26 April, 2017

ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

***Unicode***
ကဆုန်လပြည့်
ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ -
လေးသချေၤနှင့်ကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးဖွားသည့်နေ့-
မဟာသက္ကရာဇ် (၆၈) ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့-
မဟာသက္ကရာဇ် (၁၀၃) ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့ - မဟာသက္ကရာဇ် (၁၀၄) ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့-
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်
တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
ကဆုန်လပြည့် ဗုဒ္ဓနေ့ဟု
ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍-

ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း၊
ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း၊
ဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်း၊
ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့ဖြစ်ခြင်း
ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း၊

ဤထူးခြားချက်ငါးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်ငါးမျိုးတို့နှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့် ဗုဒ္ဓနေ့ ဟု
အမွှမ်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့
ဤရက်ကို `ကဆုန်လပြည့် မာရ်အောင်နေ့´
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်စန်းယှဉ်၍ ဖွားမြင်တော်
မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍ ထိုကဆုန်လပြည့်နေ့ကို
ဝိသာခါနေ့ဟု ခေါ်ဆိုကြပါသည်။
ဝိသာခါနက္ခတ်နှင့်ယှဉ်သောနေ့ဟုဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို
ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော်
၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဖွားဘက်တော်(၇) ပါးတို့မှာ
၁။ အာ - ညီတော်အာနန္ဒာ၊
၂။ ဗော - ဗောဓိပင်၊
၃။ ကာ - ကာဠုဒါယီအမတ်၊
၄။ ယ - ယသော်ဓရာမင်းသမီး၊ (ကြင်ယာတော်)
၅။ ဆံ - ဆန္နအမတ်၊
၆။ ရွှေ - ရွှေအိုးကြီးလေးလုံး၊
၇။ ကဏ် - ကဏ္ဍကမြင်း။
လင်္ကာ။ ။အာ ဗော ကာ ယ ၊ ဆံ ရွှေ ကဏ်
            မှတ်ရန် ဖွားဘက်တည်း။
ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များ
အနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်
ကို  ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို
စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
စံစားခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။
၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။

၉ ။ဗောဓိပင် ရေလှူရသောအကျိုး
ဝိပဿီမြတ်စွာဘုရား၏ ဗောဓိပင်မြတ်ကို ပူဇော်ပွဲသည် ဖြစ်၏၊ ထိုအခါ ငါသည် ရဟန်းဘဝသို့ ရောက်ပြီးသည် ဖြစ်လျက် ထိုပူဇော်ပွဲသို့ ချဉ်းကပ်၏။
ချဉ်းကပ်ပြီးသော် ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီးသည် ဖြစ်၍ ငါတို့ကို လွတ်မြောက်စေလတ္တံ့၊ ကိုယ်တော်တိုင် ဒုက္ခငြိမ်းအေးပြီးသည် ဖြစ်၍ ငါတို့ကို ငြိမ်းအေးစေလတ္တံ့ဟု နှလုံးသွင်းလျက် ငါသည် ပန်းဖြင့် ထုံးထားသော
ရေကိုယူ၍ ဗောဓိပင်၌ သွန်းလောင်းပူဇော်ခဲ့၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ် ကမ္ဘာထက်၌ ဗောဓိပင်၌ ညောင်ရေသွန်း လောင်းခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်၌ ညောင်ရေ သွန်းလောင်းရခြင်း၏ အကျိုးပေတည်း။

သုံးဆယ့်သုံးကမ္ဘာထက် ရောက်လတ်သော် လူတို့ကို အစိုးရသော ဥဒကသေဝန
မည်ကုန်သော စကြဝတေးမင်းတို့
သည် ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။

လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက် ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗောဓိသိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

