ဝါဆိုလအကြောင်းသိကောင်းစရာ
ဝါဆိုလသည် မြန်မာ့ဆယ့်နှစ်လတွင် စတုတ္ထမြောက်လဖြစ်၏။
နွေဥတုကုန်ဆုံးသောလ၊
နွေ၏အဆုံး အဖျားလပင်ဖြစ်သည်။
ယခင်အမည်မှာ နွယ်တာဖြစ်သည်။
ဝါဆိုလတွင် ရက်ပေါင်း၃၀ ရှိ၏။
နေ့တာရှည်၏၊ညတာတိုသောလဖြစ်၏။
ဝါဆိုလကို ဝေဒကျမ်းအခေါ်အားဖြင့် ကရကဋ်ရာသီဟုခေါ်ဆိုသည်။
ထိုရာသီတွင် ပြုပ္ပာသန်နှင့်လမင်းတို့
ယှဉ်ပြိုင်ကာ မွန်းတည့်၏။
ဖုသျှ နက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်လေသည်။
ရာသီရုပ်မှာ ပုစွန်လုံးဖြစ်၏။
ရာသီအလိုက် "ကရကဋ်" ဟုခေါ်ဆို၏။
ပြုဗ္ဗာသဠ်နက္ခတ်နှင့် စန်းယှဉ်ပြည့်ကာ
ဗျိုင်း တာရာထွန်းပ၏။
တချို့က ဥတ္တရာသဠ်နက္ခတ်နှင့်
စန်းယှဉ်ပြည့် သည်ယူ၏။
ရာသီရုပ်မှာ ပုစွန်လုံးကဏန်းသတ္တဝါပုံဖြစ်၏။
ရက်စုံသောလ ဖြစ်သည်။
ရွှေဗျိုင်းတာရာ ထွန်းပသည့်
ဝါဆိုလတွင် နံနက်စက်နာရီ
၅ နာရီ ၂၉ မိနစ်တွင် နေထွက်၍
ညနေ စက်နာရီ
၆ နာရီ ၄၃ မိနစ်တွင် နေဝင်သည်။
ရှေးမြန်မာ ဗဟိုရ်စည် နာရီအားဖြင့်
နေ့ ၃၆ နာရီ ၊ ည ၂၄ နာရီရှိသည်။
ဤကိုရည်၍ ဦးယာက ဆယ့်နှစ်ရာသီဘွဲ့လူးတားဝါဆိုလဘွဲ့တွင်
သည်ရာသီတွင်၊ နာရီနေ့ကို၊
သုံးဆယ်ဆိုရှင့်၊ စွန်းပိုခြောက်ခု၊
ကြွင်းစုနာရီ၊ ညဉ့်သို့စီသော၊ မညီအရေး၊ နှစ်ဆယ့်လေးတည့် ဟူ၍ စပ်ဆိုခဲ့၏။
စာဆိုတော် ဦးမင်းကလည်း
ပြုဗ္ဗာသဠ် ကြယ်ထွန်းလို့
လဝန်းတဲ့သော်တာ။
သည်ချိန်ကို ယုဂန်ဖျားက
နှစ်ပါးရောင်ခြည်စိုက် လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ ညှာတံကငုံဖူး
ပုန်းညက်ကယ် ခိုင်ပင်မင်း
သင်းပျံ့ပျံ့ကြူး။ ဟူ၍စပ်ဆိုခဲ့ပါတယ်။
ဝါဆိုလတွင် အင်္ဂါနှင့်ရာဟုခေါ်သော
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ
ပြဿဒါးရက်များဖြစ်၍
တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့များမှာ
ရက်ရာဇာများဖြစ် သည်။
ဝါထပ်သောနှစ်တွင် ပထမဝါဆို နှင့်
ဒုတိယဝါဆို ဟူ၍ နှစ်မျိုးရှိပါသည်။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့သည်
မိုးရာသီ၌ အကျုံးဝင်သည်။
ဝါဆိုလတွင် မိုးများသည်းထန်စွာ
ရွာသွန်းသဖြင့် လယ်ကွင်းပြင်တခုလုံး ရေတွေဖွေးနေသည်။ ထို့ကြောင့်
ဝါဆိုဝါခေါင် ရေဖောင်ဖောင်-ဟု ဆိုကြသည်။
ဝါဆိုလနှင့်ပတ်ဝန်းကျင်
မယ်ညိုငှက်တို့သည် ဝါဆိုလအခါ၌ အသိုက်လုပ်ကြ၏။ဥ ဥကြ၍
သားပေါက်ကြ၏။ အသိုက်ကို
ရေတွင်ပေါ်နေသော ချုံပုတ်တို့တွင်လုပ်ကြ၏။
အအုပ်အသင်းဖွဲ့ပြီး ကိုင်းတောများအကြား
အစာရှာထွက်ကြ၏။ မယ်ညိုငှက်သည်
ဝါဆိုလ၏ထူးခြားသောငှက်ကလေးပင်ဖြစ်၏။
ရှေးကဝါဆိုလကို
"မြွယ်တာလ" "နွယ်တာလ"
"နွေတာလ" ဟူ၍ခေါ်သည်။
ဤသို့နွေနှင့်နွယ်သည် ဂိမာနနွေရာသီ
ကိုခေါ်ဆိုသည်။ "တာ" မှာ အပိုင်းအခြား၊
အကူးအပြောင်းဟုအနက်ရသည်။
ထို့ကြောင့် နွေမှမိုးသို့ကူးပြောင်းသော
လဟု ဆိုလို၏။
ဝါဆိုလကို ပုဂံခေတ်ထိုး ကျောက်စာတို့၌ လွယ်တာ၊ မြွယ်တာ ဟူ၍ရေးသားသည်။ တစ်ခါတစ်ရံ နွယ်တာ၊နွေတာ
ဟူ၍လည်းရေးသား၏။
ထိုနွယ်တာ၊ နွေတာတို့၏အနက်ကို
ဝေါဟာရ လီနတ္ထဒီပနီတွင် နွေတာမှ
ရွေ့လျောပြီး နွယ်တာဖြစ်လာကာ
နွေသည် နွေဥတုရာသီ ဟောသည်။
တာ သည် ပါဠိဘာသာ အတီတ ပုဒ်ပျက်၊ အတိတ်ဟောသော်လည်းကောင်း၊
အန္တာပုဒ်ပျက် အဆုံးအဖျား ဟောသော်လည်းကောင်းဖြစ်သည်။
