ဓမ္မကထိကသိကောင်းစရာများ
အပိုင်း { ၁ }
ဓမ္မကထိက အင်္ဂါ ၅ ပါး
၁။ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ စသော အနုပုဗ္ဗိကထာကို
( ကထာအစဉ်ကို ) ဟောရမည်။
၂။ ထိုထိုအကျိုး၏ အကြောင်းကို ဖော်ပြ၍ဟောရမည်။
၃။ ကရုဏာ ရှေ့ထား၍ ဟောရမည်။
၄။ ဓမ္မပူဇာဝတ္ထု ၊ အနာဂတ်ဒါနဝတ္ထု စသော အာမိသကိုမငဲ့ဘဲ ဟောရမည်။
၅။ မိမိ သူတစ်ပါးကို မထိပါးဘဲ ဟောရမည်။
ဤရည်ရွယ်ချက် ငါးပါးဖြင့် ဟောကြားခြင်း
သည် ဓမ္မကထိက အင်္ဂါငါးပါး ဖြစ်သည်။
( ၁ ) အနုပုဗ္ဗိကထံ ကထေဿာမီတိ ပရေသံ
ဓမ္မော ဒေသေတဗ္ဗော။
( ၂ ) ပရိယာယ ဒဿာဝီ ကထံ ကထေဿာမီတိ ပရေသံ ဓမ္မော ဒေသေတဗ္ဗော။
( ၃ ) အနုဒ္ဒယာတံ ပဋိစ္စ ကထံ ကထေဿာမီတိ
ပရေသံ ဓမ္မော ဒေသေတဗ္ဗော။
( ၄ ) န အာမိသန္တရော ကထံ ကထေဿာမီတိ
ပရေသံ ဓမ္မော ဒေသေတဗ္ဗော။
( ၅ ) အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ကထံ
ကထေဿာမီတိ ပရေသံ ဓမ္မော ဒေသေတဗ္ဗော ၊
န ခေါ အာနန္ဒ သုကရံ ပရေသံ ဓမ္မံ ဒေသေတုံ ၊
ပရေသံ အာနန္ဒ ဓမ္မံ ဒေသေန္တေန
ဣမေ ပဉ္စဓမ္မေ အဇ္ဈတ္တံ ဥပဋ္ဌာပေတွာ ပရေသံ
ဓမ္မော ဒေသေတဗ္ဗော။
{ အံ/၅ / ၁၆၂ } { ဥဒါယီသုတ္တံ }
( ဆောင်ပုဒ် )
ကထာစဉ်ကာ ၊ ကြောင်းပြကာနှင့် ၊
ကရုဏာရှိခဲ့ ၊ လာဘ်မငဲ့တည့် ၊
ကိုယ်နဲ့သူအား ၊ မထိပါးသည် ၊
တရားဟောသူ အင်္ဂါတည်း ။
( ၁ ) ကထာစဉ်ဟူသည်ကား
၁။ ဒါနကထာ ရှေ့ဦးစွာဒါနတရားကို ဟောကြားခြင်း။
၂။ သီလကထာ ထို့နောက် သီလကို
ဟောကြားခြင်း။
၃။ သဂ္ဂကထာ ထို့နောက် ဒါန သီလတို့၏ အကျိုးကိုပြ၍ နတ်ပြည်ရောက်ပုံကို
ဟောကြားခြင်း။
၄။ ကာမာနံ အာဒီနဝကထာ လူ့ပြည် နတ်ပြည် စည်းစိမ်ချမ်းသာ ကာမဂုဏ်တို့၏ အပြစ်ကို ဟောကြားခြင်း။
၅။ နိက္ခမေ အာနိသံသကထာ ကာမဂုဏ်မှ
ရှောင်ခွာခြင်း ၊ ထွက်ခွာခြင်း၏
အကျိုးကျေးဇူးကို ဟောကြားခြင်း။
၆။ စတုသစ္စဒေသနာကထာ သစ္စာလေးပါးတရားကို ဟောကြားခြင်း။
ဤအစဉ်ခြောက်ပါးကို ဟောကြားခြင်းသည် ကထာအစဉ်အတိုင်း ဟောခြင်းမည်၏။
( ၂ ) အကြောင်းကိုပြ၍ ဟောကြားခြင်းဟူသည်