တိမိရဝဂ်၊ဗောဓိသိဉ္စကတ္ထေရအပဒါန်၊
ခုဒ္ဒကပါဠိတော်

၁၀။ ဤကဆုန်လဟူသော စကားရပ်၌ ကဆုန်
ဟူသော အခေါ်အဝေါ်သည် ကဆိန္နဟူသော
ပါဠိစကားကို ကဆုန်ဟု မြန်မာမှုပြုထားသော ပါဠိသတ်ဝေါဟာရ အမည်ဖြစ်သည်။
ဤ ကဆိန္န၌ (က-ရေ၊ ဆိန္န-ပြတ်သည်)
ကဆိန္န- မြေဓာတ်မှာ ရေပြတ်သောလဟု
အဓိပ္ပာယ်ရသည်။ ကံ- ဥဒကံ ဆိန္နတိ ဧတ္ထာတိ ဣတိ-ထိုကြောင့် ၊ ကံဆိန္နမည်၏ ဟုလည်း ဆိုကြသေး၏။ ဤသို့ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လ၌ မဟာဗောဓိပင်သေမသွားစေရန်
နှင့် ဘုရားရှင်ကိုယ်စား ကိုးကွယ်သောအားဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြခြင်း ဖြစ်ပေသည်။ ဤကဆုန်လသည်ကား လွန်ခဲ့သောနှစ်က ရွာသွန်းခဲ့သော မိုးနှင့်လည်း အလွန်ဝေးကွာလာခဲ့သည်။နောက်လာမည့် မိုးကလည်းမရွာသေးချေ။ သို့ဖြစ်ရကား ဤကဆုန်လသည် ရေများခန်းခြောက်နည်းပါးကာ
မြေဓာတ်၌ ရေအပြတ်ဆုံးလဖြစ်လေသည်။ လူတို့သည် ဘုရားအလောင်းတော် ဘုရားအဖြစ် ရောက်တော်မူရာ မဟာဗောဓိပင်မှ ကူးယူစိုက်ပျိုး
ခဲ့သော ဤမဟာဗောဓိပင်ကို ဘုရားရှင်၏
ကိုယ်စား ကိုးကွယ်ရာ ရှားပါးအဖိုးတန်ဝတ္ထု
အဖြစ် လေးစားကိုးကွယ်ခဲ့ကြသည်။ ထိုရှားပါးအဖိုးတန်လှသော မဟာဗောဓိပင် သေမသွားစေရန် ရည်ရွယ်၍ ရေအပြတ်ဆုံးလ
ဖြစ်သော ဤကဆုန်လတွင် မဟာဗောဓိပင်ကို ညောင်ရေသွန်းလောင်း၍ ပူဇော်ကြခြင်း ဖြစ်ပါ
သည်။ဗောဓိပင်သည် စေတီ (၄) ပါး တို့တွင်
" စေတီ အများတကာအလေးအနက်ပြုရာဌာန"
၁။ ဓာတုစေတီတော်- ဓာတ်တော်၊စွယ်တော်၊
ဆံတော်။အရိုးတော် သွားတော် အံတော် အစ
ရှိသည် တို့ကို ဋ္ဌာပနာ၍ တည်သောစေတီ
၂။ ဓမ္မစေတီ- တရားတော် ၊ ပိဋကတ်သုံးပုံ ဓမ္မ
ပေစာအစရှိသည်တို့ကို ဋ္ဌာပနာ၍တည်သောစေတီ
၃။ ပရိဘောဂစေတီ- မြတ်စွာဘုရား၏ သင်္ကန်း
ရေစစ် သပိတ် တောင်ဝှေး အသုံးအဆောင် နှင့်
ဗောဓိညောင်ပင် အစရှိသည်တို့ ဖြစ်ပါသည်။
၄။ ဥဒ္ဒိသစေတီ – မြတ်စွာဘုရား၏ ပုံတူ
ရေးဆွဲ ထုလုပ် သွန်းလုပ်ထားသော ရုပ်ပွားတော် ဆင်းတုတော် အစရှိသည်တို့ ဖြစ်ပါသည်။
ဤမဟာဗောဓိပင်သည် ဤစေတီ(၄)မျိုးတို့တွင်
ပရိဘောဂ စေတီတော်မြတ် ဖြစ်ပါသည်။
ထိုမဟာဗောဓိပင်ကို ပူဇော်သော အစဉ်အလာ
သည် မြန်မာနိုင်ငံတွင် ပုဂံခေတ်၊ပင်းယခေတ်
တို့ကပင် ရှိနေသည်ဟု (သက္ကရာဇ် ၅၆၃၊ ပုဂံ သင်ကြီးညောင်အုပ် ကျောက်စာတို့အရ ) သိရလေသည်။ယနေ့အချိန်အထိ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားတို့သည် ညောင်ရေသွန်းပွဲတော်
ကို မြန်မာ့ယဉ်ကျေးမှုတစ်ရပ်အဖြစ် သတ်မှတ်
လျက် ကဆုန်လပြည့်နေ့ တွင် ဗောဓိပင်အား ညောင်ရေသွန်းလောင်းခြင်း ပန်းနံ့သာ
ကပ်လှူခြင်းများကို နှစ်စဉ်နှစ်တိုင်း
ပြုလုပ်လျက် ရှိကြပါသည်။