ဝါဆိုလပြည့်တွင် နွေဥတုရာသီ
ကုန်ဆုံး၍ အတိတ်ဖြစ်လာသောကြောင့်
အဆုံးအဖျား အပိုင်းအခြားရောက်
သည်ဖြစ်၍ နွေတာလဟုခေါ်သည်
စသည်ဖြင့် ဖော်ပြထား၏။
ကျောက်စာအဦးပိုင်းတွင် ဝါဆိုလကို မလွယ်တာဟူ၍လည်းကောင်း၊ မြွယ်တာဟူ၍လည်းကောင်း ရေးသည်။ နှောင်းပိုင်းတွင် နွယ်တာဟူ၍လည်းကောင်း၊ နွေတာဟူ၍ လည်းကောင်း ရေးလာကြသည်။ သို့သော် မလွယ်တာသည်
သာလျှင် အရင်းခံဖြစ်သည်။
မလွယ်ကား လယ်ယာမိုးမြေကိုဟောသည်။
တာ ကား တိုင်းတာခြင်းပင်ဖြစ်သည်။ လယ်ယာမြေတို့ကို
တိုင်းတာသောလ ဟူလေသည်။
" မလွယ်တာ" "နွယ်တာ"
(ဝါဆို) အမည်ရှိသည့်စတုတ္ထလသည်
ဇွန်-ဇူလိုင်တွင် ကျရောက်သည်။
'မလွယ်' သည် “မြေ” ကို ရည်ညွှန်းပြီး
'တာ' က “ထွန်ယက်စိုက်ပျိုးသည့်
မြေကို လိုသလောက် တိုင်းတာသည်”ဟု အဓိပ္ပါယ်ရသောကြောင့် ယခုလသည်
ကောက်ပင် စိုက်ပျိုးမည့် မြေကို
အကွက်ငယ်များအဖြစ်တိုင်းကာ
မြေကွက်များအား ကဇင်းတင်သည့်လ
ဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ထိုမြေကွက်အတွင်း ကောက်စိုက်ရသည်။ အခုအခါ ဝါဆိုဟု ပြောင်းလဲခေါ်ရခြင်းမှာ ယခုလကမှ အစပြုပြီး ရဟန်းသံဃာတို့
အနေဖြင့် မိမိ သီတင်းသုံးမြဲ ကျောင်းသင်္ဃန်း
ကို ခွဲခွာ၍ အခြားအရပ်တပါးသို့မသွားရဟု
စတင် ကန့်သတ်သည့် ကာလ
ဖြစ်ခြင်းကြောင့်ဖြစ်သည်။
ဝါဆိုလ၏ အထိမ်းအမှတ် ရာသီပန်းမှာ ပုန်းညက်ပန်းနှင့်
မြတ်လေးပန်းဖြစ်သည်။
မုလေးပန်း၊ မိကျောင်းပန်း
တို့လည်းပွင့်ကြသည်။
ဤကိုရည်၍ ဦးယာက
ပျံ့မွှေးဝတ်ဆံ၊ ရိုးတံမြရွက်၊
ပုန်းညက်ရွှေလှော်၊မွှေးပေါင်းဖျော်၍၊ တောင်တော်မြင့်ဖျား၊ မြင့်မိုရ်ခါးက၊
ပတ္တမြားဗိမာန်၊ ပြုပ္ပာသန်နှင့်၊
ယုဂန္ဓိုရ်မှ၊လှည့်သွားကြသော်၊
နောက်ကမကွာ၊ဗျိုင်းတာရာဝယ်၊
ညီညာခံသ၊ ရောင်ထွန်းပလျက်၊
ဖုသျှနက္ခတ် ၊ ဖန်နေနတ်နှင့်၊
လှည့်ပတ်ညီစွာ၊ သွားသောခါတွင်၊
မြမင်ဘဝါး၊ အသုဉ်းညား၍၊
ပန်းများလှိုင်ကြူ၊ မဉ္ဇူရွှေခက်၊ ပုန်းညက်ကြိုင်သော် ဟူ၍
ဆယ့်နှစ်ရာသီဘွဲ့လူးတား၌ရေးစပ်ထား၏။
ပုန်းညက်ပန်းသည် ဝါဆိုလ၏ အဆင်တန်ဆာတစ်ပွင့်ဖြစ်သည်
ကို အထူးသတိပေးသည်။
ဒီပင်္ကရာမြတ်စွာဘုရားသခင်သည် သုမေဓာရှင်ရသေ့တို့ ခရီးလမ်းညှိဖို့ရာ
အရပ်သို့ ကြွလာတော်မူသောအခါ
လူတို့က ပန်းအမျိုးမျိုးဖြင့် ကြဲမြှောက်ပူဇော်ကြလေသည်။
ဤပန်းတို့တွင် ပုန်းညက်ပန်းလည်း
ပါလေသည်။ ပန်းအမည်တို့ကို
ထောက်ရှုသော်
ဝါဆိုလဆီတွင် ကြွလာသည်ဟု
မှတ်ယူဖွယ်ရှိပေမည်။
ဤဝါဆိုလတွင် ရှေးမြန်မာမင်းများ
ရှိစဉ်အခါက ပဉ္ဇင်းတော်ခံပွဲများ
ကျင်းပြမြဲဖြစ်၏။ ယင်းသို့မြန်မာမင်းတို့ ပဉ္ဇင်းတော်ခံပွဲကျင်းပသည်ကို ရည်၍
ဦးအောင်ကြီးက အင်းဝမြို့ဘွဲ့ ဆယ်နှစ်ရာသီလူးတား ဝါဆိုလဘွဲ့တွင်
သာစွေလ၊ မှိုင်းဝေညိုမျှ၊
ကောင်းကင်ဝဝယ်၊ လနှင့်အာသဠ်၊ ပြည့်ဝရန်လျက်၊ ယဉ်ထန်ရေရှူး၊
မိုးလေဦးနှင့်၊ ကြိုင်မြူးဧမြက်၊
ပုန်းညက် သရဖီ၊ ပွင့်ချင်းညီ၍၊
ရာသီလှည့်ပတ်၊ ကရကဋ်ဟူ၊
နတ်လည်းစက်လို၊ လဝါဆိုကား
မြင့်မိုရ်မာဃ၊ ဒေဝိန္ဒသို့၊
မင်မျာ့သခင်၊ဆင်စီရင်၍၊
ထမ်းစင် ယာဉ်သာ၊ရွှေချက်ကာလျက်၊ ရတနာပေါင်းဖျင်၊ စီရင်ခင်းကျင်း၊
သိကြားမင်းသို့၊တင့်ခြင်းဆောင်ရွက်၊ စံစေလျက်တည့်၊ ဘဝဂ်ထိန့်ကျော်၊
ပဉ္ဇင်းတော်ကို၊ရွှေလှော်မွမ်းရုံ၊
