကိုမှအကူအညီ မခေါ်ပဲ ပါရမီဘုန်းဟုန်တန်ခိုးဂုဏ်တို့ဖြင့်
ကောင်းစွာအောင်တော်မူ နိုင်တော်မူ သတ်တော်မူတတ်ပါပေထသော
အရ'ဟတော ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် အကတ်အကွင်းတို့ကိုလည်း
ချိုးဖျက်ခုတ်ထွင် သုတ်သင်ရှင်းလင်းတော်မူတတ်ပါပေထသော အ'ရဟတော
ဆိတ်ကွယ်ရာအရပ်၌ ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာတို့ဖြင့်
မကောင်းမှုမှန်သမျှတို့ကို ပြုကျင့်တော်မမူ ပြောဆိုတော်မမူ ကြံစည်တော်မမူတတ်
ပါပေထသော အရဟတော ဗြဟ္မာနတ်လူခပ်သိမ်းသူတို့၏ ပူဇော်ဖွယ်လှုဒါန်းဖွယ်
မှန်သမျှတို့ကိုလည်းခံယူခြင်းငှာထိုက်တော်မူတတ်ပါပေထသော သမ္မာသမ္ဗုဒ္ဓဿ
သင်္ခါရ ၀ိကာရ လက္ခဏ နိဗ္ဗာန် ပညတ်ဟုဆိုအပ်သောဉေယျငါးတန်တရားမှန်ကို
ဆရာမကူ မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် သယမ္ဘူဉာဏ်ဖြင့် မဖောက်မပြန်
မှန်ကန်စွာ ထိုးထွင်း၍ သိမြင်တော်မူတတ်ပါပေထသော သမ္မာသမ္ဗုဒ္ဓဿ ဒုက္ခ
သမုဒယ နိရောဓနှင့် မဂ္ဂမည်သာလေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍
သုံးဆိုင်ဗိုလ်ခြေ များဝေနေကို မသွေကိုယ့်တူ သိစေတော်မူတတ်ပါပေထသော
သမ္မာသမ္ဗုဒ္ဓဿ သိစရာရှိသမျှတရားဥဿုံအလုံးစုံကို အကုန်အစင် ဆရာမဆူ
သယမ္ဘူဉာဏ်ဖြင့် မဖောက်မပြန် မှန်ကန်စွာ ထိုးထွင်း၍ သိမြင်တော်မူတတ်
ပါပေထသော ဘဂ၀တော ကာမ ရူပ အရူပဟု ဘ၀သုံးပါး ၀ဋ်ရထား၌
ပြေးသွားစေတတ် ကျင်လည်စေတတ်သော ကာမတဏှာ ဘ၀တဏှာ
ဝိဘ၀တဏှာတည်းဟူသော တဏှာသုံးတန်ကိုလည်း ထွေးအံစွန့်ပယ်တော်
တော်မူတတ်ပါပေထသော ဘဂ၀တော ခန္ဓမာရ် မစ္စုမာရ် ကိလေသမာရ်
အဘိသင်္ခါရမာရ် ဒေ၀ပုတ္တမာရ်တည်းဟူသော မာရ်ငါးပါးတို့ကိုလည်း
ချိုးဖျက်ခုတ်ထွင် သုတ်သင်ရှင်းလင်းတော်မူတတ်ပါပေထသော ဘဂ၀တော
ဣဿရိယ ဓမ္မ ယဿ သိရီ ကာမ ပယတ္တမည် ဘုန်းတော်ခြောက်လီနှင့်
ပြည့်စုံတော်မူတတ်ပါပေထသော တထာတာဒိ လာဘ အလာဘ စသည်
ရှစ်တန်လောကဓံတို့ကြောင့် ဖောက်ပြန်တုန်လှုပ်ခြင်းမရှိ ပကတိ
တည်ကြည်သော တာဒိဂုဏ်နှင့်ပြည့်စုံတော်မူတတ်ပါပေထသော
တထာတာဒိတဿ လောကဓံ ဓလေ့မုန်တိုင်းဝှေ့လျက် မရွေ့မယိုင်
ကျောက်စာတိုင်သို့ ခိုင်ခိုင်ခန့်ခန့်တည်တန့်သော တာဒိဂုဏ်နှင့်ပြည့်စုံ
တော်မူသော ထိုဘုန်းတော်ခြောက်ပါးသခင် သဗ္ဗညုရှင်တော်မြတ်
ဘုရားအား မေ ဘုရားတပည့်တော်၏ နမော ကာယ ၀စီ မနောချီလျက်
အဉ္စလီညွတ်ကျိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ရခြင်းသည် နမော ကိုယ်
နှုတ် နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့မြတ်နိုး ရှိခိုး
ရခြင်းသည် အတ္ထု ဘ၀တု ကောင်းစွာမသွေဖြစ်ပါစေသတည်း။
"သာမညဆရာတော်ဘုရားကြီးပင့်လျှောက်ဂါထာ"
သန္တော ယောဝိနယော သမထာယ
ဓမ္မံဒေသေတုတံအာစရိယံ မယံဝန္ဒာမိ သဗ္ဗဒါ။
သာမညေ မဂ္ဂင်ဖောင်ကြီးမြိုင်မြိုင်စီးသဖြင့် မဂ်ဖိုလ်နိဗ္ဗာန်
သန္တိသုခ ချမ်းသာအဝဝကိုလက်ဝယ်ပိုင်ပိုင်ရရှိခံစားနိုင်ကြကုန်သော
ကျော်ဟိုးတေဇာဂုဏ်ဝါကြီးမား သာမဏခေါ်တွင်အရိယာထေရ်ရှင်
အရိယာလောင်းလျာများသာလျှင်ကိန်းအောင်းမွေ့လျော်
စံပျော်တော်မူသောသာမညအမည်ရသောမြစိမ်းတောင်ကြီး၌
ဝိဟာရန္တော မေတ္တာဂရုဏာကြီးမားစွာဖြင့်သိဒ္ဓိစခန်း
ဖွင့်ကာပေးသဖြင့် သတ္တဝါအများ ကပ်သုံးပါးမှ ကျော်လွှားသည့်ပြင်
နိဗ္ဗာန်စခန်း တက်လှမ်းဖို့ရန်စိတ်ရည်သန်၍ မျှော်တွေးထောက်မျှော်
သီတင်းသုံးနေထိုင်တော်မူသော ယောဝိနယော မဟာထေရောနာမ
သာမညတောင် မဂ္ဂင်ဖောင်ကြီး ဆိုက်ရောက်လေငြား
မြတ်စောညီနောင်ဘုရားသို့ အနယ်နယ်အရပ်ရပ်မှ
ဘုရားဖူးကြွရောက်လာကြကုန်သောရဟန်းရှင်လူ တပည့်ဒါယကာ
ဒါယိကာမများအား သနားမေတ္တာ ဝမ်းမြောက်စွာဖြင့် နေ့ရောညပါ
ဘယ်ခါမစဲ ကောင်းစွာမယွင်း သက်ပယ်ဘေးမဲ့ဆွမ်းကို
ထက်လွန်းသဒ္ဓါ စေတနာဖြင့် ကျွေးမွေးတွင်တွင်
အစဉ်ကြည့်ရှု စောင့်ရှောက်တော်မူသော
အရှင်အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္ဒဝိနယမည်ရကျော်ဟီး
သာမညတောင်ဆရာတော်ဘုရားကြီးသည် သန္တော ကိုယ်တော်တိုင်ကလည်း
ကိလေသာအပေါင်းတို့မှ ငြိမ်းအေးတော်မူပါပေ၏။သမထာယ ဝေနေယျများစွာ
ကိလေသာအပေါင်းတို့မှ ငြိမ်းအေးစေခြင်းငှာ ဓမ္မံ ကိလေသာငြိမ်းကြောင်း
ဒါန သီလ သမထဝိပဿနာ တရားကောင်းတွေကို ဒေသေတု
ခန္ဓာဥာဏ်ရောက်နိဗ္ဗာန်ပေါက်အောင် ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေ၏။
တံ အာစရိယံ နိုင်ငံခရိုင် ပြည့်လှိုင်ကျော်ကြား သာသနာပြုတန်ခိုးကြီး
မဟာထေရ်တပါးရယ်လို့ ရဟန်းရှင်လူ နတ်လူဗြဟ္မာသတ္တဝါအပေါင်းတို့၏
ကြည်ညိုလေးစား ကိုးကွယ်အားထား ဆည်းကပ်ရာလည်းဖြစ်တော်မူပေထသော
ထိုသာမညတောင် ဆရာတော်ဘုရားကြီးကို မယံ ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာဟု
သူငါမှည့်ခေါ် ဘုရားတပည့်တော်တပည့်တော်မတို့သည်
သဗ္ဗဒါ အခါခပ်သိမ်း ဝန္ဒာမိ သဒ္ဓါရိုကျိုးလက်ဆယ်ဖြာထိပ်မှာ
မိုး၍ရှိခိုးကန်တော့လိုက်ပါ၏ အရှင်ဘုရား ဝန္ဒိတွာ ရှိခိုးပြီး၍
မေ အမှာကံ ဆရာတော်ဘုရားကြီး၏ မေတ္တာရိပ်မြုံကို
ခိုလှုံနေကြကုန်သောဘုရား တပည့်တော် တပည့်တော်မတို့၏
အံသေ ပုခုံးရတနာမြတ်အင်္ဂါထက်၌ ဌာတု ဓမ္မာသန