၁၁။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်
များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့
ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်
များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမှုကို ပြုလုပ်၍ ကဆုန်လပြည့်
ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

ref :ကျမ်းကိုး: မာဂဓီ (သာစည်)၏
          { အခါတော်နေ့များ စာအုပ်မှ }

ဗုဒ္ဓဘုရားရှင်တို့နှင့် ပွင့်တော်မူရာ မဟာဗောဓိပင်များ
(၁) တဏှာင်္ကရာ မြတ်စွာဘုရား -
      ကံ့ကော် ဗောဓိပင်
(၂) မေဓင်္ကရာ မြတ်စွာဘုရား -
      သရက်ဖြူ ဗောဓိပင်
(၃) သရဏင်္ကရာ မြတ်စွာဘုရား -
       ညောင်ကြပ် ဗောဓိပင်
(၄) ဒီပင်္ကရာ မြတ်စွာဘုရား -
      ညောင်ကြပ် ဗောဓိပင်
(၅) ကောဏ္ဍည မြတ်စွာဘုရား -
      နဘဲ ဗောဓိပင်
(၆) မင်္ဂလ မြတ်စွာဘုရား -
     ကံ့ကော် ဗောဓိပင်
(၇) သုမန မြတ်စွာဘုရား -
      ကံံ့ကော် ဗောဓိပင်
(၈) ရေဝတ မြတ်စွာဘုရား -
      ကံ့ကော် ဗောဓိပင်
(၉) သောဘိတ မြတ်စွာဘုရား -
        ကံ့ကော် ဗောဓိပင်
(၁၀) အနောမဒဿီ မြတ်စွာဘုရား -
       ထောက်ကြန့် ဗောဓိပင်
(၁၁) ပဒုမ မြတ်စွာဘုရား -
      ကြောင်လျှာ ဗောဓိပင်
(၁၂) နာရဒ မြတ်စွာဘုရား -
     ကြောင်လျှာ ဗောဓိပင်
(၁၃) ပဒုမုတ္တရ မြတ်စွာဘုရား -
       ထင်းရှူး ဗောဓိပင်
(၁၄) သုမေဓ မြတ်စွာဘုရား -
        မအူကြီး ဗောဓိပင်
(၁၅) သုဇာတ မြတ်စွာဘုရား -
         ကြခတ်ဝါး ဗောဓိပင်
(၁၆) ပီယဒဿီ မြတ်စွာဘုရား -
       ရေခံတက် ဗောဓိပင်
(၁၇) အတ္ထဒဿီ မြတ်စွာဘုရား -
         စကား ဗောဓိပင်
(၁၈) ဓမ္မဒဿီ မြတ်စွာဘုရား -
        မျက်နှာပန်း ဗောဓိပင်
(၁၉) သိဒ္ဓတ္ထ မြတ်စွာဘုရား -
       မဟာလှေကား ဗောဓိပင်
(၂၀) တိဿ မြတ်စွာဘုရား -
       ပိတောက် ဗောဓိပင်
(၂၁) ဖုဿ မြတ်စွာဘုရား -
       သျှိသျှား ဗောဓိပင်
(၂၂) ဝိပဿီ မြတ်စွာဘုရား -
        သခွပ် ဗောဓိပင်
(၂၃) သိခီ မြတ်စွာဘုရား -
      သရက်ဖြူ ဗောဓိပင်
(၂၄) ဝေဿဘူ မြတ်စွာဘုရား -
       အင်ကြင်း ဗောဓိပင်
(၂၅) ကကုသန် မြတ်စွာဘုရား -
      ကုက္ကို ဗောဓိပင်
(၂၆) ကောဏဂုဏ် မြတ်စွာဘုရား -
       ရေသဖန်း ဗောဓိပင်
(၂၇) ကဿပ မြတ်စွာဘုရား -
        ပညောင် ဗောဓိပင်
(၂၈) ဂေါတမ မြတ်စွာဘုရား -
       ညောင်ဗုဒ္ဓဟေ ဗောဓိပင်
(၂၉) နောင်ပွင့်တော်မူမည့် အရိမေတ္တေယျ
        မြတ်စွာဘုရား - ကံ့ကော် ဗောဓိပင်။
တို့တွင်ပွင့်ထွန်းပေါ်ပေါက်တော်မူကြလေကုန်၏။