ဒုဂ္ဂတိမှလွတ်ကြောင်း ၊ သုဂတိသို့ရောက်ကြောင်း၊ စည်းစိမ်ချမ်းသာရကြောင်း၊ ပစ္စုပ္ပန် တမလွန် ဘေးရန်ကင်းကြောင်း ချမ်းသာကြောင်း၊ သံသရာဝဋ်ဒုက္ခမှ ကင်းလွတ်ကြောင်း
အစရှိသော လောကီလောကုတ္တရာ
ချမ်းသာခြင်း၏ အကြောင်းတို့ကို ဖော်ပြ၍ ဟောကြားခြင်းတည်း ။
( ၃။ ) ကရုဏာကို အစွဲပြု၍ ဟောခြင်းဟူသည်
တရားနာသူတို့သည် အကုသိုလ်တွေများနေရှာကြသည်။ ကုသိုလ်အားနည်းရှာကြသည်။ ပမာဒတရား လွှမ်းမိုးခံနေရရှာကြသည်
စသည်ဖြင့် တရားနာသူအပေါ် သနားကရုဏာရှေ့ထား၍ ကုသိုလ်တရားပွားများ၍ အပ္ပမာဒတရား လက်ကိုင်ထားနိုင်ရန်၊ တရားထူးရရှိနိုင်ရန် ဟောကြားခြင်းတည်း။
( ၄ ) အာမိသကိုမငဲ့ဘဲ တရားဟောခြင်းဟူသည်
အလှူဝတ္ထု လှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ တရားသိစေရေးကိုသာ ရှေ့ရှု၍ ဟောကြားခြင်း
တည်း။ အနာဂတ် လာဘ်မငဲ့ခြင်း၊
ပူဇော်သက္ကာရ၊ လာဘသက္ကာရသိလောက
( နာမည်ကျော်ကြားခြင်း ) စသည်ကို
မငဲ့ခြင်းလည်း ပါဝင်၏။
( ၅ ) မိမိသူတစ်ပါး မထိပါးဘဲ တရားဟောခြင်း
ဟူသည် မိမိနှင့် မိမိဆိုင်ရာကို မြှောက်ပင့်၍ သူတစ်ပါးနှင့် သူတစ်ပါးဆိုင်ရာကို နှိမ်ချ၍
မဟောဘဲ တရားသဘော အရှိအတိုင်းကိုသာ
ရိုးရိုးဟောကြားခြင်းတည်း။
ဓမ္မကထိက မည်နိုင်ရန် တရားဟောပုံ
အခြင်းအရာကား
ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု
ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ တရားကို ဟောကြားပါက ဓမ္မကထိကပုဂ္ဂိုလ်
ခေါ်ဆိုထိုက်၏။
{ ခန္ဓ/သံ/ ပါ/ ၁၃၃/ ဓမ္မကထိကသုတ္တံ။ }
စက္ခု သောတ ဃာန ဇိဝှါ ကာယ မန ဤအဇ္ဈတ္တိကာယတန ၆ပါးကို ငြီးငွေ့အောင်၊ တပ်မက်ခြင်းကင်းအောင်၊ ချုပ်ငြိမ်းအောင် တရားဟောကြားပါက ဓမ္မကထိကပုဂ္ဂိုလ် ခေါ်ဆိုထိုက်၏။
{ သဠာယတန/သံ/ပါ/၃၅၃/ဓမ္မကထိကသုတ္တံ။ }
ဇာတိ ဇရာ မရဏကို ဘ၀ ဥပါဒါန် တဏှာ
ဝေဒနာ ဖဿ သဠာယတန ရုပ်နာမ် ဝိညာဏ် သင်္ခါရ အဝိဇ္ဇာကို ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်း