ပလ္လင်ကဲ့အသွင်သို့ရွှင်ရွှင်ပြုံးပြုံးသီတင်းသုံးတည်တံ့တော်မူလှည့်
ပါကျေးဇူးတော်ရှင်သာမညတောင်ဆရာတော် အရှင်သူမြတ်ကြီးဘုရား
"ကျေးဇူးတော်ရှင်သာမညတောင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒဓမ္မကထာ"
ဤလောကကြီး၌ ပုဂ္ဂိုလ်သတ္တ၀ါဟူသည်၊
လူခြင်းတူသော်လည်း ဉာဏ်ခြင်းမတူ
ဉာဏ်ခြင်းတူသော်လည်း ပါရမီခြင်းမတူ
ပါရမီခြင်းတူသော်လည်း ၀ီရိယခြင်းမတူ
ဝီရိယခြင်းတူသော်လည်း သတိခြင်းမတူ
သတိခြင်းတူသော်လည်း သမာဓိခြင်းမတူ
သမာဓိခြင်းတူသော်လည်း ပဋ္ဌာန်းဆက်ခြင်းမတူ
ပဋ္ဌာန်းဆက်ခြင်းတူသော်လည်း ဆုတောင်းခြင်းမတူ
ဆုတောင်းခြင်းတူသော်လည်း သဒ္ဓါတရားခြင်းမတူ
ထို့ကြောင့် အကျိုးပေးဘုန်းကံမြင့်မားစေရန် မဆုတ်မနစ်သော
သဒ္ဓါတရားဖြင့်ပေးလှုရာ၏ ။ သီလရှိလျှင် သမာဓိနိုင်ရာ၏ ၊
သမာဓိနိုင်မှ စိတ်ကိုပိုင်သည် ၊ စိတ်ကိုပိုင်မှ နတ်ကိုနိုင်သည် ၊
နတ်ကိုနိုင်မှ ဓါတ်ကိုပိုင်သည် ၊ ဓါတ်ကိုပိုင်မှ မနောပေါက်သည် ၊
မနောပေါက်မှ ပညာရောက်သည်၊ ပညာရောက်မှ ၀ိဇ္ဇာဖြစ်မည်။
( အကျိုးပေးတူညီပုံ )
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ သမေစိတ္တေ သမံဖလံ
စေတော ပဏိဓိ ဟေတူဟိ သတ္တာ ဂစ္ဆန္တိ သုဂတိံ
တိဋ္ဌန္တေစာပိ သက်တော်ထင်ရှားမြတ်စွာဘုရား၌လည်းကောင်း
နိဗ္ဗုတေစာပိ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသော မြတ်စွာဘုရားရှင်တို့၏
ဓါတ်တော် မွေတော် စေတီတော်တို့်၌လည်းကောင်း စိတ္တေ
ကြည်ညိုသော စိတ် စေတနာ သဒ္ဓါတရားသည်
သမေ တူမျှသည်ရှိသော် ဖလံ အကျိုးတရားသည်လည်း
သမံ တူမျှသည် ဟောတိ ဖြစ်၏။ စေတောပဏိဓိဟေတူဟိ
ကြည်လင်သောစိတ်ဖြင့် တောင့်တခြင်းတည်းဟူသော
အကြောင်းတရားတို့ကြောင့် သတ္တာ သတ္တ၀ါတို့သည်
သုဂတိံ ကောင်းသောသူတို့၏လားရာ လူ့ရွာ နတ်ဋ္ဌာန်
ပြည်နိဗ္ဗာန်သို့ ဂစ္ဆန္တိ ရောက်ကြလေကုန်၏။
"သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး"
( ၁ ) သိရန်မှန်က မကျန်ရအောင်
လုံးဝစုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
( ၂ ) သိသည့်တရား များအပြား၌
ဟောထားစဖွယ် နည်းသွယ်သွယ်ကို
ခြယ်လှယ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
( ၃ ) ကျွတ်ထိုက်ကြပေ များဝေနေ၏
ဣနြေ္ဒစရိုက် သူ့အကြိုက်ကို
နှိုက်ချွတ်စုံလင် အကုန်မြင်
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
ဉာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့်
အများဝေနေ ကျွတ်လွတ်စေဖို့
မနေမနား သက်တော်အားဖြင့်
ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍
ပရိနိဗ္ဗာန် စံသည့်တိုင်အောင်
သယ်ယူဆောင် ဘုန်းခေါင်ငါတို့ဘုရားတည်း။
"ဘုရားပွင့်လာကျိုးများစွာ"
ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ မသိရ များလှ အပြစ်တွေ
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ သိကြရများလှ ကျေးဇူးပေ
ကျေးဇူးတော်ရင် ဘုရားရှင်ကို
နေ့စဉ်မပြတ် ကျေးဇူးဆပ်ဖို့ အမြတ်ရတနာ
သာသနာ၏ ၀န်တာနှစ်ခန်း
ကိုယ်စီထမ်း ကြိုးပမ်းကြပါလေ
ဧ၀ံ န၀ဟိ ဂုဏေဟိ လောကမှိ ကိတ္တိဗျာပိတံ၊
အတုလံ ဓမ္မရာဇာနံ ၀န္ဒာမိ တီဟိ သာဒရံ။
ဧ၀ံ န၀ဟိ ဂုဏေဟိ ဤအရဟတာ အစလာသည့် ကိုးဖြာသော
ဂုဏ်တော်တို့ဖြင့် လောကမှိ ဘ၀ဂ်ဆုံးအောင် ဘုံသုံးဆောင်၌
ကိတ္တိဗျာပိတံ သိမ့်သိမ့်တုန်ခပ် ပဲ့တင်ထပ်မျှ နှံစပ်သတင်း
ကျော်စောခြင်းရှိတော်မူထသော အတုလံ သီလခေါင်ထိ
သမာဓိနှင့် ကြီးဘိပညာ လွန်ကဲသာ၍ ပြိုင်လာနိုင်းသူ
အတူလည်း ရှိတော်မမူထသော ဓမ္မရာဇာနံ သုံးဘုံမကိုဋ်
သုံးတိုက်သရဖူ သုံးလူသင်းကျစ် ဓမ္မရာဇ်ထွတ်ထား
ရှင်တော်မြတ်ဘုရားကို တီဟိ လက်အုပ်အဉ္စလီ နူတ်သံချီ၍
ရွှင်ကြည်မနော သုံးပါးသောဒွါရတို့ဖြင့် သာဒရံ
လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍
ဝန္ဒာမိ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ
ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။
( သာသနာပြုလိုသော် )
ဗုဒ္ဓနုဿတိ ၊ ဘာဝနာရှိမှ
မိမိဘာသာ ၊ သာသနာကို
ကောင်းစွာသိမြင် ၊ စောင့်ရှောက်ချင်၏
စောင့်ရှောက်ချင်သော် ၊ ကြောင်းကျိုးမျှော်ကာ
ခုပေါ်ကာလ ၊ ပကာသနနှင့်
ဒါနစုစု ၊ ကုန်ကျမှုကို
အပြုဘက်မှာ ၊ မရောက်လာဘဲ
ပျက်ရာသို့ပင် ၊ အများဝင်၏ ။
သို့စင်သာသနာ ၊ ပြုလိုပါမူ
ပကာသန မပါကြဘဲ ၊ ဒါနစုစု ကောင်းအောင်ပြုလော့ ။
တစ်ခုဒါန ပါရုံမျှဖြင့် ၊ သံသရာကြီး လမ်းခရီးကား
ဘယ်နည်းနှင့်မျှ ၊ မဖြောင့်ကြဘူး
သီလအကျင့် ၊ လုံအောင်ကျင့်လျှက်
အသင့်မေတ္တာ ၊ ကရုဏာနှင့်
သစ္စာ ခန္တီ ၊ စိတ်လည်းရှည်၍
ကိုယ်စီစိတ်မှု ၊ ဖြောင့်အောင်ပြုမှ
ယခုလည်းကောင်း ၊ နောင်လည်းကောင်းလိမ့် ။
ကောင်းအောင်ဖုံဖုံ ၊ အကုန်စုံလျှင်
ပြည်ဘုံ အမတ ၊ နိဗ္ဗာနကို ရဖို့အကြောင်း ၊
ဆုမတောင်းလည်း ခေမာမြို့ကား ၊ ငါတို့တွက်တာအနီးမှာတည်း ။
မှန်စွာလမ်းစဉ် ၊ ဤသို့မြင်၍ လူရှင်များစု ၊
သာသနာပြုဖို့ ယခုနောက်နှောင်း ၊ အချိန်ကောင်းသဖြင့် စုပေါင်းသေချာ
စီရင်ပါသည် ဗုဒ္ဓါနုဿတိ - နုဿတိ ။
( အရှင်ဇနကာဘိဝံသ - မဟာဂန္ဓာရုံ )
" လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစေတတ်သော တရားဆယ်ပါး "
(၁) ဒါန- သဒ္ဓါကြည်ဖြူ ပေးလှူရခြင်း၊
(၂) သီလ- ကာယကံ ၀စီကံ ထိုနှစ်လီသော ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်ရခြင်း၊
(၃) ဘာဝနာ- သမထ ၀ိပဿနာ ထိုနှစ်ဖြာကို လေ့လာပွားများအားထုတ်ရခြင်း၊
(၄) အပစာယန-ရတနာသုံးပါး ဆရာ မိဘစသောသူများကို ရိုသေရခြင်း၊
(၅) ဝေယျာဝစ္စ- ကုသိုလ်ဖြစ်ဖွယ် ၀တ်ကြီးဝတ်ငယ်ကိုသယ်ပိုးဆောင်ရွက်ရခြင်း၊
(၆) ပတ္တိဒါန- မိမိပြုရ ကုသလကို အမျှပေးဝေရခြင်း၊
(၇) ပတ္တာနုမောဒန-သူတစ်ပါးပြု မြတ်ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊
(၈) ဓမ္မဿဝန- ဘုရားစကား မြတ်တရားကိုကြားနာရခြင်း၊
(၉) ဓမ္မဒေသနာ- ဘုရားစကား မြတ်တရားကို ဟောကြားရခြင်း၊
(၁၀) ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအယူကို ဖြောင့်မှန်စွာယူရခြင်း။
ထိုတရား ၁၀-ပါး ကို "သုစရိုက် ဆယ်ပါး"ဟူ၍လည်းကောင်း၊
"ကုသလကမ္မပထတရားဆယ်ပါး"ဟူ၍လည်းကောင်း၊
"ပုညကိရိယာ ၀တ္ထုဆယ်ပါး"ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏။
"သူတော်ကောင်းတို့၏အလှူဒါနငါးမျိုး"
၁။ သဒ္ဓါဒါန
၂။ သက္ကစ္စဒါန
၃။ ကာလဒါန
၎။ အနုဂ္ဂဟိတဒါန
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။
(၁) သဒ္ဓါဒါန - ကံ ကံ၏အကျိုးကို ယုံကြည်၍
အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟုခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။ ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။ လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။
(၂) သက္ကစ္စဒါန - လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန်
သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား
ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။ သား၊ မယား၊ ကျေးကျွန်၊
အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။
တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။
[လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း
လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ်
ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌
မိမိသြဇာမညောင်းဖြစ်တတ်သည်။]
(၃) ကာလဒါန - လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့်
လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။ အချိန်ကာလနှင့်လျော်စွာ
အကျိုးတရား များစွာရနိုင်သည်။ လိုအပ်သောအချိန်၌
လိုအပ်သောပစ္စည်းကို ရတတ်သည်။
[အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည်
ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌
လိုအပ်သောပစ္စည်းကို မရတတ်။]
(၄) အနုဂ္ဂဟိတဒါန အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍
လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။ ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌
သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။
[အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည်
ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို
သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။
အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။]
(၅) အနုပဟစ္စဒါန မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း
မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။ မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။
[မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည်
စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏
နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။]
(ဆောင်ပုဒ် - သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊
ချီးမြှောက်ဘိလျက်၊မထိမပါး၊ ပေးလှူငြား၊ ငါးပါး သပ္ပုရိသ မြတ်ဒါန။)
"ရွှေအိုးမြှုပ်ရန်ဌာန"
မြတ်စွာဘုရား၏ ဓါတ်တော်မွေတော် စေတီတော်တို့၌လည်းကောင်း၊
သံဃာတော်တို့အထံ၌လည်းကောင်း၊
သူတော်ကောင်းပုဂ္ဂိုလ်၌လည်းကောင်း၊
ရပ်ဝေး ရပ်နီး ဧည့်သည်တို့၌လည်းကောင်း၊
ကျေးဇူးရှင်မိခင်၌လည်းကောင်း၊
ကျေးဇူးရှင်ဖခင်၌လည်းကောင်း ၊
အကိုကြီးတို့၌လည်းကောင်း၊
အမကြီးတို့၌လည်းကောင်း၊
ကောင်းမှုတည်းဟူသောရွှေအိုးကိုကောင်းစွာမြှုပ်ထားအပ်၏။
ကောင်းစွာမြှုပ်ထားအပ်သောထိုရွှေအိုးသည်
ရန်သူ၊ ခိုးသူတို့ မလုယူနိုင် မဖျက်စီးနိုင်သည် ဖြစ်၍
တမလွန်ဘဝသို့ အစဉ်လိုက်၏။ စည်းစိမ်ဥစ္စာတို့ကို
ပယ်စွန့်၍တမလွန်ဘဝသို့ ပြောင်းသွားရသည်ရှိသော်
ထိုကုသိုလ်ရွှေအိုးနောက်မှထပ်ချပ်မကွာလိုက်၏၊
ဤကုသိုလ်ရွှေအိုးသည် လူ့ချမ်းသာ ၊ နတ်ပြည်
စည်းစိမ်ကိုလည်းကောင်း၊ နိဗ္ဗာန်ချမ်းသာကိုလည်းကောင်း
အလုံးစုံ တောင့်တရာရာ ချမ်းသာအားလုံးကိုပင်
ထိုကုသိုလ်ရွှေအိုးကြောင့်ရနိုင်၏။ ထို့ကြောင့် ဤကုသိုလ်ရွှေအိုးကို
ဣစ္ဆာသယလိုတိုင်းရ ကုသိုလ်ရွှေအိုးဟု ခေါ်ဆိုအပ်၏။