ref:ကျမ်းကိုး: နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင်စာအုပ်မှ

မြတ်ဗုဒ္ဓ၏ သတ္တသတ္တာဟစံနေတော်မူခြင်း

မြတ်စွာဘုရားရှင်သည်
၁။ပလ္လင်္ကသတ္တာဟ -
ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ  ဗောဓိပင်အောက်  ရွှေပလ္လင်ထက်ဝယ်  ၇ ရက် ကြာအောင်  ဖလသမာပတ် ဝင်စားတော်မူကာ  ထိုင်နေတော်မူသည် ။ထို ၇ ရက်ကို   ပလ္လင်္ကသတ္တာဟ  ဟုခေါ်သည်။

၂။ အနိမိသသတ္တာဟ -
  ရွှေပလ္လင်တော်မှ ထတော်မူကာ ဗောဓိပင်၏
အရှေ့မြောက်ဘက် ၄၈ တောင်ကွာဝေးသော  အရပ်၌  ရပ်တော်မူလျှက်  ကိလေသမာရ် အစရှိသည်တို့ကို အောင်တော်မူရာ  ဗောဓိပင်
နှင့်ရွှေပလ္လင်ကို ၇ ရက်တိတိ မမှိတ်သော မျက်လုံးအစုံတို့ဖြင့် ကြည့်ရှု့တော်မူသည်။
ထို ၇ ရက်ကို  အနိမိသသတ္တာဟ ဟုခေါ်သည်။

၃။ စင်္ကမသတ္တာဟ -
ထို့နောက် ထိုရပ်တော်မူရာနှင့့်  ဗောဓိပင်အကြား  အရှေ့အနောက် အတောင် ၆၀ ရှည်လျှားသော  ရတနာစင်္ကြ ံလမ်းဝယ် ၇ ရက်လုံးလုံး 
စင်္ကြ ံကြွလျှက်နေတော်မူသည်။
ထို ၇ ရက်ကို စင်္ကမသတ္တာဟ ဟုခေါ်သည်။

၄။ ရတနာဃရသတ္တာဟ-
ထို့နောက် ဗောဓိပင်၏ အနောက်မြောက်ဘက် အတောင် ၄၀ အကွာအရပ်သို့ ကြွတော်မူကာ  နတ်တို့ဖန်ဆင်းထားအပ်သော  ရတနာဃရ   ရတနာစံကျောင်းတော်၌ ၇ ရက် တိုင်တိုင် စံနေ
တော်မူကာ အလွန်လေးနက်သော အဘိဓမ္မာ တရားတော်များကို  ဆင်ခြင်တော်မူသည်။
အဘိဓမ္မာ ၇ ကျမ်း၏ နောက်ဆုံးကျမ်းဖြစ်သော  မဟာပဋ္ဌာန်းတရားတော်မြတ်ကို ဆင်ခြင်တော်
မူသောအခါ  စိတ်တော်အထူး ကြည်လင်သဖြင့် အသွေးတော်အသားတော်တို့သည်လည်း ကြည်လင်ကာ ကိုယ်တော်အစိတ်စိတ်မှ
တဖိတ်ဖိတ် တလက်လက် ထွက်သော
ရောင်ခြည်တော်ခြောက်ဖြာတို့သည်  စကြာဝဠာ  အဆုံးတိုင်   တဖြိုင်ဖြိုင် ကွန့်မြူ းတော်မူသည်။
ထို ၇ ရက်ကို ရတနာဃရ သတ္တာဟ ဟုခေါ်သည်။