ကင်းစေခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ တရားကိုဟော၏။ ယင်းသို့ ဟောပါက ဓမ္မကထိကခေါ်ဆိုထိုက်၏။
{ နိဒါန/သံ/ပါ/ ၂၅၈/ ဓမ္မကထိကသုတ္တံ။ }
အဘိဓမ္မာတရားကို ဟောကြားမှ
ဓမ္မကထိကပုဂ္ဂိုလ်ခေါ်ဆိုထိုက်၏။
{ အဋ္ဌသာလိနီ / ၃၀/ဟံသာဝတီမူ }
ဆောင်ပုဒ်
ခန္ဓာငါးပါး ၊ ငြီးငွေ့သွားအောင် ၊
ဟောကြားတတ်ပေ ၊ စွမ်းနိုင်ပေ၊
မှတ်လေ ဓမ္မကထိက။
အဇ္ဈတ္တိက၊ အာယတနခြောက်ပါး၊
ငြီးငွေ့သွားအောင်၊ ဟောကြားတတ်ပေ၊
စွမ်းနိုင်ပေ၊ မှတ်လေ ဓမ္မကထိက။
ပဋိစ္စတရား ၊ ငြီးငွေ့သွားအောင်၊
ဟောကြားတတ်ပေ ၊ စွမ်းနိုင်ပေ၊
မှတ်လေ ဓမ္မကထိက။
အဘိဓမ္မာတရား၊ သိထင်ရှားအောင်၊ ဟောကြားတတ်ပေ ၊ စွမ်းနိုင်ပေ၊
မှတ်လေ ဓမ္မကထိက။
မြတ်စွာဘုရားသည် အဘယ်သို့သော
အခြင်းအရာအားဖြင့်
တရားဟောကြားသနည်းဟူမူကား။
( ၁ ) သုတ်တရားတော်
မင်္ဂလသုတ်စသည်ဖြင့် သုတ်တစ်ခုပြု၍
ဟောကြားတော်မူသည်။
( ၂ ) ဂေယျတရားတော်
ဂါထာပါသော ( ဂါထာနှင့်တကွ )
သုတ်တစ်ခုပြု၍ ဟောကြားတော်မူသည်။
( သဂါထာဝဂ္ဂ သံယုတ်စသည်။ )
( ၃ ) ဝေယျာကရဏ တရားတော်
ဂါထာမပါ စုဏ္ဏိယသက်သက်ဖြင့်
ဟောကြားတော်မူသည်။
( ၄ ) ဂါထာ တရားတော်
ဂါထာသက်သက် သီးသန့်အားဖြင့်
ဟောကြားတော်မူသည်။
( ဓမ္မပဒ စသည်။ )
( ၅ ) ဥဒါန်းတရားတော်
သောမနဿဉာဏ်အစွမ်းကြောင့်
ဝမ်းမြောက်တော်မူ၍ ဥဒါန်းကျူးရင့်
ဟောကြားတော်မူသည်။
( ၆ ) ဇာတက ( ဇာတ်ဝတ္ထု ) တရားတော်
အတိတ်ဇာတ်ကြောင်းကို ဟောကြားတော်မူသည်။
( ၇ ) အဗ္ဘုတ တရားတော်
အံ့သြဘနန်း ထူးဆန်းသော အကြောင်းအရာ
နှင့် စပ်၍ ဟောကြားတော်မူသည်။
( ၈ ) ဝေဒလ္လ တရားတော်
နှစ်သက်ဝမ်းမြောက်ခြင်းကို ရကြကုန်၍
မေးမြန်းသော အကြောင်းအရာနှင့်စပ်၍ ဟောကြားတော်မူသည်။
( ၉ ) ဣတိဝုတ္တကတရားတော်
ခုဇ္ဇုတ္တရာထေရီမသည် ဗုဒ္ဓဟောကြားပုံကို
ပြန်လည်၍ ဟောကြားသော တရားဖြစ်သည်။
ဤကား မြတ်စွာဘုရား တရားဟောကြားပုံ
ကိုးမျိုးတည်း။
တစ်နည်းသော်ကား