" ကုသိုလ်ရွှေအိုးမြှုပ်နှံကြသူများ "
သာသနာတော်နှစ် ၂၅၄၁ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၅၉ ခုနှစ်
ခရစ်သက္ကရာဇ် 25-11-1997 ခုနှစ်တွင် သာမညသုံးမိုင်ပါတ်လည်
ဘေးမဲ့သာသနာ့နယ်မြေအတွင်းစေတီဘုရားတည်ထားကိုးကွယ်ရန်
ဘုရားဒါယကာဦးရာဂျုး+ဘုရားဒါယိကာမဒေါ်မြင့်မြင့်အေး မိသားစုတို့သည်
သာမညတောင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံယူလိုက်နာကျင့်သုံးလျက်
သာမညနယ်မြေ ကျားဂူကျောင်းအတွင်း၌ ဇိနမာရ်အောင်စေတီတော်ကို
စတင်၍ အုတ်မြစ်ချ တည်ထားခဲ့ပါသည်၊၊သာမညဆရာတော်ကြီးကိုယ်တော်
တိုင်အုတ်မြစ်ချပေးခဲ့ပြီး ဆရာတော်ကြီး၏နေ့စဉ်မပြတ်ကြည့်ရှု စောင့်ရှောက်မှု အဆုံးအမသြ၀ါဒကိုခံယူလျက်ဆက်လက်တည်ထားခဲ့ရာ သာသနာတော်နှစ်
၂၅၄၂ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၆၀ ခုနှစ် ခရစ်သက္ကရာဇ် 11-6-1998 ခုနှစ်
တွင် ဓါတ်တော် မွေတော် ရုပ်ပွားတော် ဓမ္မခန္ဓာစာပေနှင့်န၀ရတ်ကိုးပါး လက်ဝတ်
ရတနာများထည့်သွင်း၍ ဘုရားဋ္ဌာပနာပိတ်ပွဲ အခမ်းအနားကို ကျင်းပနိုင်ခဲ့ပါသည်။
သာသနာတော်နှစ် ၂၅၄၂ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၆၀ ခုနှစ် ခရစ်သက္ကရာဇ်
30-10-1998 ခုနှစ် သောကြာနေ့တွင် ဘုရားထီးတင်ပွဲအခမ်းအနားကိုဆရာတော်
ကကြီးမှုး၍ ဓူဝေလေးဘရသေ့၏ ပန်းရထားဖြင့် ရွှေထီးတော် စိန်ဖူးတော်တို့ကို
အောင်မြင်စွာတင်လှုပူဇော်နိုင်ခဲ့ပါသည်၊၊ရပ်ဝေးရပ်နီး အသီးသီးမှ
ရောက်ရှိလာကြကုန်သောဧည့်သည်များနှင့်ထီးတော်တင်ပွဲအခမ်းအနားသို့
ရောက်ရှိလာကြကုန်သော သာမညကျေးရွာသူ ကျေးရွာသားများအားလုံးတို့ကို
ဘုရားဒါယကာ ဦးရာဂျုး+ဘုရားဒါယိကာမဒေါ်မြင့်မြင့်အေး-သား-မောင်ဇော်မင်းနိုင်
မောင်မျိုးမင်းနိုင်-မောင်စန်းမင်းနိုင် မိသားတစ်စုတို့မှ မုန့်ဟင်းခါး - ဖျော်ရည်အစရှိသော
စားသောက်ဖွယ်ရာများဖြင့်စေတနာသဒ္ဓါတရားထက်သန်စွာကျွေးမွေးဧည့်ခံပြီး
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၏ယဉ်ကျေးမှုအကအလှများဖြင့်
စည်ကားသိုက်မြိုက်စွာဖြင့်ကျင်းပနိုင်ခဲ့ပါသည်၊၊သာမညဆရာတော်ဘုရားကြီးက
ထီးတော်တင်ပွဲအပြီး အနုမောဒနာတရားဟောကြားပြီး သုံးဆယ့်တစ်ဘုံ၌
ကျင်လည်နေကြကုန်သောဝေနေယျ သုခိတ ဒုက္ခိတ သတ္တ၀ါများကို ရေစက်သွန်းချ၍
အမျှမေတ္တာပေးဝေခဲ့ကြပါသည်၊၊ဆရာတော်ကြီးပြန်ကြွသွားပြီးထီးစင်ထားရှိရာသောကြာ
ထောင့်မှ ကုန်းလိပ်တစ်ကောင် ဘုရားရင်ပြင်ပေါ်သို့တတ်လာသည်ကို ထီးစင်သိမ်းနေသော
အလုပ်သမားများက ကျားဂူနှစ်ထပ်ကျောင်းပေါ်သို့လာပို့ရာများမကြာမှီသာမညဆရာတော်
ကြီးပြန်ကြွလာပြီး လိပ်တတ်လာတယ် ဆိုတာ လိပ်ဆိုတာလာဘ် လာဘ်ကောင်းလာလိမ့်မည်
ဟုသြ၀ါဒပေးပြီး လိပ်ကငှက်ပျောသီးစားတယ် ကျွေးကြဟုပြောသဖြင့်ငှက်ပျောသီးကျွေးရာ
စားသဖြင့်ကျွေးပြီး ဦးရာဂျုးမိသားစုက ပရုတ်ခဲဆီမီးထွန်း မေတ္တာပို့ပေးပြီး
သူတတ်လာသည့်သောကြာထောင့်မှာပင်ပြန်လွှတ်ပေးလိုက်ပါသည်။
ဆရာတော်ကြီးက မနက်ဖြန်ဘုရားအနေကဇာတင်ပြီးယင်ပြီးပြီ။
ဘုရားအနေကဇာတင်ရာမှာ လိုအပ်တာက ကြေးလင်ဘန်း အကြွေစေ့ကြေးပြားကိုးပြား
မြေဇာ အောင်သပြေ အုန်းညွန့် ကန့်ကော်ညွန့် ဆီးညွန့် ညောင်ရွက် တံခွန် ကုက္ကား
၉စုံနဲ့ပေါက်ပေါက်ဆုပ်တို့ ရှာထားကြမနက်ဘုရားအနေကဇာတင်
ပြီးယင်ဆွမ်းကပ်ဖို့ချက်ပြုတ် ပြင်ဆင်ထားကြဟုသြ၀ါဒပေးပြီးပြန်ကြွသွားပါသည်။
လုံ့လ ၀ီရိယကြီးမားတော်မူသောသာမညဆရာတော်ဘုရားကြီးသည်
သာသနာတော်နှစ်၂၅၄၂ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၆၀ ခုနှစ်
ခရစ်သက္ကရာဇ် 31-10-1998 ခုနှစ် တန်ဆောင်မုန်းလ္ဆန်း ( ၁၁ ) ရက်စနေနေ့
မနက်လေးနာရီအချိန်တွင်ဘုရားအနေကဇာတင်ရန်အတွက် မနက်သုံးနာရီ
အချိန်တွင်ကျားဂူကျောင်းသို့ကြွရောက်လာပါသည်။ပြင်ဆင်ထားမှုများကိုကြည့်ရှု
စစ်ဆေးပြီး မနက်လေးနာရီတိတိအချိန်တွင် သာမညဆရာတော်ကြီးမှုးသောသံဃာတော်
များကဇိနမာရ်အောင်စေတီတော်မြတ်ကြီးကိုအနေကဇာတင်တော်မူကြပါသည်။
အနေကဇာတင်ပြီးလျှင် ဘုရားရင်ပြင်တော်မှာပဲဆရာတော်ကြီးက ဘုရားဘွဲ့တော်ကို
ဇိနမာရ်အောင်စေတီတော်ဟု သတ်မှတ်ပေးခဲ့ပါသည်။ဘုရားဘွဲ့ဆိုတာ ဘုရားပြီးလို့
ဒီလိုအနေကဇာတင်ပြီးမှပေးရတယ်။ကြိုပေးထားလို့မကောင်းဘူးဟုမိန့်ကြားတော်မူပါသည်။
ကလေးဆိုတာမွေးပြီးတော့မှနာမည်ပေးရတယ် မမွေးခင် သားမှန်း သမီးမှန်းမသိသေးပဲ
နာမည်ကြိုပေးထားတော့မသင့်တော်သလိုပဲဟုဥပမာပေး၍ပြုံးရွှင်စွာမိန့်ကြားတော်မူပါသည်။
ဆရာတော်ကြီးကို အရုဏ်ဆွမ်းကပ်ပြီးလျှင်ဆရာတော်ကြီးကသြ၀ါဒအဖြစ်
ဘုရားဒါယကာဦးရာဂျုး+ဘုရားဒါယိကာမဒေါ်မြင့်မြင့်အေးမိသားစုတို့ကို
" စေတီဘုရားတည်ထားပြီးယင် ဗုဒ္ဓပူဇနိယဘုရားပွဲနှစ်စဉ်လုပ်ပေးရတယ်၊
နှစ်စဉ်ရောင်တော်ဖွင့်ပေးရတယ် ဘုရားတည်ပြီးသွားယင်ပြစ်မထားရဘူး။
တချို့ဘုရားတည်တာ တည်ပြီးရင်ပြီးရော ဆွမ်းတော်လည်းမကပ်ဘူး။
ရေချမ်းလည်းမကပ် ပြစ်ထားခဲ့တယ်။အဲဒါဆိုယင်အကျိုးမပေးဘူး။
ရေလိုလား မီးလိုလား ဆွမ်းလိုလား ပန်းလိုလားအမြဲကြည့်ရှုပေးရတယ်။
အမြဲစောင့်ရှောက်ထိမ်းသိမ်းပေးရတယ်။ကိုယ်ကြည်ရှုစောင့်ရှောက်လို့ဘုရား