၅။ အဇပါလသတ္တာဟ -
ထို့နောက် ဗောဓိပင်၏ အရှေ့ဘက် ၁၂၈ တောင်
ဝေးကွာသော အဇပါလ ခေါ်ဆိတ်ကျောင်းသမား
တို့ နားရာခိုရာနေရာဖြစ်သော ညောင်ပင်သို့ ကြွတော်မူလျက် ၇ ရက်ကြာ  ဖလသမာပတ်
ဝင်စားကာ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူသည်။
ထို အတောအတွင်း  ဘုရားကို ဖက်ပြိုင်၍ မနိုင်
စစ်ရှုံး၍ လက်မှိုင်ချနေသောမာရ်နတ်မင်း၏
သမီးတော် သုံးယောက်ဖြစ်သော
မာရ်နတ်၏ သမီးတော်သုံးပါး ဖြစ်သော
တဏှာ-အာရတီ-ရာဂါ တို့သည် ဖခင်အတွက်
လက်စားချေ မြူဆွယ်ဖြားယောင်းဖို့ရန်  လာကြသည်ကို  ဆုံးမတော်မူသည် ။
ထို့အပြင် ဒေါသအမျက် ချောင်းချောင်းထွက်၍
လာသော ဟုံဟုံက ပုဏ္ဏားကို ဆုံးမ၍
ခုနစ်ရက် သီတင်းသုံးတော်မူခဲ့သော
အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရှိခဲ့၏။
ထို ၇ ရက်ကို အဇပါလသတ္တာဟ ဟုခေါ်သည်။

{  "အဓိပ္ပါယ်ရှင်းလင်းချက်"
မာရ် (၅)ပါး
(၁) ကိလေသမာရ်
(၂) ခန္ဓမာရ်
(၃) မစ္စုမာရ်
(၄) အဘိသခါၤရမာရ်
(၅) ဒေဝပုတ္တမာရ်

ကိလေသမာရ် ဆိုတာ တစ်ထောင့်ငါးရာကိလေသာတွေကိုပြောတာ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ အစရှိတဲ့ ကိလေသာတွေဟာ စိတ်ကို ပူလောင်စေတတ်တယ်၊ ညစ်နွမ်းစေတတ်တယ်၊ ပင်ပန်းဆင်းရဲအောင် နှိပ်စက်တတ်တယ်။
ဒီကိလေသာတွေ ရှိနေသရွေ့ကတော့
သံသရာမှာ တလည်လည်နဲ့ အမြဲသေနေဦးမှာပဲ။
ဒီလိုသေစေတတ်လို့ ကိလေသာကို မာရ်လို့ခေါ်ပါတယ်။

ခန္ဓမာရ် ဆိုတာ ဒီခန္ဓာ ၅ပါးကို ပြောတာပါပဲ။ ခန္ဓာရှိသရွေ့ သေနေဦးမှာပဲ။
ဘယ်ခန္ဓာဖြစ်ဖြစ် သေနေဦးမှာပဲ။
သေတတ်လို့ ခန္ဓာ ၅ပါးကို မာရ်လို့ခေါ်ပါတယ်။

မစ္စုမာရ် ဆိုတာ သေခြင်းတရားပါပဲ။
မရဏ သေမင်းကိုပြောတာပေါ့။
သေအောင်သတ်တတ်တဲ့ မစ္စုကို မာရ်လို့ခေါ်ပါတယ်။