မြင်းတို့ကို လေ့ကျင့်သင်ကြား နည်းပြဆရာကြီး ကေသိ မည်သောပုဏ္ဏားကြီး မြတ်ဗုဒ္ဓထံသို့
ရောက်လာသောအခါ မြင်းတို့အား ဆုံးမသင်ပြပုံ
ကို ဗုဒ္ဓမြတ်စွာသည် မေးမြန်းရာ၌ အောက်ပါအတိုင်းလျှောက်ထားလေ၏။
( ၁ ) အနုနည်းဖြင့် ချော့မော့ ဆုံးမရပါသည်။
( ၂ ) အကြမ်းနည်းဖြင့် ဆုံးမရပါသည်။
( ၃ ) အနု အကြမ်း နှစ်မျိုးဖြင့်လည်း ဆုံးမရပါသည်ဟု လျှောက်ထား၏။
ထိုအခါ မြတ်ဗုဒ္ဓသည် ဤနည်းသုံးနည်းဖြင့်
ဆုံးမ မရခဲ့သော် အဘယ်သို့ ဆုံးမရပါသနည်း
ဟု မေးတော်မူ၏။ ဤနည်းသုံးနည်းဖြင့်
ဆုံးမ မရသောမြင်းကို တပည့်တော် အဆုံးစီရင် (သတ်ပစ်) လိုက်ပါသည်ဘုရားဟု ပြန်လည်၍ လျှောက်ထား၏။
{ မှတ်ချက် ဤဆရာကြီး ဆုံးမ မရတဲ့ မြင်းရှိ
သေးသည်ဟု စကားတင်စီး ကဲ့ရဲ့မည်ဆိုး၍
ယင်းသို့ စီရင်သည် ဟူလို။ }
ထိုအခါမှာ ကေသိမြင်းဆရာကြီးက
တဖန်ပြန်လည်၍ လျှောက်ထား၏ ။
မြတ်စွာဘုရားသည်လည်း သတ္တဝါတို့ကို
ယဉ်ကျေးလိမ္မာအောင် အဘယ်သို့ ဆုံးမတော်မူပါသနည်းဟု မေးမြန်းတော်မူ၏။
ထိုအခါ မြတ်ဗုဒ္ဓက ပုဏ္ဏားကြီး သင် ဆုံးမသကဲ့သို့ ငါသည်လည်း နည်းသုံးနည်း
ဖြင့်သာ ဆုံးမပေ၏။
( ၁ ) ကုသိုလ်တရား ၊ ထိုကုသိုလ်၏
အကျိုးတရားကိုပြ၍ အနုနည်းဖြင့် ဆုံးမခြင်း။
( ၂ ) အကုသိုလ်တရား ၊ ထိုအကုသိုလ်၏ အကျိုးတရားကိုပြ၍ အကြမ်းနည်းဖြင့် ဆုံးမခြင်း။
( ၃ ) ယင်းနှစ်မျိုးလုံးကိုပြ၍ အနု အကြမ်းနည်း
ဖြင့် ဆုံးမပေ၏ဟု မိန့်ကြားတော်မူလေသည်။
ထိုအခါ ကေသိပုဏ္ဏားကြီးက ဤသုံးမျိုးဖြင့် ဆုံးမ၍မရခဲ့သော် အသို့
ဆုံးမတော်မူပါသနည်းဟု လျှောက်ထား
မေးမြန်းလေ၏။ မြတ်ဗုဒ္ဓသည် ဤသုံးနည်းဖြင့် ဆုံးမ မရသော သတ္တဝါကို ငါတို့သည်
အဆုံးစီရင် ( သတ်ပစ် ) လိုက်သည်ဟု
မိန့်တော်မူ၏။
ကေသိပုဏ္ဏားကြီးက အရှင်ဘုရား
အရှင်ဘုရားတို့အား သတ်ဖြတ်ခြင်းအမှုသည်
မလျောက်ပတ် မလျော်ကန်သည်မဟုတ်ပါလော
ဟု လျှောက်ထားလေရာ ဗုဒ္ဓသည် ပုဏ္ဏားကြီး ဆိုဆုံးမ၍ မရသောသူကို မည်သည့်အဆုံးအမကိုမျှ မပေးတော့ဘဲ လျစ်လျူရှု
ပစ်ထားခြင်းကို သူတော်ကောင်းတို့၏