ပြည့်စုံသလို ကိုယ်လဲပြည့်စုံပါတယ်။ကျောင်းမှာလဲဒီလိုပဲ ရေတွင်းရေကန်
ပြည့်စုံရဲ့လား ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးနဲ့ကြည့်ရှုစောင့်ရှောက်
ရတယ်။ပြည့်စုံအောင်ထောက်ပံ့လှုဒါန်းရတယ်။တူသောအကျိုးပေးတယ်နော်
ဒီဘုရားပွဲက နောက်ဆိုယင်ဒီလိုပဲ ပွဲကြီးကြီးပဲကျင်းပရလိမ့်မယ်
ပွဲသေးသေးမဟုတ်ဘူးဟုဆရာတော်ဘုရားကြီးကပြုံးရွှင်စွာမိန့်တော်မူပါသည်။
ဒီကျားဂူကျောင်းနေရာက အနေမှန်မှ ကောင်းကောင်းနေမှ
ဆရာရော ဒကာရောတည်မြဲမှာဟုမိန့်တော်မူပါသည်။
ကိုယ့်စေတီကိုယ့်ဘုရားတည်ထားအောင်မြင်တဲ့နေရာ ဒီနေရာ ဒီအရပ်ဟာ
ကိုယ့်အောင်မြေဟု ဆရာတော်ကြီးက ဘုရားဒါယကာ
ဦးရာဂျုး+ဘုရားဒါယိကာမဒေါ်မြင့်မြင့်အေးမိသားစုနှင့်ဧည့်ပရိတ်သတ်
အပေါင်းတို့ကိုမိန့်တော်မူပါသည်၊၊သာမညတောင်ဆရာတော်ဘုရားကြီး၏သြ၀ါဒကို
ဦးထိပ်ပန်ဆင်၍နှစ်ဖက်သောမိဘများကိုအမှုးထား၍ ဦးစံမွန်+ဒေါ်အေး သားဦးရာဂျုး
ဦးစောမောင်+ဒေါ်မြ သမီးဒေါ်မြင့်မြင့်အေး သားသမီးများဖြစ်ကြသော
မောင်ဇော်မင်းနိုင်+မယုယုဆွေ
မောင်မျိုးမင်းနိုင်+မဟေမာစိုး
မောင်စန်းမင်းနိုင်+မယဉ်မွန်ဦး နှင့်အဆွေအမျိုးမိသားစုအပေါင်းတို့သည်
သဒ္ဓါ သီလ စာဂ ပညာ လေးဖြာသောတရားညီညွတ်မျှတအောင်
ကြိုးစားအားထုတ်ကြကုန်သည်ဖြစ်၍ နှစ်စဉ်မပြတ် ဇိနမာရ်အောင်စေတီတော်၏
အညစ်အကြေးများကိုသန့်ရှင်း၍ ရောင်တော်ဖွင့်ခြင်း၊လျှပ်စစ်မီးများဖြင့်သွယ်တန်း၍
ပူဇော်ခြင်း၊နှစ်စဉ်တန်ဆောင်မုန်းလဆန်း ( ၉ ) ရက်နေ့တွင် သာမညတောင်ပေါ်
မြစောညီနောင်စေတီတော်မြတ်ကြီး၌ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ခြင်း၊
နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲအကြိုည တန်ဆောင်မုန်းလဆန်း ( ၁၀ ) ရက်နေ့တွင်
ဇိနမာရ်အောင်စေတီတော်မြတ်ကြီးတွင်ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ခြင်း၊
သာမည ရွာတန်းရှည်ရပ်ကွက် ရွှေညောင်ပင်ရပ်ကွက်အစရှိသောသာမည
ရပ်သူရပ်သား ရွာသူရွာသားများက ညနေခင်းအချိန်တွင်သီတင်းကျွတ် မီးပုံး
မီးအိမ်များ အတီးအမှုတ်အကအခုန်များဖြင့် ဘုရားရွှေကြာသင်္ကန်းလှည့်လည်၍
ဇိနမာရ်အောင်စေတီတော်မြတ်ကြီးကိုရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ခြင်း။
ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲသို့ရောက်ရှိလာကြသော သာမည
ရပ်သူရပ်သား ရွာသူရွာသားများအား ထမင်း ဖျော်ရည် များဖြင့်
ကြွေးမွေးဧည့်ခံခြင်း။တိုင်းရင်းသားယဉ်ကျေးမှုအကအလှအဖွဲ့များဖြင့်ဖျော်ဖြေခြင်း၊
ယဉ်ကျေးမှုအကအဖွဲ့များကိုဆုချီးမြှင့်ခြင်းများကိုနှစ်စဉ်မပျက်ပြုလုပ်ခဲ့ပါသည်။
တန်ဆောင်မုန်းလဆန်း ( ၁၁ ) ရက်နေ့ နံနက် ၅နာရီ အချိန်တွင် ဗုဒ္ဓပူဇနိယ
ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်၍ ရပ်ဝေးရပ်နီးအသီးသီးမှ
ဆရာတော်သံဃာတော်များကိုပင့်ဖိတ်၍ ဆွမ်းအစရှိသောလှုဖွယ်ဝတ္ထုအစုစုတို့ဖြင့်
ဆက်ကပ်လှုဒါန်းခြင်း၊အနုမောဒနာတရားနာယူခြင်း သုံးဆယ့်တစ်ဘုံ၌ ကျင်လည်နေကြကုန်သော
ဝေနေယျ သုခိတ ဒုက္ခိတ သတ္တ၀ါများကို ရေစက်သွန်းချ၍ အမျှမေတ္တာပေးဝေခြင်း၊၊
ရပ်နီးရပ်ဝေးအသီးသီးမှရောက်ရှိလာကြကုန်သော ဧည့်ပရိတ်သတ်အပေါင်းတို့ကို
ထမင်း မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ စသည်အားဖြင့် ကျွေးမွေးဧည့်ခံခြင်းတို့ကို
နှစ်စဉ်မပြတ်သာမညတောင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကို ဦးထိပ်ပန်ဆင်၍
ကျင်းပပြုလုပ်ခဲ့ကြပါသည်။သာသနာတော်နှစ် ၂၅၄၉ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၆၈ ခုနှစ်
ခရစ်သက္ကရာဇ် 2006 ခုနှစ်တွင် မြင့်အေးအောင်အာရုံခံတန်ဆောင်းကိုအုတ်မြစ်ချ
အသစ်စတင်တည်ဆောက်၍ သာသနာတော်နှစ် ၂၅၅၀ ခုနှစ် ကောဇာသက္ကရာဇ်
၁၃၆၈ ခုနှစ် ခရစ်သက္ကရာဇ် 31-10-2006 ခုနှစ် တန်ဆောင်မုန်းလဆန်း ( ၁၁ )ရက်
ဗုဒ္ဓပူဇနိယဘုရားပွဲတွင် ရေစက်သွန်းချလှုဒါန်းနိုင်ခဲ့ပါသည်။ယခု သာသနာတော်နှစ်
၂၅၅၉ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၇၇ ခုနှစ် ခရစ်သက္ကရာဇ် 2015 ခုနှစ်တွင်လည်း
မြင့်အေးအောင်ဓမ္မရိပ်သာ ကျောင်းဆောင်သစ်ကြီးဆောက်လုပ်ခြင်း မြင့်အေးအောင်
အာရုံခံတန်ဆောင်းကိုချဲ့ထွင်၍ပြန်လည်မွန်းမံခြင်း။ကြွေပြားများခင်းခြင်းစသည့်
ကုသိုလ်ကောင်းမှုများနှင့်သာမည ရွှေညောင်ပင်ကျောင်းတွင် နှစ်ထပ်ဓမ္မာရုံတလုံးကို
လည်းဆောက်လုပ်လှုဒါန်းလျက်ရှိပါသည်။ထို့အပြင်
ဘုရားဒါယကာဦးရာဂျုး+ဘုရားဒါယိကာမဒေါ်မြင့်မြင့်အေး မိသားစုတို့သည်
စိတ်စေတနာဖြူစင်စွာဖြင့် နှစ်စဉ်နှစ်တိုင်း ကျားဂူကျောင်းအစရှိသောကျောင်း
ပေါင်းများစွာတို့၌ ၀ါဆိုသင်္ကန်း ကထိန်သင်္ကန်းများကို ကာလဒါနအားဖြင့်အမြဲမပြတ်
ပေးလှုလျက်ရှိပါသည်။မိမိတို့၏ရင်နှစ်သည်းခြာ သားရတနာများကိုလည်း ရှင်ပြုပေးခြင်း
ရဟန်းခံပေးခြင်းကုသိုလ်တော်များနှင့်ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်
မြတ်သန္ဒာမဟာစည်ရိပ်သာတွင်နှစ်ထပ်တိုက်ကျောင်းတစ်ကျောင်းကိုလည်းဆောက်
