04 October, 2015

ကာလာမသုတ်အနှစ်ချုပ်တရားတော်


ဘာသာဝါဒ၊ မတူကြ၍
 လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်
 ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။
 ဝါဒအယူ၊ မှားခဲ့မူကား
 ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်
 လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။
 စေ့စုံဉာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ
 ( 1 ) တစ်ဆင့်ကြားသိ၊
 ( 2 ) မိရိုးဖလာ
 ( 3 ) ကောလာဟလ၊
 ( 4 ) ကျမ်းစာမျှနှင့်
 ( 5 ) ကြံဆ၊
 ( 6 ) နည်းမှီ၊
 ( 7 ) ဆီလျှော်သုံးသပ်
 ( 8 ) ယူချင်းထပ်၍၊ 
 ( 9 ) ယုံအပ်သူပဲ
 ( 10 ) ဆရာစွဲဖြင့်၊ 
 လွှဲပုံစိတ်ချ မယူကြလင့်။
 ဒိဋ္ဌကျင့်ကြံ၊ကိုယ်ပိုင်ဉာဏ်ဖြင့်
 မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု
 မျိုးကာလမ၊ ဟောညွှန်ပြသည်
 ဝါဒအယူစစ်တမ်းတည်း။
      (မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသ)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကေသမုတ္တိ ဆိုသော နိဂုံးအရပ်သို့ ရောက်ခဲ့လေ၏ ။ ထိုအရပ်၌ ကာလာမ အမည်ရှိသော ပုဏ္ဏားတို့ နေကြလေ၏ ။ ကာလာမ ပုဏ္ဏားတို့သည် မြတ်စွာဘုရားနှင့်တွေ့ဆုံစဉ် အောက်ပါအတိုင်း မေးမြန်း စူးစမ်းကြလေ၏ ။
အရှင်ဘုရား ၊ အချို့သော ရဟန်း ပုဏ္ဏား
( သာမဏ ဗြဟ္မဏ ) တို့သည် ဤ ကေသမုတ္တိ
နိဂုံးသို့ရောက်လာခဲ့ကြဖူးပါတယ် ၊ ဒီ ရဟန်း ပုဏ္ဏားတို့ဟာ မိမိတို့ရဲ့ အယူဝါဒ ကိုသာပြဆိုကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါး အယူဝါဒ ကိုမူကား ထိပါးကြပါတယ် ၊ မထီမဲ့မြင် ပြုကြပါတယ် ရှုတ်ချကြပါတယ် ၊ ချေဖျက်ကြပါတယ် ။
အရှင်ဘုရား ၊ နောက်ထပ်လည်း အခြားသော ရဟန်း ပုဏ္ဏား တွေ ဤ နိဂုံး အရပ်သို့ ရောက်လာကြပါတယ် ၊ သူတို့ကလည်း သူတို့ရဲ့အယူဝါဒကိုသာ ပြကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါး
ရဲ့အယူဝါဒတွေကိုတော့ ထိပါးကြပါတယ် ၊ ရှုတ်ချကြပါတယ် ၊ ချေဖျက်ကြပါတယ် ။"
အရှင်ဘုရား ၊ အဲဒီ သာမဏ ဗြဟ္မဏ ခေါ်တဲ့ ရဟန်းပုဏ္ဏားတွေထဲမှာ ဘယ်သူဟာ မှန်တဲ့
စကား ကိုဆိုသလဲ ဆိုတာ တပည့်တော်တို့မှာ ယုံမှားတွေးတောပြီး သံသယ ဖြစ်ခဲ့ရပါတယ်
လို့ဗုဒ္ဓကိုကာလာမရွာသားပုဏ္ဏားများက
လျှောက်ထား ခဲ့ဖူးပါတယ် ။
ထိုအခါ ဗုဒ္ဓဘုရားက ကာလာမပုဏ္ဏား တို့အနေနှင့် သံသယ ဖြစ်မည်ဆိုလျှင် ဖြစ်ထိုက်ကြောင်း
ကိုပြောဆို ညွှန်ပြပြီး အကြင်သူသည် အယူဝါဒတစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် အောက်ပါ