အဘိသခါၤရမာရ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကိုပြောတာပါ။
ကုသိုလ်ကံကြောင့် ကောင်းတဲ့ဘဝရောက်မယ်။ အကုသိုလ်ကံကြောင့် မကောင်းတဲ့ဘဝ ရောက်မယ်။ ဘယ်ဘဝရောက်ရောက်
သေမှာပဲ။သေစေတတ်လို့ အဘိသခါၤကို
မာရ်လို့ ခေါ်ပါတယ်။

ဒေဝပုတ္တမာရ် ဆိုတာ ဝဿဝတီ နတ်ပြည်က မာရ်နတ်မင်းကို ပြောတာဖြစ်ပါတယ်။

မာရ်နတ်၏ သမီးတော်သုံးပါး
  ၁  တဏှာ - တွယ်တာတပ်မက်ခြင်း
  ၂  အာရတီ - အလိုမပြည့်ခြင်း
  ၃  ရာဂ - ဆန္ဒပြင်းပြခြင်း        }

၆။ မုစလိန္ဒသတ္တာဟ -
ထို့နောက် ဗောဓိပင်၏ အရှေ့တောင်ဘက် အတောင်၂၀၀ ဝေးသောအရပ်၌ မုစလိန္ဒ
ခေါ်ကျည်းပင်ရှိသည် ထိုကျည်းပင် အနီးရှိ
ရေအိုင်ကိုလည်း မုစလိန္ဒအိုင်ဟုခေါ်သည် ။
ထိုကျည်းပင်အောက်သို့ကြွ၍ ၇ ရက်ကြာ
နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူသည်။ 
ထိုစဉ်က ၇ ရက်စွေသော မိုးကြီးစွာရွာသွန်း
သဖြင့် လွန်စွာချမ်းအေးလှသည်ဖြစ်၍
ထိုရေအိုင်၌ အုပ်စိုးသော နဂါးမင်းသည်
မြတ်စွာဘုရား အအေးဒဏ်  မခံစားရစေရန်  ရည်ရွယ်၍ မိမိ၏ ခန္ဓာကိုယ်ကို ခုနှစ်ခွေ ရစ်ခွေ၍ ဘုရားရှင်ကို ရစ်ပတ်ပူဇော်ကာ ဦးထိပ်၌ မိမိ၏ ပါးပျဉ်းဖြင့်အုပ်မိုး ပေးထားလေသည်။
ထို ၇ ရက်ကို မုစလိန္ဒသတ္တာဟ ဟုခေါ်သည်။

၇။ ရာဇာယတနသတ္တာဟ -
ထို့နောက် မြတ်စွာဘုရားရှင်သည် ဗောဓိပင်
နှင့်  အတောင် ၁၆၀ ကွာဝေးသော ရာဇာယတန
မည်သော လင်းလွန်းပင် အောက်သို့ကြွရောက်
တော်မူပြီး ၇ ရက်ပတ်လုံး ဖလသမာပတ် ဝင်စား
ကာ နိဗ္ဗာန်ချမ်းသာကို စံစားခံစားတော်မူသည်။
ထို ၇ ရက်ကို ရာဇာယတနသတ္တာဟ ဟုခေါ်သည်။