လုပ်လှုဒါန်းခဲ့ကြပါသည်။ဤသို့လျှင် ဗုဒ္ဓမြတ်စွာအလိုကျအတိုင်း ကုသိုလ်ရွှေအိုးများကို
လည်းမြှုပ်နှံခဲ့ကြပါသည်၊၊ကျေးဇူးတော်ရှင်သာမညဆရာတော်ဘုရားကြီးက
သိဒ္ဓိဆိုတာ ပြီးစီးပြည့်စုံတာကို ခေါ်တယ်။ ပြီးစီးအောင်၊ ပြည့်စုံအောင်ဆိုတာ
လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရတယ်။ ဆရာတော် တောင်ပေါ်မှာ
အခုပြည့်စုံနေတာဟာလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်လို့ပဲ။
လာလာသမျှ ပရိတ်သတ်တွေကို တစ်နေ့တစ်နေ့ ဆန်ဆယ့်ရှစ်အိတ်ချက်လောက်
နေ့စဉ်ကျွေးထားနိုင်တယ်ဆိုတာလည်း ကျွေးနေလို့ကျွေးနိုင်တာ။
မကျွေးရင်ကျွေးစရာကလည်း ဘယ်ကမှရောက်မလာဘူး။
လှူနိုင်တယ်ဆိုတာ လှူနေလို့ပဲ။ ဒါန သီလ ဘာဝနာမပါဘဲ အလိုလိုမပြီးနိုင်ဘူးဟု
အမြဲမိန့်ကြားဆုံးမတော်မူခဲ့ပါသည်။
"နာထတရား (၁၀)ပါး"
သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ
ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ။
ရဟန်းတို့ မှီခိုအားထားရာ နာထတရား ထင်ရှားရှိကုန်လျက်နေထိုင်ကြပါ။
မှီခိုအားထားရာ နာထတရား ထင်ရှားမရှိဘဲ မနေထိုင်ကြပါကုန်လင့်။
ရဟန်းတို့ မှီခိုအားထားရာ နာထတရား ထင်ရှားမရှိသောပုဂ္ဂိုလ်သည်
ဆင်းဆင်းရဲရဲ နေထိုင်ရ၏။မှီခိုအားထားရာ နာထတရား ထင်ရှား မရှိဘဲ
နေထိုင်သူ (အနာထပုဂ္ဂိုလ်)သည် ဆင်းဆင်းရဲရဲ နေထိုင်ရရုံတွင်သာမက
ဆင်းဆင်းရဲရဲ လည်းသေကျေပျက်စီးရတတ်၏။ လောက၌ ရှိကြသူအပေါင်း
တို့သည် တစ်ဦးအပေါ် တစ်ဦးအမှီပြု၍ အသက်မွေးဝမ်းကျောင်းကြရသည်။
အမှီမရှိသောသူသည် ကြီးပွားတိုးတတ်ရန်မဖြစ်နိုင်ပေ။
အနည်းဆုံးအားဖြင့် သားသမီးတို့သည် မိဘကိုမှီကြရသည်။
မှီစရာမိဘမရှိသော် မိမိကိုယ်ကို မှီကြရသည်။ မိမိသည်သာလျင်
မိမိ၏အကောင်းဆုံးသော မှီရာဖြစ်သော်လည်း မှီပုံမှီနည်း မှန်ကန်မှုရှိရပါမည်။
မြတ်စွာဘုရားရှင်သည် မှီခိုအားထားရာ အစစ်အမှန် တို့ကို
ထုတ်ယူပြသဟောကြားထားတော်မူပါသည်။ ထိုတရား( ၁၀ ) ပါးတို့မှာ
၁။ သီလရှိခြင်း ပထမနာထဖြစ်သော သီလသည် မိမိ၏မှီခိုရာအစစ်ဖြစ်၏။
သီလရှိသောသူ၏စိတ်၌ဖြစ်ပေါ်သောတောင့်တချက်ဟူသမျှသည်
မချွတ်ဧကန် ပြည့်စုံလိမ့်မည်ဟု ဟောတော်မူသည့်အတိုင်း နောက်အနာဂတ်
သံသရာခရီးတလျှောက်တွင် အမှီပြုနိုင်သော အမှီကောင်းတစ်ခုဖြစ်၏။
၂။ ဗဟုသုတရှိခြင်း အကြား+အမြင် (ဗဟုသုတ )များပြားခြင်းဆိုသည်မှာ
ကောင်းခြင်းသုံးဖြာနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားတရားတော်တို့ကို
ရှေးဦးစွာဆရာထံမှ စနစ်တကျသင်ယူခြင်းသည် အကြားနှင့်ပြည့်စုံခြင်းမည်၏။
ထို့နောက် ကိုယ်တိုင်မျက်မှောက်သိအောင် မြင်အောင် အားထုတ်ခြင်းသည်
အမြင်နှင့်ပြည့်စုံခြင်းမည်၏။အောက်ထပ်ဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့်
ပစ္စယပရိဂ္ဂဟဉာဏ်နှစ်မျိုးကို သင်သိ ကျင့်သိအနေဖြင့် ထွင်းဖောက်သိရှိပါက
မိမိသည် ကျိန်းသေအပါယ်လေးပါးသို့မကျရောက်ရသော စူဠသောတပန်အဖြစ်သို့
ရောက်မည်ဖြစ်သည်။ ဤသည်မှာ ဒုတိယအမှီကောင်းဖြစ်၏။
၃။ ကလျာဏမိတ္တရှိခြင်း မိတ်ဆွေကောင်းကိုရရှိခြင်းသည် အမှီကောင်း စင်စစ်ဖြစ်၏။
မြတ်စွာဘုရားတည်းဟူသော ကလျာဏမိတ္တကို ရရှိကြသဖြင့် သံသရာဝဋ်ဆင်းရဲမှ
လွတ်မြောက်သွားကြကုန်သောသူတို့သည် မရေမတွက်နိုင်အောင် ရှိကြပြီ ဖြစ်သည်။
မိမိသည်လည်း မိမိနှင့် လျော်ကန်သင့်မြတ်သော မိတ်ဆွေကောင်းကို ရရှိခြင်းသည်
သံသရာခရီးအဆုံးသတ်ဖို့ရန်အတွက် အမှီကောင်းဖြစ်ပေသည်။
၎။ ဆုံးမလွယ်ခြင်း ဆုံးမလွယ်သောသူသည် အများတကာချစ်ခင်
ကြသဖြင့် မိမိ၏ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်အောင်
ကူညီ အကျိုးဆောင်မည့်သူများနှင့်တွေ့ဆုံရန်အခွင့်အရေးများစွာ
ရှိသည့်အတွက် ဆုံးမလွယ်ခြင်းသည်မိမိ၏ အမှီကောင်းတစ်ခုဖြစ်၏။
၅။ကူညီရိုင်းပင်းမှုရှိခြင်း တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းမှုသည် လိုအပ်လှပါသည်။
သီလကျင့်စဉ်ကို အပြန်အလှန်ကူညီဖြည့်ကျင့်ခြင်း၊သမာဓိကျင့်စဉ်ဖြစ်ပေါ်စေရန်
ကူညီခြင်း၊ ပညာကျင့်စဉ် ဖြစ်ပေါ်လာစေရန် သင်ကြားပြသခြင်း ယင်းဓမ္မဒါန
ကုသိုလ်တို့သည် ကောင်းကျိုးတရားကိုသာ ဖြစ်ပေါ်စေနိုင်သောကြောင့်
မိမိ၏ မှီခိုအားထားရာ တရားတစ်ခုပင်ဖြစ်သည်။
၆။ တရားကိုမြတ်နိုးခြင်း သုတ္တန်တရားတော် ၊ အဘိဓမ္မာတရားတော်၊ ဝိနည်းတရားတော်တို့
အပေါ်၌ ရိုသေလေးစားစွာသင်ယူပို့ချကျင့်ကြံခြင်းသည် ကောင်းကျိုးကိုသာဖြစ်ပေါ်စေ
တတ်သော သဘောကြောင့် မှီခိုအားထားရာ တရားတစ်ပါးပင် ဖြစ်သည်။
၇။လုံ့လဝီရိယရှိခြင်း ၀ီရိယရှိသောသူအား အဘယ်မည်သော အမှုလုပ်ငန်း
ကိစ္စအ၀၀သည် မပြီးစီးဘဲရှိနိုင်ပါအံ့နည်း။ ပြီးစီးပြည့်စုံနိုင်သည်သာဖြစ်၏။
ဟုဟောတော်မူသည့်အတိုင်း မိမိအားထုတ်နေသော တရားတို့အပေါ်၌
လုံ့လဝီရိယရှိမှသာ ပြည့်စုံနိုင်မည်ဖြစ်သည်။ ကြိုးစားက ဘုရားပင်ဖြစ်နိုင်
ဆိုသည်စကားအတိုင်း ထကြွသောလုံ့လဝီရိယရှိခြင်းသည် မိမိ၏မှီခိုရာအစစ်ပင်ဖြစ်၏။
၈။ရောင့်ရဲလွယ်ခြင်း ရဟန်းတို့ဤလောကုတ္တရာတရားကိုးပါးသည် အလိုနည်းပါးသော၊
လိုချင်မှု ဣစ္ဆာ(တဏှာ)မရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။