ရွှေစည်းခုံဝယ်၊ သုံဘုံဝဋ်မှ၊
လွတ်စေရသား ဂေါတမမုနိ၊
သီရိကြိမ်ကြိမ်၊ မြတ်သည့်သိမ်သို့၊ ငြိမ်ဆိမ်လည်းဝင်၊ သိက္ခာတင်သည်၊ ပဉ္ဇင်းတော်မြတ်ရဟန်းတည့်လေး"
ဟူ၍ ဖွဲ့ဆိုခဲ့၏။
ဝါဆိုလ ဟူသော အမည်၌ ရှေးနှင့်နှောင်းပညာရှင်တို့
ဝိဝါဒကွဲပြားခြင်းမရှိချေ။
ဝါဆိုသည်မှာ ပါဠိ ဝါသမှ တိုက်ရိုက်လာသော
စကား ဖြစ်၍ နေခြင်းဟုအဓိပ္ပါယ် ရသည်။
ဆို ဟူသည်မှာ ရွတ်ဆိုခြင်း အနက်ရသည်။
မိုးတွင်းသုံးလအတွင်း ရဟန်းတော်များ ကျောင်း၌နေပါမည်ဟု အဆိုပြုသောလကို ဝါဆိုလဟုခေါ်သည်။
ဝါဆိုဝါကပ်ခြင်းဖြစ်ပေါ်လာပုံ
ဝါဆို ဆိုသောဝေါဟာရ
"ဝါဆို" ဆိုသောဝေါဟာရမှာ
"ဝါ"သည် ပါဠိစကားလုံး
"ဝါသ"မှဆင်းသက်လာ၏။ "နေခြင်း"ဟုအနက်ရ၏။
"ဆို"မှာရွတ်ဆိုခြင်းဖြစ်၏။
ထို့ကြောင့် ဝါဆို၏အနက်သည်
"နေထိုင်ခြင်းကို ရွတ်ဆိုခြင်း"ဟူ၏။
ဗုဒ္ဓသာသနာဝန်ထမ်းရဟန်းတော်များသည်
ဝိနည်းတော်အတိုင်း ဝါတွင်းသုံးလပတ်လုံး တစ်ရပ်တစ်ပါးသို့ မသွားဘဲ တစ်ကျောင်းတစ်နေရာတွင်
သီတင်းသုံးပါမည်ဟုရွတ်ဆိုအဓိဌာန်ပြုကာ ဝါကပ်ကြသည်ကို ရည်ပြီး ဝါဆိုလဟုခေါ်သည်။
လမြတ်ဝါဆို
ဝါဆိုလအခါ ရာသီသည် ဗုဒ္ဓနှင့်
အသက်ဆိုင်ဆုံးလဟုလည်းဆိုရမည်ဖြစ်သည်။ ဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားမှုအတွက် သာသနာရေးဆိုင်ရာလုပ်ဆောင်မှု
အများဆုံးလလည်းဖြစ်သည်။
ထို့ကြောင့်ပင် ရှေးစာဆိုတို့က
"လမြတ်ဝါဆို"ဟုတင်စား
ခေါ်ဝေါ်လေ့ရှိကြသည်။
ဗုဒ္ဓဝင်တွင် ဝါဆိုလပြည့်နေ့နှင့်
ပတ်သက်၍ "သန္ဓေ၊ တောထွက်၊
ဓမ္မစက်၊ တချက်ပြာဋိဟာ"
ဆိုသည့် အချက်ကြီးလေးချက်
ထင်ဟပ်လျက်ရှိ၏။
ပထမအချက် -
အလောင်းတော်နတ်သားအား
နတ်ဗြဟ္မာအပေါင်းတို့က ဘုရားဖြစ်ရန် တောင်းပန်ကြသဖြင့်
နတ်ပြည်မှစုတေ၍ မဟာသက္ကရာဇ် ၆၇-ခုနှစ်၊
ဝါဆိုလပြည့်၊ ကြာသပတေးနေ့တွင် မယ်တော်မာယာ၏
ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ တည်နေတော်
မူခဲ့သည်မှာ ပထမအချက်ဖြစ်သည်။
ဒုတိယအချက် - အလောင်းတော်သိဒ္ဓတ္ထမင်းသားသည်
သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီး
လေးပါးကိုမြင်ရာမှ သံဝေဂရ၍
မဟာသက္ကရာဇ် ၉၇ခုနှစ်၊
ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်တော်မူခဲ့သည်။
တတိယအချက် - အလောင်းတော်သိဒ္ဓတ္ထမင်းသားသည်
ရဟန်းပြုတော်မူ၍ ခြောက်နှစ်တာ
ကာလပတ်လုံးဥရုဝေလတောအုပ်၌ ဒုက္ကရစရိယာကျင့်တော်မူပြီးနောက်
မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊
ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌
ဘုရားရှင်အဖြစ်သို့ရောက်တော်မူခဲ့သည်။ ထိုသက္ကရာဇ်ဝါဆိုလပြည့် စနေနေ့တွင် မိဒဂါဝုန်တော၌ ပဉ္စဝဂ္ဂီရဟန်း
တို့အား ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့သည်။
"ထို့ကြောင့်ပင် သန္ဓေတောထွက်၊
ဓမ္မစက်၊ ဟောမြွက်ခါကို၊ လဝါဆို"
ဟုလည်းမှတ်ထားလေ့ရှိ၏။
စတုတ္ထအချက် -
ဘုရားအဖြစ်သို့ရောက်တော်မူပြီး
ခုနှစ်ဝါမြောက်လေသောအခါ
တိတ္ထိတို့က သာသနာတော်ကို ထိပါးနှောင့်ယှက်လာသောကြောင့်
ထိုတိတ္ထိတို့ရန်ကို ဖယ်ရှားခဲ့၏။ လူအများတို့အားလည်း
သဒ္ဓါတရားပွားများကြစေရန်
အလို့ငှာ မဟာသက္ကရာဇ် ၁၁၀ပြည့်နှစ်၊
ဝါဆိုလပြည့်နေ့တွင် သာဝတ္ထိပြည်အနီး
