ကံမင်းတရား လူခိုးသားကို
သုံးပါးဝဋ်နှောင် ဘ၀ထောင်၌ ၊
လေးကောင်သောမြွေ နှင်းအပ်ပေ၏။
ပရမေဗုဒ္ဓ ၊ မိတ်ကောင်းမ၍၊
ဘ၀၀ဋ်နှောင် မြွေလေးကောင်မှ၊
လွတ်အောင်ရုန်းထွက် ပြေးပါလျက်လည်း၊
လက်နက်ကိုယ်စီ စွဲပိုက်ချီ၍ ၊
လောကီခန္ဓာ ငါးဖြာဟူသား ၊
သူသတ်များနှင့် ထံပါးကပ်ခါ ၊
သတ်ခွင့်ရှာသည် တဏှာခေါ်မှတ် ၊
တွင်းလူသတ်တို့ ထပ်ကြပ်မကွာ ကပ်လျှက်ပါ၏။
ရွာပျက်ကြီးနှယ် ရှေးခြောက်သွယ်ကား၊
ကိုးကွယ်မရ ဆိတ်သုဉ်းလှခဲ့၊
ဓါးပြတပ်သား နောက်ဆင့်ပွားသည်၊
ခြောက်ပါးအာယတန သောင်းကြမ်းလှ၏
သြဃလေးသွယ် မြစ်ပြင်ကျယ်၏ ၊
ဤ၀ယ်ဘက်ကြ သက္ကာယကား၊
များလှဘေးဘြမ်း ရန်သူပြွန်း၏။
ရှစ်ခန်းသောမဂ် ဖောင်ဖွဲ့ယှက်၍၊
ခြေလက်ဝီရိယ ကူးခပ်မှလျှင်၊
ဘ၀မှာကမ်း နိဗ္ဗူနန်းသို့ ၊
ကူးသန်းထုတ်ခြောက် ဘေးလွတ်မြောက်မည်
ကျိုးထောက်သင့်လှပြီတကား။
(မင်းကွန်းတိပိဋကဓရဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသ)
အဓိပ္ပါယ် ဖွင့်ဆိုချက်များ
ဘဝဂါမိ(ဘဝကိုဖြစ်စေ ရစေသော)
ကုသိုလ် အကုသိုလ်ကံသည် မင်းနှင့်တူ၏
လူချမ်းသာနတ်ချမ်းသာ
ဖြစ်ဖို့ရန်ဆုတောင်းခြင်းသည်
အမှုကျူးလွန်ခြင်းနှင့်တူ၏။
ကာမဘဝ ရူပဘဝ အရူပဘဝ
တည်းဟူသော ဘဝ(၃)ပါးသည်
လူခိုးသားနှင့်တူ၏။
ကာမဝဋ် ကိလေသာဝဋ် ဝိပါကဝဋ်
(၃)ပါးသည် ထောင်နှင့်တူ၏။
မဟာဘုတ်ကြီးလေးပါးသည်
မြွေကြီးလေးကောင်နှင့်တူ၏။
မြတ်စွာဘုရားသည် မိတ်ဆွေကောင်းနှင့်တူ၏။
ရူပက္ခန္ဓာ ၊ ဝေဒနက္ခန္ဓာ ၊ သညက္ခန္ဓာ၊
သခါင်္ရက္ခန္ဓာ ၊ ဝိညာဏက္ခန္ဓာ ဟူသော
လောကီခန္ဓာ (၅)ပါးသည်
လက်နက်ကိုင်ဆောင်ထားသော
လူသတ်သမားများနှင့်တူ၏။
ခန္ဓာ (၅)ပါးကိုရခြင်းသည်
လူသတ်သမားများကပ်လျက်
လိုက်ပါနေခြင်းနှင့်တူ၏။
တဏှာသည် အတွင်းလူယုံ
လူသတ်သမားနှင့်တူ၏။
ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ
အဝိဇ္ဇောဃ တည်းဟူသော
သြဃ(၄)ပါးသည် မြစ်ရေပြင်
ပင်လယ်ရေပြင်ကျယ်နှင့်တူ၏။
စက္ခု ၊ သောတ ၊ ဃာန၊ ဇိဝှါ ၊
ကာယ ၊ မန ၊ ဟူသော အတွင်း
အာယတန (၆)ပါးသည် ရွာပျက်ကြီးနှင့်တူ၏။
ရူပ သဒ္ဒ ဂန္ဓ ရသ ဗောဋ္ဌဗ္ဗ ဓမ္မ
ဟူသော အပြင် အာယတန (၆)ပါးသည်
ရွာဖျက်ဓားပြများနှင့်တူ၏။
အဆင်းမျိုးစုံ ရူပါရုံ ၊ အသံမျိုးစုံ သဒ္ဒါရုံ ၊
အနံ့မျိုးစုံ ဂန္ဓာရုံ ၊ အရသာမျိုးစုံ ရသာရုံ ၊
အတွေ့မျိုးစုံ ဗောဋ္ဌဗ္ဗာရုံ
ရုပ်နာမ်မျိုးစုံ ဓမ္မာရုံ အပေါ်တို့၌
အယောနိသောမနသိကာရ
( နှလုံးသွင်းမဆင်ခြင်မှု) ကြောင့်ဖြစ်ပေါ်လာသော
လောဘမီး ဒေါသမီး မောဟမီး မာနမီးစသည်တို့
ဖြစ်ပေါ်လာခြင်း လောင်ကျွမ်းခြင်းသည်
ဓားပြများသောင်းကျန်းခြင်းနှင့်တူ၏။
သက္ကာယ ဒိဋ္ဌိသည် ဤမှာဘက်ကမ်းနှင့်တူ၏။
( ၉၆)ပါး ဘေးရောဂါစသည်တို့သည်
ဘေးရန်အန္တရာယ် ရန်သူများနှင့်တူ၏။
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ
သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာသတိ
သမ္မာသမာဓိ ဟူသောမဂ္ဂင် (၈)ပါးသည်
လှေသင်္ဘော ဖောင်နှင့်တူ၏။
၁။ ဖြစ်ပေါ်ပြီးသော အကုသိုလ် တရားများကို
နောက်တဖန်မပြုလုပ်တော့ခြင်း။
၂။ မဖြစ်ပေါ်သေးသော အကုသိုလ်များကို
မဖြစ်အောင်တားမြစ်ခြင်း။
၃။ ဖြစ်ပြီးသော ကုသိုလ်တရားများကို
တိုးပွားလာအောင် ပွားများခြင်း။
၎။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားများကို
ဖြစ်ပေါ်လာအောင် အားထုတ်ခြင်း ဟူသော
သမ္မပ္ပဒါန် တရား(၄)ပါးသည် ခြေလက်နှင့်တူ၏။
ကူးခတ်ခြင်းသည် တရားအားထုတ်ခြင်းနှင့်တူ၏။
နိဗ္ဗာန်သည် ဟိုမှာဘက်ကမ်းနှင့်တူ၏။
ဘဝမှ လွတ်မြောက်ခြင်းသည်
နိဗ္ဗာန်သို့ ရောက်ခြင်းနှင့်တူ၏။
No comments:
Post a Comment