ဟုဗုဒ္ဓမြတ်စွာဟောတော်မူသဖြင့် မိမိသည်အလိုနည်းသောသူ မိမိရရှိသမျှနှင့်
ရောင့်ရဲလွယ်ကာ မိမိအားထုတ်သင့်သည်များကို အားထုတ်နိုင်ခြင်းသည်
မှီခိုရာအစစ်တစ်ခုဖြစ်ပေ၏။
၉။သတိရှိခြင်း။ ။ သတိသည်ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသည့် အာရုံလေးမျိုးဟူသော
သတိပဋ္ဌာန်တရားတို့ကို ပွားများအားထုတ်ရာ၌ သတိကား အရေးကြီးဆုံးသောကဏ္ဍမှ
ပါဝင်လျက်ရှိ၏။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ ဟူသော အာရုံတို့ကို အမြဲအမှတ်ရနေမှုနှင့်
ပြည့်စုံနေသောသူသည် မိမိ၏ မှီခိုရာ အစစ်ကိုရရှိသောသူပင်ဖြစ်သည်။
၁၀။ဝိပဿနာပညာ မဂ်ပညာရှိခြင်း ဝိပဿနာပညာ မဂ်ပညာတို့ဖြင့်
ပြည့်စုံသောသူဖြစ်ပါကအကောင်းဆုံးသော မှီခိုအားထားရာကို
ရရှိနေသောသူပင် ဖြစ်၏ဟူသော ဗုဒ္ဓမြတ်စွာ၏အားထားရာနာထတရားဆယ်ပါး
တရားဒေသနာတော်နှင့်လျော်ညီစွာ မိမိတို့မှာ ရှေးကုသိုလ်ကံထောက်မ၍လူ့အဖြစ်
ကိုရရှိကြပြီးလျှင်ဘုရားသာသနာပွင့်လင်းရာအခါဖြစ်သည့် "ဗုဒ္ဓုပ္ပါဒန၀မခဏ"အခွင့်ကောင်း
နှင့်လည်းကြုံတောင့်ကြုံခဲ ကြုံတွေ့ကြရလေပြီ။သစ်တပင်ကောင်း ငှက်တသောင်းခို
ဆိုသကဲ့သို့ သာသနာတော်မြတ်ကြီး၏အရိပ်သည်ကား ထိုသစ်ရိပ်ဝါးရိပ်တို့ထက်
အဆများစွာ မနှိုင်းသာအောင် သာယာအေးမြလှပေ၏။သတ္တ၀ါအများ၏ ခိုကိုးရာ
အေးရိပ်သာကြီး ဖြစ်သည့်အတိုင်း ထိုသာသနာ့အရိပ်ကြီး ပွားစီးအောင် တိုးပွားအောင်
ကိုယ်အား အကြံဉာဏ်အားတို့ဖြင့် အားပေးဆောင်ရွက်ကြ၍ မိမိ သူတပါးနှစ်ဦးသား၏
အစီးအပွားကိုကျင့်သည့် ဥဘယဟိတပဋိပ္ပန္န ပုဂ္ဂိုလ်များဖြစ်ကြပါကုန်လော့
ဟူ၍ တိုက်တွန်းနှိုးဆော် ဥယျောဇဉ်စကားပြောကြားအပ်ပါသည်
ကလျာဏနွယ်ဝင်သူတော်စင်အပေါင်းတို့။
( ဦးဝိစိတ္တသာရာဘိဝံသ) မင်းကွန်းဆရာတော်
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းပါစေ
သူတော်ကောင်းဓါတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်ပါစေ
သတ္တဝါဟူသရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိကြပါစေ
ကျွန်တော် ကျွန်မတို့၏ ယနေ့ယခု ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို
ဘဝအဆက်ဆက် သံသရာအဆက်ဆက်မှာ သဟပုညကာရီ ကုသိုလ်ပြုဖက်
ပါရမီဖြည့်ဖက်အဖြစ် တော်စပ်ခဲ့ဖူးကြသော ပုဂ္ဂိုလ်သတ္တဝါအားလုံးတို့အား
အမျှကုသိုလ်ပေးဝေပါ၏ အမျှရကြသည်ဖြစ်၍
ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေသောဝ်။
"နောက်ဆက်တွဲ"
" ကျေးဇူးတော်ရှင်သာမညတောင်ဆရာတော်ဘုရားကြီးအမြဲရွတ်ဖတ်
ပူဇော်တော်မူသော အောင်ခြင်းရှစ်ပါးဂါထာတော် ပါဠိ နိဿယ"
မာရံ ယက္ခံ ဂဇံ စောရံ စိဉ္စမာဏဉ္စ သစ္စကံ
နာဂံ ဗကံ ဇိနောဇိနိ ဟောတု မေ ဇယမင်္ဂလံ။
ဇိနော အောင်သူတကာတို့၏ အထွတ် တမွတ်ဥသျှောင်
အခေါင်ဘုန်းမြတ် မြတ်ဘုရားသည် မာရဉ္စ ဂိရိမေခလာ
ဆင်ရတနာကို လျင်စွာတက်စီး ပလ္လင်နီးဝယ် လေကြီးမိုးကြီး
ပြာပူမီးနှင့် မှောင်ကြီးတစ်တန် ဓားလှံမကြွင်း ပစ်ခတ်ခွင်းလျက်
အချင်းသိဒ္ဓတ် ပလ္လင်မြတ်မှ အမြန်ထလော့ စိမ်းမြညိုလွင်
ဗောဓိပင်နှင့် ပလ္လင်တော်ကား ထင်အရှားပင် သင်ကားမဆိုင်
ငါသာပိုင်ဟု စွဲကိုင်လက်နက် ရဲစစ်မက်ဖြင့် အောက်ထက်ဝန်းရံ
သောသောညံအောင် အသံဟစ်ကြွေး မယဉ်ကျေးသည့်
ရန်ဘေးတစ်သင်း မာရ်နတ်မင်းကိုလည်းကောင်း။
ယက္ခဉ္စ ဓားမိုး လှံမိုး မီးကြီးမိုးကို ရွာဖြိုးသွန်းချ ယမ်းမီးကျသို့
ဒေါသပြင်းထန် ငါ့ဗိမာန်မှ အမြန်ထွက်သွား နှင်ရက်အားသည့်
တရားကင်းကွာ အာဠာဝက တေဇထန်ပြင်း ဘီလူးမင်းကိုလည်းကောင်း
ဂဇဉ္စ အစွယ်ထက်ချွန် အရက်မွှန်လျက် အလွန်ဆိုးညစ်
အမုန်ယစ်၍ ရှင်ချစ်သေဋ္ဌ်နင်း သုံးလူမင်းကို အတင်းအကြပ်
ဝိညာဏ်ပြတ်အောင် ထိုးသတ်အံ့ငှာ ရှေးရှုလာသည့် နာဠာဂီရိ
တောင်ရှိနီးနီး ဆင်ပြောင်ကြီးကိုလည်းကောင်း။
စောရဉ္စ တဟုန်တည်းဖြင့် ခရီးဝေးကွာ သုံးယူဇနာကို
လျင်စွာပြေးစွမ်း တောမြိုင်တန်းက လူဖမ်းလက်ဖြတ်
သေအောင်သတ်၍ နန်းရပ်ကကျော် မွေးမယ်တော်ကို
မြင်သော်စိုက်စိုက် ဓားဖြင့်လိုက်၍ မကိုဋ်ထွတ်တင် သုံးလူ့ရှင်ကို
အသင်ရှောင်ဝေး ဘယ့်ကြောင့်ပြေးဟု ဓားရေးပြကာ သတ်မည်လာသည့်
လွန်စွာဆိုးဘိ အင်္ဂုလိခေါ်သူခိုးကျော်ကိုလည်းကောင်း
စိဉ္စမာဏဉ္စ အလွန်ကောက်ကျစ် ဒိဌိညစ်တို့ အပြစ်ရှာကြံ
မကောင်းဉာဏ်ဖြင့် စီမံဆုံးဖြတ် စေလွှတ်လတ်၍ ပရိတ်သတ်ထဲ
အရှက်ကွဲအောင် စွပ်စွဲတတ်စွာ စိဉ္စမာဟု သညာခေါ်ထုတ်
မိန်းမယုတ်ကိုလည်းကောင်း။
သစ္စကဉ္စ မစင်မဖြူ ဒိဌိယူဖြင့် မည်သူ့ကိုမျှ မာန်မချဘဲ
ဝါဒချင်းပြိုင် သူကနိုင်အောင် အနိုင်လွှမ်းမိုး အယူဆိုးသည့်
တတ္ထိမျိုးမိုက် သစ္စကပရိဗိုဇ်ကို လည်းကောင်း
နာဂဉ္စ ဒေါသလွှမ်းမိုး မျက်စောင်းထိုးက အရိုးကြေမွ မွဲပြာကျအောင်
တေဇထန်ပြင်း နန္ဒောပနန္ဒ နဂါးမင်းကိုလည်းကောင်း
ဗကဉ္စ ဉာဏ်မြင်ကင်းကွာ အတ္တသာဟု မိစ္ဆာလွှမ်းမိုး
အယူဆိုးသည့်တန်ခိုးအရောင် ထိန်ပြောင်ညီးညီး
ဗကအမည်ရှိတဲ့ဗြဟ္မာကြီးကိုလည်းကောင်း
အဇိနိ ဒိဌိကိုချ ဒေါသကိုပယ် မာန်စွယ်ကိုချိုး သဒ္ဓါဖြိုးလျက်
ရှိခိုးတုပ်ကွ ပြားပြားကျအောင် ဆုံးမသွန်သင် အောင်ပွဲဝင်တော်မူလေပြီ။