သရက်ဖြူပင်ကြီး၌ ရေ၊ မီး အစုံ
တည်းဟူသောတန်ခိုးပြာဋိဟာများကို ဆန်းပြားစွာပြတော်မူခဲ့၏
ဝါဆိုဝါကပ်ခြင်း
ဝါဆိုခြင်းသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ရှိခဲ့၏။
ဝါဆို၊ ဝါကပ်ဥပဒေ မပညတ်မီက
ရဟန်းများသည် ဥတုသုံးလီ
နေပူမိုးရွာမရှောင် လှည့်လည်
သွားလာနေကြ၏။ ထိုသို့ဖြင့်
မိုးကာလတွင် လူတို့ စိုက်ပျိုးထားသော စိုက်ပျိုးပင်များကို
ရဟန်းတို့ ကျော်ဖြတ်နင်းကြသဖြင့်
စိုက်ပျိုးပင်များ ပျက်စီးသောကြောင့်
လူတို့ကရဟန်းများကို ကဲ့ရဲ့၏။
အဘယ်ကြောင့် ဘုရားသားတော်
များသည် အပင်ငယ်များနှင့်
ပိုးမွှားများကို နင်းခြေဖျက်ဆီးလျှက်
တစ်နှစ်ပတ်လုံးခရီးသွားနေကြပါသနည်း။ သာသနာပြင်ပ တိတ္ထိတို့သော်မှ မိုးဥတုတွင် ခရီးမထွက်ဘဲ ကြောင့်ကြမဲ့နေနိုင်ကြပါသည်။
ယုတ်စွအဆုံး ငှက်၊ တိရစ္ဆာန်တို့သော်မှ
မိုးဥတုတွင် ခရိးမထွက်ဘဲ အသိုက်၌
နေကြသည် ဟု ကဲ့ရဲ့ပြစ်တင်ရှုံချကြ၏။
ထို့ကြောင့် ဘုရားရှင်က ရဟန်းတော်များ
မိုးသုံးလကာလပတ်လုံး ခရီးမထွက်ရသော
ဝါဆို၊ ဝါကပ်ဥပဒေကို ပညတ်ခဲ့၏။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်သည့်အချိန်တွင်
လှူဒါန်းသည်ဖြစ်စေ၊ ဝါတွင်းကာလတွင်း လှူဒါန်းသည့်ဖြစ်စေ လှူဒါန်းသည့်သင်္ကန်းကို "ဝါဆိုသင်္ကန်း" ဟုခေါ်၏။
ကာလဒါနသင်္ကန်းဟု ခေါ်ဆိုနိုင်၏။ မိုးတွင်းကာလ ဝါဆိုကာလတွင်
ကပ်လှူရသောသင်္ကန်းဖြစ်သောကြောင့် ရေစိုသင်္ကန်း၊မိုးရေခံသင်္ကန်းဟုလည်းခေါ်၏။
ရဟန်းများကို ဘုရားရှင်က ဝါဆို၊ ဝါကပ်ခွင့်ပြုတော်မူပြီးနောက်
နှစ်အတန်ကြာတွင် ဘုရားရှင်က လူတို့လှူဒါန်းသော
သင်္ကန်းကိုခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်း
လှူဒါန်းလိုသော သူတို့သည် ဝါဆိုဝါကပ်
ကြသော ရဟန်းများကို
ဝါဆိုချိန်၊ ဝါတွင်းအချိန်၊ ဝါကျွတ်ချိန်ခါနီး
တို့၌ "ဝါဆိုသင်္ကန်း" ကို ကပ်လှူကြပါ၏။
ဝါဆို ဝါကပ်ခြင်း
သံဃာတော်ထေရ်အရှင်မြတ်များသည် ဝါဆိုလပြည့် ကျော်တစ်ရက်နေ့တွင်
စတင်ဝါဆို၍ ဒကာ၊ ဒကာမများက
ထိုနေ့အမီ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူကြသည်။ ဝါဆိုမည့်ညနေတွင်
ဝါကပ်အမီ ဆိုက်ရောက်လာနိုင်သေးသည့်
သံဃာအား စောင့်၍ ဝါဆိုတော်မူကြကုန်၏။
ရဟန်းများသည် မိမိ၏ကျောင်းသင်္ခမ်းကို ညဉ့် ညပစ်ခဲ့၍ ခရီးမသွားပါဟု
ဝန်ခံကာ ဝါဆိုဝါကပ်ခြင်းပြုကြရ၏။ မဖြစ်မနေသွားလာရန်ခရီးပေါ်ပေါက်လျှင်သာ ခုနစ်ရက်ဝါပန်၍ သွားလာနိုင်လေ၏။
တချို့လည်း ဝါဆိုသံဃာတော်
များကို သွားရောက်ကြည်ညိုရင်းနှင့်
ဝါဆိုပန်းများ အမွေးတိုင်၊ ဖယောင်းတိုင်များ
ကပ်လှူပူဇော်ကြ၊ အဖျော်ရည်များ
တတ်နိုင်သမျှလှူဒါန်းကြသည်။
ဝါကပ်ခြင်းနှစ်မျိုး
ဝါကပ်ခြင်းနှစ်မျိုးရှိ၏။
(၁) ပုရိမဝဿဝါသ (ပထမဝါကပ်ခြင်း)
ဝါဆိုလပြည့်ကျော်တစ်ရက်နေ့၌ ဝါကပ်၍ သီတင်းကျွတ်လပြည့်နေ့တွင် ဝါကျွတ်၏။
(၂) ပစ္ဆိမဝဿဝါသ (ဒုတိယဝါကပ်ခြင်း)
ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့၌ ဝါကပ်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် ဝါကျွတ်၏။
ဝါဆိုသင်္ကန်းကပ်လှုခြင်းနှင့် ထားရှိရမည့်စေတနာကုသိုလ်
ဝါဆိုသင်္ကန်းများကို စေတနာသုံးတန်
ပြဌာန်းပြီး "ဤကျောင်းတိုက်မှာ
