02 October, 2015

ဓမ္မဒူတ အရှင်ပညိဿရ တရားသိမ်းဂါထာတော်


ဗောဓိယာပစ္စယောဟောတု ဣဒံနော ပုညမင်္ဂလံ
  ပုညဘာဂံ သုလဘန္တု ပမောဒန္တု သဒေဝကာ

နော မြင့်မြတ်သာကြည် ပါရမီရင့်ကျုး
ဇာနည်ထူး သူတော်စင် ကုသိုလ်ရှင် အကျွန်ုပ်တို့၏
ဣဒံ ပုညမင်္ဂလံ ဗုဒ္ဓဟောကြား တရားဒေသနာ
မြတ်သြဝါကို နာခံမှတ်သား ပြန်ဟောကြား၍
ပွားများကျင့်ကြံ ဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့်
ဤကုသိုလ်မင်္ဂလာသည် ဗောဓိယာ သစ္စာလေးအင်
ခိုင်သဇင်ကို ပြိုင်ယှဉ်ဆွတ်ခူး ထွတ်ဖူးရင့်သန်
ဗောဓိဉာဏ်၏ ပစ္စယော ဥပနိဿယအမှီရ၍
မုချရောက်ကြောင်း ကောင်းမြတ်သော
အထောက်အပံ့သည် ဟောတု စင်စစ်မသွေ
ဖြစ်ပါစေသတည်း။ဣဒံ ပုညဘာဂဉ္စ ဗုဒ္ဓဟောကြား
တရားဒေသနာ မြတ်သြဝါကို နာခံမှတ်သား
ပြန်ဟောကြား၍ ပွားများကျင့်ကြံ ဖန်ဖန်ကြိုးကုတ်
အားထုတ်ရသည့် ဤကုသိုလ်မင်္ဂလာ၏ အဖို့ဘာဂ
ကိုလည်း သဒေဝကာ ကမ္ဘာမှာ နေသမျှ ဝေနေယျများစွာ
သတ္တဝါအနန္တ  မှန်သမျှတို့သည် သုလဘန္တု 
ရွှင်လန်းကြည်မြေ့ ဝါဂွမ်းပုံ ဆီတွေ့သကဲ့သို့
ပီတိငွေ့ စိတ်မှာထုံလျက် ဣဋ္ဌာရုံ အတွေ့ထူးလို့မို့  
ကြည်နူးကိုယ်ပိုင် ရယူနိုင်ကြပါစေကုန်သတည်း။
သုလဒ္ဓါ ကိုယ်စီကိုယ်စီ အလိုညီ၍ ကြည်သာရွှင်ပြုံး
အားလုံးမျှတူ ရယူတော်မူကြကုန်ပြီး၍ ပမောဒန္တု ကိုယ်စိတ်
နှစ်ဖြာ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်မောက် ဝမ်းမြောက်နိုင်
ကြပါစေကုန်သတည်း ပမောဒန္တု လူ့ပြည်တွင်မက  
နတ်ပြည်မှာဆက်သွယ်လျက် အထက်နန်း ဗြဟ္မာချဉ်းလို့မို့
ဖြာသတင်း ကမ္ဘာတုန်အောင်  သဒ္ဓါဟုန်
လျှမ်းလျှမ်းမောက်ပြီးလျင် ဝမ်းမြောက်ဝမ်းသာ  
ပတ္ထနာအောင်ဆု အခါခါပြုလျှက် သာဓုသံအောင်နိမိတ်ဖြင့်  
အောင်ဘိသိက် သွန်းလောင်းနိုင်ကြပါစေကုန်သတည်း။

No comments:

Post a Comment