ထို ရာဇာယနန သတ္တာဟတွင်
တပုဿနှင့်ဘလ္လိက ညီနောင် မုန့်ဆွမ်းလှုခြင်း
သတ္တာဟ ၇ ရက်ပြည့်သောအခါ  သိကြားမင်း ဆက်ကပ်သော သျိသျှားသီးကိုဘုဉ်းပေးတော်မူ၍
ဝမ်းသက်စေတော်မူသည်။သိကြားမင်း ကပ်လှူ  သော နွယ်ချိုတံပူကိုဝါး၍ အနောတတ်ရေစင်ဖြင့်
မျက်နှာသစ်တော်မူသည်။ ၇ ရက် ၇ လီ ၄၉ ရက်
အတွင်း မည်သည့်အာဟာရကိုမျှ ဘုဉ်းပေးတော်
မမူ။မျက်နှာတော်သစ်ခြင်း စသော ကိုယ်လက်
သုတ်သင်ခြင်းလည်းမရှိ။အလိုလိုသန့်စင်နေသည်။
နိဗ္ဗာန်ချမ်းသာကို ခံစားစေကာ အေးမြကြည်လင်
တော်မူ၏။သုဇာတ၏ ဃနာနို့ဆွမ်းသည် 
၄၉  ရက်လုံး မြတ်စွာဘုရားရှင်၏ သန္တာန်တော်၌
ပျံ့နှံ့၍နေ၏။ထိုသို့ လင်းလွန်းပင်ရင်း သီတင်းသုံး
နေတော်မူစဉ် ဥက္ကလာတိုင်း ပေါက္ခရဝတီမြို့သား  တပုဿနှင့်ဘလ္လိက ညီနောင်  လှည်းကုန်သည်    တို့သည်   လှည်းငါးရာဖြင့် မဇ္ဈိမ ဒေသသို့ ရောက်ရှိလာကြလေသည်။ယခင်ဘဝဟောင်းက
မိဘဆွေမျိုးတော်စပ်ခဲ့ဘူးသော နတ်တို့၏ ညွှန်ပြချက် အရ ဘုရားရှင်ပွင့်ထွန်းတော်
မူကြောင်းကြားသိရ၍  ဘုရားရှင်ကိုဖူးမြှော်ရန်  ရောက်ရှိလာကြခြင်းဖြစ်သည်။

ကုန်သည်ညီနောင်တို က ဘုရားရှင်ကို သကြား
ထောပတ် ပျားရည်တို့ ပေါင်းစပ်၍  မုန့်မှုန့်နှင့်
ဆုပ်ထားသော ပျားမုန့်ဆုပ်ကို ဆက်ကပ်လှူဒါန်း
လေသည် ။ဘုရားရှင်သည် ထိုအာဟာရကို
ဘုဉ်းပေးတော်မူ၍ တရားဟောတော်မူသည် ။
ကုန်သည်ညီနောင်တို့သည်  ဘုရားနှင့်တရား
သရဏဂုံနှစ်ပါးကို ပထမဆုံး ဆည်းကပ်ခွင့်ရသူ ဥပါသကာများဖြစ်သည်။ ထိုသရဏဂုံကို  ဒွေဝါစိက သရဏဂုံဟုခေါ်သည်။ကုန်သည်
ညီနောင်တို့က  ဘုရားရှင်အား အမြဲဆည်းကပ်ခွင့်
တောင်းဆိုရာ မြတ်ဘုရားရှင်သည် လက်ယာ
လက်တော်ဖြင့် ဦးခေါင်းတော်ကိုသုံးသပ်တော်မူ၍
ပါလာသောဆံတော်များကို ချီးမြှင့်တော်မူသည်။
ကုန်သည်ညီနောင်တို့သည်  မိမိတို့နေရပ် ဥက္ကလာ
တိုင်းသို့ ပြန်လာ၍  သိင်္ဂုတ္တရကုန်းတော်ပေါ်တွင်
တိကုမ္ဘ မည်သော စေတီတည်၍ ဆံတော်များကို
ဌာပနာကြလေသည် ။ ထိုစေတီသည်ကား ယနေ့
ရွှေတိဂုံစေတီတော်မြတ်ပင်ဖြစ်သည် ။

သတ္တဌာန ခုနှစ်ပါး သိမှတ်ဖွယ်

၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏
   အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာ
     ဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာ
     ဌာန ရတနာစင်္ကြ ံ
၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅
    လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ
    အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ
မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်း အုပ်မိုးရာဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ
  ရာဇာယတန လင်းလွန်းပင်ရှိရာအရပ်

ref:ကျမ်းကိုး: သုခမှတ်စုစာအုပ်မ

No comments:

Post a Comment