ဝါကပ်တော်မူကြသော သံဃာတော်
အရှင်မြတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာဖြင့် ပရိယတ္တိအကျင့်၊
ပဋိပတ္တိအကျင့်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရန်အတွက်
သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကြမှုမရှိစေရန်"ဟု
ရည်သန်၍ ဝါဆိုသင်္ကန်းအဖြစ်ဖြင့် လှုဒါန်းနိုင်ကြပါ၏။
ဝါဆိုသင်္ကန်းကပ်လှူနိုင်သောကာလများ
၁။ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ -
ဝါတွင်း ၃ လတာ ကာလအတွင်း
(ပထမဝါကပ်ခြင်းကာလ ၃ လ)
၂။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ထိ -
သင်္ကန်းကာလ ၁ လ
(ဒုတိယဝါကပ်ကာလ အဆုံးထိ)
၃။ သီတင်းကျွတ်လပြည့်ကျော်
(၁)ရက်မှ တပေါင်းလပြည့်အထိ -
ကာလ ၅ လ (ကထိန်အာနိသင်ကာလ)
၄။ တပေါင်းလဆုတ်(၁)ရက်မှ
ဝါဆိုလပြည့်အထိ - နွေ ၄ လ
အထက်ပါကာလများကို ပြန်လည်ပေါင်းရုံးကြည့်လျှင် တစ်နှစ်ပတ်လုံး
မည်သည့်နေ့ရက်၌မဆို ဝါဆိုသင်္ကန်း
လှူဒါန်းနိုင်ကြောင်း တွေ့ရပေမည်။
သင်္ကန်းကပ်လှူပုံနှင့် ရယူပိုင်ဆိုင်ခွင့်များ
သို့သော် လှူဒါန်းပုံနှင့် ရယူပိုင်
ဆိုင်ခွင့်များအား ကွာခြားမှုရှိ၏။
၁။ ဝါတွင်း ၃ လ
(ပထမဝါကပ်ခြင်းကာလ ၃ လ)
အလှူရှင်သည်
“ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအားလှူပါ၏”
ဟုနှုတ်မြွက်ရွတ်ဆို လှူဒါန်းရ၏။
အကျိုးအားဖြင့် - ဤသို့ဝါတွင်း၌ လှူဒါန်းလာသောသင်္ကန်းကို ပုရိမ(ပထမ)ဝါမကျိုးသော ရဟန်းတို့အား ခံယူနိုင်ခွင့်၊ ပိုင်ဆိုင်နိုင်ခွင့်ရှိ၏။ ဝါကျိုးပြတ်သောရဟန်း၊ ပစ္ဆိမဝါ(ဒုတိယ)ဝါကပ်သော ရဟန်းတော်များမခံယူရ၊ ပိုင်ဆိုင်ခွင့်မရှိ။
၂။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်
နေ့မှ တန်ဆောင်မုန်းလပြည့်ထိ
သင်္ကန်းကာလ ၁ လ
(ဒုတိယဝါကပ်ကာလ အဆုံးထိ)
အလှူရှင်သည်
“ ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအားလှူပါ၏”ဟု
နှုတ်မြွက်ရွတ်ဆိုလှူဒါန်းရ၏။
အကျိုးအားဖြင့် -
ဝါဆိုဆဲ၊ ဝါဆိုတုန်းဖြစ်သော
ပစ္ဆိမ(ဒုတိယ) ဝါကပ်သောရဟန်းတို့သာ ရယူနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ရှိ၏။
ပုရိမ(ပထမ) ဝါကျွတ်ပြီးသော
ရဟန်း၊ ဝါကျိုးပြတ်သောရဟန်း
များနှင့်မဆိုင်၊ မရနိုင်ပေ။
၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ
(ကထိန်အာနိသင်ကာလ ၅) လ
အလှူရှင်သည် “ ဝိဿာဝါသိကံ ဒမ္မံ = ဝါလပတ်လုံးနေခြင်းရှိသော
(ဝါဆို)ခဲ့ပြီးသော သံဃာအား လှူပါ၏”ဟု နှုတ်မြွက်ရွတ်ဆိုလှူဒါန်းရ၏။
ဤ ၅လအတွင်း၌ လှူဒါန်းလာသော ဝါဆိုသင်္ကန်းကို ကထိန်ခင်းသည်ဖြစ်စေ၊ မခင်းသည်ဖြစ်စေ ပထမဝါကျွတ်သူ၊ ဒုတိယဝါကျွတ်သူ ရဟန်းအားလုံးပိုင်ဆိုင်ခွင့်၊ ခံယူခွင့်ရှိကြ၏။ ဝါကျွတ်မှ ရောက်လာသော ရဟန်းသစ်တို့အား သံဃာဟောင်းတို့ သဘောတူလျှင် ဝေစုရနိုင်၏။
၄။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်နေ့အထိနွေ(၄)လ
အလှူရှင်သည် “ဝိဿာဝါသ်ိကံ”ဟူ၍ပင် လှူဒါန်းရ၏။ လှူဒါန်းသူသည်-
(က) ကပ်ခဲ့ပြီးသော အတိတ် (ဝါဆိုသံဃာ) ကိုလည်းရည်မှန်း၍ လှူဒါန်းနိုင်၏။
(ခ) မကပ်ရသေးသည့် အနာဂတ် (ဝါဆိုသံဃာ)ကိုလည်းရည်မှန်း လှူဒါန်းနိုင်၏။
ဤသို့လှူဒါန်းလာသော် အလှူခံ