ဧတေန သစ္စဝဇ္ဇေန ထိုသို့ဘုရားရှင်၏ များမြင်ဘုန်းဟုန်
ကျေးဇူးဂုဏ်ကို ကြည်ယုံမယွင်း နှလုံးသွင်းလျက်
အောင်ခြင်းရှစ်ချက် ဂုဏ်တော်နက်ကို နှုတ်မြွက်ဖော်ကြား
ဤသစ္စာစကားကြောင့် မေ တပည့်တော်အား ဇယမင်္ဂလံ
နှစ်ဖြာတွင်းပြင် ဘေးရန်စင်လျက် လိုအင်ဆန္ဒ ဟူသမျှသည်
ပြည့်ဝစုံစွာ စန်းသော်တာသို့ အောင်ရာအောင်မှု အောင်ကြောင်း
ပြုသည့် အောင်ဆုရတနာ အောင်မြင်ခြင်းအဖြာဖြာသည်
ဟောတု စင်စစ်မသွေဖြစ်ကြီးဖြစ်ပါစေသတည်း။
"ကျေးဇူးတော်ရှင်သာမညတောင်ဆရာတော်ဘုရားကြီးအမြဲရွတ်ဖတ်
ပူဇော်တော်မူသော ဝီထိမုတ်ပိုင်းဂါထာတော် ပါဠိ နိဿယ"
ပဋိသင်္ခါယ ပနေတ မဒ္ဓုဝံ
အဓိဂန္တွာ ပဒမစ္စုတံ ဗုဓာ
သုသမုစ္ဆိန္န သိနေဟ ဗန္ဓနာ
သမမေဿန္တိ စိရာယ သုဗ္ဗတာ
ပန သံသရာလမ်းကိုဖြတ်ကျော်ပြီး အမြတ်ဆိုတဲ့ နိဗ္ဗာန်ကို
ဝင်စံပုံ အထူး ကြည်နူးဝမ်းသာစရာ ဟောလိုက် ပြောလိုက်
ပြလိုက်ပါ ဦးတော့လား စိရာယ ကြာမြင့်စွာသောကာလပါတ်လုံး
သုဗ္ဗတာ ဝိသုဒ္ဓိခေတ်စခန်းမှာ သစ်ဆန်းကြည်လင် လွင်လွင်ရွရွ
စင်ကြယ်သော အကျင့်သီလ ရှိကြကုန်သော ဗုဓာ ဇာတိ ဘာဝနာ
ပါရိယာဟု ပညာသုံးဆင့် သမ္ဘာရင့်၍ ပွင့်ကြီးပွင့်ကြကုန်သော
ပညာရှိတို့သည် အဓုဝံ မျက်တောင်တခတ် တလျှပ်လျှပ်တွင်
ပျက်ကိန်းမက အသိန်းကုဋေ တွက်ရေဆင့်ကဲ အလွန်မမြဲသော
သဘောရှိသော ဧတံ ဤရုပ်ဓါတ် နာမ်ဓါတ် ပရမတ်သား
ဓါတ်တရားတို့ တဖွားဖွား တရွရွ နိစ္စပျက်စီးခြင်း သဘောကို
ပဋိသင်္ခါယ ဝိပဿနာ ရှိန်ဝါလက်လက် ဉာဏ်ရောင်စက်ဖြင့်
အချက်သိမှု ပညာဖြင့်ရှု၍ အစ္စုတံ ဇာတိဆိုတဲ့ သဘောကင်းသဖြင့်
စုတိခြင်းကိုလွန်ထသော ပဒံ ခန္ဓာလက်စ ဘဝတင်းလင်း ငြိမ်းချမ်း
ခြင်းတည်းဟူသော သ ဥပါဒိသေသနိဗ္ဗာန်ကို အဓိဂန္တွာ ဝဇီရာစိန်
အရှိန်လက်လက် အလွန်ထက်သည့် စက်၏သဖွယ် တစ်ချက်ရွယ်က
ပျက်ဖွယ်ကိစ္စ ဟူသမျှကို မြူမျှမကျန် ပယ်လှန်ချိုးသတ် မဂ်ဉာဏ်
မြတ်ဖြင့် အတတ်မြင်မှု မျက်မှောက်ပြု၍ သုသမုစ္ဆိန္နသိနေဟဗန္ဓနာ
ပိုင်းပိုင်းတိတိ မငြိမစပ် ဖြတ်အပ်ပြီးသော ချစ်ခြင်းနှောင်ဖွဲ့ခြင်း
ရှိကြကုန်သည်သာဖြစ်၍ သမံ ဘဝမီးတောက် ကမ္ဘာမီးတောက်
ငြိမ်းပျောက်ပြတ်သုဉ်း ဇာတ်ဆုံးရာအမှန် ပြည်နိဗ္ဗာန်သို့ ဧဿန္တိ
ပဋိစ္စစက်ကြီးကို ဖျက်စီးကာကျော်မြောက်၍ သြော် လှလှကြီး
ရောက်ကြလေကုန်တော့သတည်း။
"ကျေးဇူးတော်ရှင်သာမညတောင်ဆရာတော်ကြီး၏ရေစက်ချ"
ဣဒံမေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု
ဣဒံမေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု
မမ ပုညဘာဂံ သဗ္ဗေသတ္တာ သမ္မာလဘန္တု
ဘန္တေ အရှင်ဘုရား မယံ အကျွန်ုပ်တစ်စုတို့သည် ဣဒံပုညံ
ဤယနေ့ယခု လှုဒါန်းရသော ဒါနကုသိုလ် ဆောက်တည်ရသော
သီလကုသိုလ် ပွားများအပ်သော ဘာဝနာကုသိုလ် အဟုန်တို့ကြောင့်
အာသဝက္ခယံ အာသဝေါတရားလေးပါးတို့၏ ကုန်ရာကုန်ကြောင်း
ဖြစ်သော နိဗ္ဗာန်မဂ်ဖိုလ်ကို ဝဟံ ရွက်ဆောင်နိုင်သည် ဟောတု ဖြစ်
ပါစေသတည်း။မမ အကျွန်ုပ်တစ်စုတို့၏ ပုညဘာဂံ ကုသိုလ်ကောင်းမှု
၏အဖို့ဘာဂကို သဗ္ဗေသတ္တာ မိခင်ဖခင် ကျေးဇူးရှင်နှင့် ဆရာသခင်
ကျေးဇူးရှင်အား အစထား၍ များပြားတောတောင် မြိုင်ချောင်သစ်ပင်
မြေတွင်စောင့်ကြပ် နတ်အပေါင်းတို့နှင့်တကွ သမ္မာ ထပ်တူထပ်မျှ
ပုညဘာဂံ ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို လဘန္တု အမျှရ၍
ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေကုန်သတည်း။ လဘန္တု အမျှရ၍
ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေကုန်သတည်း။အယံ ဝသုန္ဓရေ
ဤနှစ်သိန်းလေးသောင်းအထုရှိသော မဟာပထဝီမြေကြီးသည်
သိက္ခိဋ္ဌာနေ သက်သေအရာ၌ ဋ္ဌာတု တိဋ္ဌတု တည်ပါစေသတည်း။
အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ်
သာဓု သာဓု သာဓု
အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ်
သာဓု သာဓု သာဓု
အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ်
သာဓု သာဓု သာဓု
နောက်ကျောဖုံးအတွက်ကျောင်းလှုရကျိုးလင်္ကာ
"ကျောင်းလှူအကျိုး ( ၇ ) ပါးတရားလင်္ကာ"
သုံးတန်စေတနာ ညီညွတ်စွာဖြင့်
သာသနိက ၀ိဟာရကျောင်း
တန်ဆောင်းအလှူ ဆောက်လှူသူတို့
ကြီးထူကဲဝှန် ကျိုးရဟန်ကို
ကျမ်းဂန်ထောက်ချင့် နိဒါန်းဖွင့်သော်
၁-နတ်နှင့်လူနယ်၊သန္ဓေတွယ်၍၊
၂-စိတ်ဝယ်တောင့်တ၊ ဆောက်အုံရ၏၊
၃-မထကြက်သီးကိုယ်လည်းမလှုပ်၊
ကြောက်ရုပ်မထင်၊ ထိပ်လန့် စင်၏၊
၎-ခြင်္သေ့-သစ်-ကျား၊ သားရဲများနှင့်
ဖမ်းစားကလူ၊ နှိပ်စက်မူသား
တောသူ-ဘုတ်-ပြိတ်၊ အဆိပ်ထန်ပြင်း မြွေနှင့်-ကင်းကအဆင်းဖောက်ပြန်၊
ကုမ္ဘဏ်-ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း
ဘေးလွတ်ရှောင်း၏၊
၅-မကောင်းအိပ်မက်၊ မမြင်မက်ဘူး၊
၆-ထင်လျက်သတိ၊ ခိုင်မြဲဘိ၍၊ ၀ိပရိဏံ၊
ဖောက်ပြန်စိတ်ရင်း၊ ရူးသွပ်ခြင်းမှ၊
ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊
၇-နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်၊
ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊
ထိုထိုကျေးဇူး၊လွန်ပြန့် ပြူးသည်၊
ဆောက်ဦးလှူကျိုး ခုနှစ်တည်း။
(မင်းကွန်းဆရာတော်)
No comments:
Post a Comment