အတိုင်းပြုကျင့်အပ်သည်ဟု အချက်ဆယ်ချက်ကို ညွှန်ပြတော်မူခဲ့လေသည် ။
ကာလာမ ပုဏ္ဏားတို့ ၊ သင်တို့ဟာ
(၁) မာအနုဿဝေန = တစ်ဆင့်စကား ပြောသံ ကြားကာမျှကို ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်
မယူလေနှင့် ၊ လက်မခံကြလေနှင့် ၊
(၂) မာပရမ္ပရာယ = ရိုးရာ အစဉ်အလာနှင့်
ကိုက်ညီသော စကား ဖြစ်၍လည်း ဟုတ်ပြီ မှန်ပြီ ဟု
ချက်ချင်း အတည်မယူလေနှင့် ၊
(၃) မာတက္ကကိရိယာယ = ရှေးက ဒီလို ဖြစ်ခဲ့ဖူးတယ်
ဆိုတဲ့ ( ထုံးတမ်းအစဉ်အလာအရလည်း ) ဟုတ်ပြီ
မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊
(၄) မာပိဋက သမ္ပဒါနေန = ပိဋက ( စာပေ ) နှင့်
( ကျမ်းဂန်နှင့် ) ကိုက်ညီတယ် ဆိုပြီးတော့လည်း
ဟုတ်ပြီမှန်ပြီ ဟုချက်ချင်း အတည်မယူလေနှင့် ၊
(၅) မာတက္က ဟေတု = မိမိကိုယ်တိုင် တွေးကြံနိုင်ရုံ မျှနှင့်လည်း ( ဆင်ခြင်တုံတရား နှင့် ညီသည်ယုတ္တိ ရှိသည်ဆိုပြီး ) ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊
(၆) မာနယ ဟေတု = နည်းမှီ ရယူရုံဖြင့်လည်း ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည် မယူလေနှင့် ၊
(၇) မာအာကာရ ပရိဝိတက္ကေန = အခြင်းအရာ
ကိုကြံစည် စိတ်ကူးပြီး ( သဘောကျရုံဖြင့် )
လည်း ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့်
( မဆုံးဖြတ်နဲ့ဦး )
(၈) မာဒိဋ္ဌိနိဇ္ဈာန ခန္တိယာ = ငါတို့သဘောကျ လက်ခံထားတဲ့ အယူဝါဒ နှင့် ကိုက်ညီတယ်ဆိုပြီးတော့
လည်း ဟုတ်ပြီ မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့်
( မဆုံးဖြတ်နဲ့ဦး ) ၊
(၉) မာတဗ္ဗရူပ ပတာယ = မှတ်ထိုက် ယူထိုက် လက်ခံထိုက်တဲ့သဘောပဲ ဆိုပြီးတော့လည်း ဟုတ်ပြီ
မှန်ပြီ ဟု ချက်ချင်း အတည်မယူလေနှင့်
( မဆုံးဖြတ်နဲ့ဦး )
(၁၀) မာသမာဏော နောဂရုတိ = ငါတို့လေးစားတဲ့ ရဟန်း ရဲ့စကားဆိုပြီးတော့လည်း ဟုတ်ပြီ မှန်ပြီ ဟု
ချက်ချင်း အတည်မယူလေနှင့်ဟူ၍ ဟောတော်မူလေသည် ။
ကာလာမ ပုဏ္ဏားတို့ ၊ အကြင်တရားတွေဟာ
(၁) မကောင်းတဲ့ အကုသိုလ် တရားတွေ
(၂) အပြစ်ရှိတဲ့ တရားတွေ
(၃) ပညာရှိ သူတော်ကောင်းတို့ကလည်း ကဲ့ရဲ့မည့် တရားတွေ
(၄) ပြီးတော့ လက်တွေ့လုပ်ဆောင်လျှင်လည်း
အကျိုးစီးပွားမဲ့ဖို့သာ ဖြစ်တယ် ၊ ဆင်းရဲဖို့အကြောင်း
ရှိတယ်လို့ ဆိုရင် အဲဒီ တရားတွေကို မိမိကိုယ်တိုင် သိမြင်တာနဲ့ 
တစ်ပြိုင်နက် စွန့်ပယ်သင့်တယ်ဟူ၍
ဟောကြားတော်မူခဲ့ပါသည်။
အင်္ဂုတ္တိုရ် (မြန်မာပြန်) တိကနိပါတ် ကေသမုတ္တိသုတ်

No comments:

Post a Comment