ရဟန်းတော်တို့က “ဒကာတို့ ယခု
လှူဒါန်းသော ဝါဆိုသင်္ကန်းသည် အတိတ်ဝါကိုရည်မှန်းသလော၊
အနာဂတ်ဝါကိုရည်မှန်းသလော”ဟု
မေးမြန်းစိစစ်ကြည့်ရ၏။ အလှူရှင်များက
(က) ပြီးခဲ့သော အတိတ်ဝါဆိုသံဃာအား
ရည်မှန်းပါ၏ ”ဟုလျှောက်ထားသော်
ထိုဝါဆိုသင်္ကန်းကို ဤကျောင်း တိုက်၌ ဝါဆိုခဲ့ပြီးသောရဟန်းတော်များသာ သက်ဆိုင်အလှူခံနိုင်၏။
(ဝါဆိုပြီး ဤကျောင်းတိုက်မှ ပြောင်းရွှေ့သွားသောရဟန်းတော်
များကိုလည်း ဝေစုပေးလိုက်ရ၏။
ဝါကျွတ်ပြီးမှ အသစ်ရောက်လာသော
သံဃာကား ကျောင်းတိုက်သံဃာက
သဘောတူမှ ရနိုင်၏။)
(ခ) လာမည့်အနာဂတ် ဝါကပ်သံဃာအား ရည်မှန်းလှူဒါန်းပါသည်”ဟုဆိုလာသော်
၎င်း သင်္ကန်းများကို မဝေခြမ်းသေးဘဲ သိမ်းထားပြီး လာမည့်ဝါဆိုနေ့ကျမှ ခွဲခြမ်းဝေဖန်ရ၏။ သံဃာအဟောင်း၊ အသစ်အားလုံးဆိုင်သည်။
ဝါဆိုဝါကပ်ပုံ အစီအစဉ်
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်
ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူနေစဉ်
ရဟန်းတော်တို့အား ဝါဆိုဝါကပ်ခြင်းကို ပညတ်တော်မမူရသေးသောကြောင့်
ရဟန်းတော်တို့သည် ဆောင်း နွေ မိုး
ဥတုသုံးပါးလုံး ဒေသစာရီအဖြစ်
ဟိုဟို ဒီဒီ လှည့်လည်သွားလာကြသော
အလေ့ ရှိကြကုန်၏။
ထိုသို့ အချိန်ပြည့်သွားလာ
နေကြသောအခါ လူအများက
သာကီဝင်မင်းသား ဘုရားသားတော်
များဖြစ်ကြသော ရဟန်းတော်တို့သည်
အဘယ်ကြောင့် ဆောင်း နွေ မိုး
ဥတုသုံးပါးလုံး (အသက်ရှိသည်ဟု
ထင်မြင်ယူဆသောကြောင့် )
အသက်ရှိသော မြက်ပင်တို့ကို
နင်းချေကုန်လျက် သူတပါးအသက်ဟု ဆိုအပ်သော တစ်ခုသော ဇီဝိတိနြေ္ဒကို
ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့အား ပျက်စီးခြင်းသို့
ရောက်စေပြီး ဟိုဟိုဒီဒီ ဒေသစာရီ လှည့်လည်သွားလာနေကြကုန်ဘိသနည်း။
မိစ္ဆာအယူရှိသော သာသနာပ တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံး
ခရီးဟိုဒီမသွားဘဲ မိမိတို့နေထိုင်ရာ ကျောင်းအသီးသီးမှာသာ
နေထိုင်ကြကုန်သေး၏။
ငှက်ကလေးတို့သော်မှလည်း
သစ်ပင်အဖျားတို့၌ အသိုက်ပြုကာ
မိုးလတို့ပတ်လုံး ကြောင့်ကြမဲ့
စွဲမြဲစွာ နေကြကုန်သေး၏။
ဤသာကီဝင်မင်းသား ဘုရားသားတော်
ဖြစ်သော ရဟန်းတော်တို့သည်ကား
ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက်
အသက်ဟု ဆိုအပ်သော တစ်ခုသော
ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့ ရောက်စေပြီးဟိုဟိုဒီဒီဒေသစာရီ လှည့်လည်သွားလာနေကြကုန်၏''ဟု
ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏။
အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုကဲ့သို့ လူတို့၏ ကဲ့ရဲ့ ရှုတ်ချ
အပြစ်ပြ ပြောဆိုကြသော
စကားသံများကို ကြားကြရသောအခါ
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းနှင့်စပ်သော
တရားစကားကို ဟောတော်မူ၍
ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။ဟူသော
မဟာဝါပါဠိတော်လာ ဝါဆိုရခြင်းအကြောင်းကို သြဝါဒအဖြစ်မိန့်ကြားပြီး
ဝါဆိုဝါကပ်ခြင်းဟူသည်မှာ ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိ၍။
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါဆို ဝါကပ်ခြင်းကို ပုရိမဝါကပ်ခြင်း ခေါ်တွင်၍၊
အကြောင်းအားလျှော်စွာ
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါမဆိုလိုက်ရသော သံဃာများအတွက်
'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ဝါဆိုဝါကပ်ပြုခြင်းကို ပစ္ဆိမဝါကပ်ခြင်းဟု ခေါ်တွင်ပါသည်၊ထို့ကဲ့သို့ ဝါဆိုဝါကပ်ခြင်း
နှစ်မျိုးရှိကြောင်းကိုလည်း သြဝါဒအဖြစ်ထပ်ဆင့်မိန့်တော်မူပါသည်။
ထိုနောက် ဝါဆိုကြမည့် သံဃာများအနေဖြင့် ဝါတွင်းမှာ မိမိတို့နေထိုင်ရာ ကျောင်းအသီးသီး၌သာ
သီတင်းသုံးနေထိုင်ကြရမည်ဖြစ်ပြီး
ဝါတွင်း၌ မဖြစ်မနေ ခရီးသွားကြရလျှင်လည်း
ဒါနဉ္စ ဒါတုံ။
ဓမ္မဉ္စ သောတုံ။
ဘိက္ခု စ ပဿိတုံ ဟူသော
" တုံ သုံးတုံ" ကို
အနုပညတ် ခြွင်းချက်အနေနဲ့
မြတ်စွာဘုရားက ခွင့်ပြုတော်မူခဲ့ပါသည်။
၁။ ဒါတုံ- တစုံတယောက်က အလှူဒါနပြုလုပ်လို၍
ပင့်လျှောက်သောအခါ။
၂။ သောတုံ- တစုံတယောက်က တရားဓမ္မကိုကြားနာလို၍
ပင့်လျှောက်သောအခါ။
၃။ ပဿိတုံ- တစုံတယောက်က
ဖူးမြင်လို၍ ပင့်လျှောက်သောအခါ။
၀ါပန်၍ ခရီးသွားနိုင်သည် ။
၇ - ရက်မတိုင်မှီပြန်ရောက်ရမည်။
၇ ရက်အတွင်း ဝါဆိုရာ ကျောင်း နေရာသို့ ပြန်ရောက်အောင်လာမည်ဟု ဆုံးဖြတ်၍
စိတ်တွင်းမှသာ ကြံဆ၍ သွားလျှင်လည်းရပါသေးသည်။
‘အာဂစ္ဆန္တု အယျာ,
ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ, ဓမ္မဉ္စ သောတုံ,
ဘိက္ခူ စ ပဿိတု’’န္တိ, ဂန္တဗ္ဗံ, ဘိက္ခဝေ,
သတ္တာဟ ကရဏီယေန, ပဟိတေ,
န တွေဝ အပ္ပဟိတေ။
သတ္တာဟံ သန္နိဝတ္တော ကာတဗ္ဗောတိ။
‘‘ဣမသ္မိံ ဝိဟာရေ ဣမံ,
တေမာသံ ဝဿံ ဥပေမိ’’ ဟူသော
ဝါဆိုပုံပါဠိကို ရှေ့မှ တိုင်ပေးပြီး
သံဃာတော်များအား လိုက်ဆိုစေလျှက် ဝါဆိုဝါကပ်ခြင်းကို တညီတညာတည်း ပြုတော်မူကြပါသည်။
ဝါတွင်းနှင့် အဘိဓမ္မာတရားတော်
မြတ်စွာဘုရားသည် ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယဝိဟာရ၌ ပထမဦးဆုံးဝါကိုကပ်တော်မူ၏။ မြတ်စွာဘုရားရှင်သည် ဌာနပေါင်း
၁၇ နေရာတွင် ဝါတော်ပေါင်း ၄၅ ဝါကပ်
တော်မူရာ သတ္တမဝါကို
တာဝတိံသာနတ်ပြည်တွင် ကပ်တော်မူသည်။ မွေးမိခင်သီရိမဟာ မာယာဖြစ်ခဲ့သော
သန္တုဿိတနတ်သား အကြောင်းပြုလျက် ဝါဆိုတော်မူရင်းဖြင့် အဘိဓမ္မာ
တရားတော်များဟောကြား
ရွတ်ပွားကာ ကျေးဇူးဆပ်တော်မူခဲ့လေသည်။
ဝါဆိုလ၏ ထူးခြားမှုများ
ဝါဆိုလသည် အခါတော် ၉ ပါးနှင့်
ပြည့်စုံသော လဖြစ်သည်။
အခါတော်ကိုးပါးဆိုသည်မှာ -
(၁) မြတ်စွာဘုရား မယ်တော်ဝမ်းတိုက်
မှာ ပဋိသန္ဓေ တည်နေတော်မူခြင်း။
(၂) ဥယျာဉ်တော်မှာ စံပျော်စဉ်
နတ်ဝတ်တန်ဆာကိုဆင်မြန်းခြင်း။
(၃) ကိသာဂေါတမီအား လည်စွဲတန်ဆာ
ကိုစွန့်၍ ကျေးဇူးဆပ်ခြင်း။
(၄) နိမိတ်ကြီးလေးပါးကိုမြင်၍
တောထွက်ခြင်း။
(၅) မာရ်နတ်မင်း၏ ရန်ကို
အောင်မြင်တော်မူခြင်း။
(၆) ဘုရားဖြစ်ပြီး၍ ဝေနေယျ
သတ္တ၀ါတို့အား ဧဟိဘိက္ခုခေါ်တော်မူခြင်း။
(၇) တန်ခိုးပြာဋိဟာတို့ကို ပြတော်မူခြင်း။
(၈) ပဉ္စ၀ဂ္ဂီငါးဦးကို မိဂဒါဝုန်တော၌
ဓမ္မစကြာတရားဦးဟောတော်မူခြင်း။
(၉) မယ်တော်ဖြစ်ဖူးသော သန္တုဿိတ
နတ်သားကို အဘိဓမ္မာဒေသနာတော်ကို
ဟောကြားတော်မူခြင်း။
ဟူသော ကောင်းမြတ်သော အခါတော်(၉)ပါးနှင့်လည်း
ပြည့်စုံသောလ ဖြစ်ပါသည်။
၄၅ ဝါ ကာလ ပတ်လုံး မြတ်စွာဘုရား
ဝါဆို၊ ဝါကပ်ခဲ့သောနေရာများ
မြတ်ဗုဒ္ဓသည် ဗောဓိပင်နှင့်
ရွှေပလ္လင်တော်ထက်၌ မာရ်ငါးပါးကို အောင်မြင်တော်မူ၍ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့သော မဟာသက္ကရာဇ်
{၁၀၃} ခုနှစ်မှစ၍ ဝါဆို၊ ဝါကပ်တော်မူရာ နေရာဌာနများမှာ
{၁} ပထမဆုံးသော တစ်ဝါတွင်
ဗာရာဏသီ၊ ဣသိပတန မိဂဒါဝုန်တော၌
ဝါဆို၊ ဝါကပ်တော်မူခဲ့သည်။
{၂}ဝါမှ {၄}ဝါထိ-ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ ဝါဆို၊ ဝါကပ်တော်မူသည်။
{၅}ဝါမြောက်-ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရသာလာ ကျောင်းတော်ကြီး၌ ဝါဆို ဝါကပ်တော်မူသည်။
{၆}ဝါမြောက်-မကုဠတောင်၊ ချရားတော၌ သီတင်းသုံးကာ ဝါဆို ဝါကပ်တော်မူသည်။
{၇}ဝါမြောက်-တာဝတိံသာနတ်ပြည်၌ သီတင်းသုံးကာ ဝါဆိုဝါကပ်တော်မူသည်။
{၈}ဝါမြောက်-ဘဂ္ဂတိုင်း၊
သံသုမာရဂီရိပြည်၊ ဘဂ္ဂါယန ဇနပုဒ်အနီး
ဘေသကဠာမိဂဒါဝုန်တော၌ ဝါဆို ဝါကပ်တော်မူခဲ့သည်။
{၉}ဝါမြောက်-ကောသမ္ဘီပြည်၊ ဃောသိတာရုံ ကုက္ကုဋာရုံ ပါဝါရိကာရုံကျောင်းတော်များတွင် သီတင်းသုံးကာ ဝါဆို ဝါကပ်တော်မူခဲ့လေသည်။
{၁၀}ဝါမြောက်-ပါလိလေယျက တောအုပ်၌ သီတင်းသုံးကာ ဝါဆို ဝါကပ်တော်မူသည်။
{၁၁}ဝါမြောက်-နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူသည်။
{၁၂}ဝါမြောက်-ဝေဉ္ဇတိုင်း၊ နဠေရုတ တမာပင်ရင်း၌ သီတင်းသုံးကာ ဝါဆို ဝါကပ်တော်မူသည်။
{၁၃}ဝါမြောက်-စာလိယတောင်၌
သီတင်းသုံးကာ ဝါဆို ဝါကပ်တော်မူသည်။
{၁၄}ဝါမြောက်-သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူသည်။
{၁၅}ဝါမြောက်-ကပ္ပိလဝတ်ပြည်၊ နိဂြောဓာရုံကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူသည်။
{၁၆}ဝါမြောက်-အာဠဝီပြည်၊ မဟာဝုန်ကျောင်းတော်၌ ဝါဆို ဝါကပ်တော်မူသည်။
{၁၇}ဝါမြောက်-ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌
ဝါဆို ဝါကပ်တော်မူသည်။
{၁၈}ဝါမှ {၁၉}ဝါအထိ-စာလိယတောင်၌ သီတင်းသုံးကာ ဝါဆို ဝါကပ်တော်မူသည်။
{၂၀}ဝါမြောက်-ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌
ဝါဆို ဝါကပ်တော်မူသည်။
{၂၁}ဝါမှ {၃၉}ဝါအထိ-သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးကာ
ဝါဆို ဝါကပ်တော်မူသည်။
{၄၀}ဝါမှ {၄၄}ဝါအထိ-
သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်းတော်၌
ဝါဆို ဝါကပ်တော်မူသည်။
{၄၅}ဝါမြောက်-ဝေဠုဝရွာ၌
သီတင်းသုံးကာ ဝါဆို ဝါကပ်တော်မူသည်။
ထိုကဲ့သို့ မြတ်စွာဘုရားရှင်သည်
၄၅ ဝါပတ်လုံး သတ္တဝါဝေနေယျတို့အား သံသရာမှကယ်တင်တော်မူရင်း မဟာသက္ကရာဇ်{၁၄၈}ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် မလ္လာတိုင်း၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့လေသည်။
ဓမ္မ ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။
မေတ္တာဖြင့်
Ref: ကိုးကား -
- မဟာဝါ ဘာသာဋီကာ (ဒု) ၁၉၂
- သာသနာရေးဝန်ကြီးဌာန၊
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊
- (ဗုဒ္ဓဘာသာကောင်းတစ်ယောက်)။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
- ဒေါက်တာမောင်ဖြေ ရေးသားသည့်ထူးမြတ်
သည့်ဝါဆိုလအကြောင်းဆောင်းပါးမှ
- ရေးသူ အမည်မသိ စာစုများမှ။

No comments:
Post a Comment