အဆုံးစီရင်မှု သတ်ပစ်မှု ဖြစ်၏ဟု မိန့်တော်မူ၏။
ဘုရား၊ ရဟန္တာ ၊ အရိယာသူတော်ကောင်း၊
မိဘ ဆရာတို့က ဆိုဆုံးမမှု မပြု သင့်ထိုက်နှင့်
သင့်ကံ ဖြစ်ချင်ရာဖြစ်ဟု အပယ်ခံ အပစ်ခံရသောသူသည် ကောင်းကျိုးချမ်းသာ ပျက်ပြုန်း၍ အသက်ရှင်လျက် သေဆုံးသူမည်သတည်း ။
ဤကား မြတ်ဗုဒ္ဓ၏ တရားဟောကြားပုံ
နည်းသုံးမျိုးတည်း။
ထိုမှတစ်ပါး မြတ်ဗုဒ္ဓသည် အထူးထူးအပြားပြား ဆန်းကြယ်သောနည်းတို့ဖြင့်လည်း
တရားဒေသနာတော်ကို ဟောတော်မူ၏။
( ၁ ) အကျဉ်းနည်းအားဖြင့်ဟောခြင်း
မြတ်ဗုဒ္ဓသည် လိုရင်အဓိပ္ပါယ်ကို အကျဉ်းချုပ်၍ ဟောကြားတော်မူ၏။ ဗာဟိယဒါရုစိမထေရ်အား
ဒိေဋ္ဌ ဒိဋ္ဌမတ္တံ ဘဝိဿတိ စသည်ဖြင့်
အကျဉ်းနည်းဟောကြားတော်မူ၏ ။
ဘဒ္ဒေကရတ္တ ဂါထာ အကျဉ်းချုပ်ကို
အရှင်သမိဒ္ဓိမထေရ်အား ဟောကြားတော်မူ၏။
အဘိဓမ္မာ မာတိကာပါဠိတော်ကို
အကျဉ်းဥဒ္ဒေသထား၍ ဟောကြားတော်မူ၏။
အရှင်သာရိပုတြာမထေရ်မြတ်အား
အဘိဓမ္မာ ခုနှစ်ကျမ်းကို အကျဉ်းအားဖြင့် ဟောကြားတော်မူ၏။
(၂ ) အကျယ်အားဖြင့်ဟောခြင်း
အကျဉ်းပြအပ်ပြီးသော တရားတို့ကို ထပ်မံပြီး အကျယ်ချဲ့ဖွင့်ဆို၍ ဟောကြားတော်မူ၏။ အဘိဓမ္မာ ဝိဘင်းပါဠိတော် စသည်ကား
အကျယ်ချဲ့၍ ဟောအပ်သော ပါဠိတော်များပေတည်း။
( ၃ ) အကျဉ်း အကျယ်နည်းအားဖြင့်ဟောခြင်း
ဦးစွာပထမ အကျဉ်းဟော၍ ဒုတိယ အကျယ်ချဲ့ကာဟောတော်မူ၏။အဂုၤတ္တိုရ်ပါဠိ ပဉ္စကနိပါတ်
ဒုက္ကထာသုတ္တံ၌ မကောင်းသဖြင့် ဆိုအပ်သောစကား ငါးပါး။ ( ဒုက္ကထာ ငါးပါး )
သုကထာ ငါးပါး အကျဉ်းသရုပ်ကို
ဟောတော်မူ၏။ ထိုသုတ်နှင့်အလားတူ
သုတ်များကိုလည်း သင်္ခေပ ဝိတ္တာရ
( အကျဉ်းအကျယ် ) ဒေသနာနည်းအားဖြင့် ဟောကြားတော်မူ၏။
{ အံ/၅/ပါ/၁၅၉/၁၆၁ }
( ၄ ) အကျဉ်း အကျယ်ကို ထပ်ဆင့်၍
အကျယ်ဟောခြင်း
ဦးစွာပထမ အကျဉ်းကို ဟောတော်မူ၏။
ဒုတိယ အကျယ်ကို ဟောတော်မူ၏။
တတိယ အကျယ်ကိုပင် ထပ်ဆင့်ချဲ့၍ ဟောကြားတော်မူ၏။ အဂုၤတ္တိုရ်ပါဠိ ဆက္ကနိပါတ်
ဆဠင်္ဂသုတ္တံ၌
ပထမ ဝေဠုကဏ္ဍကရွာသူ နန္ဒမာတာသည်
အရှင်သာရိပုတ္တရာ ၊ အရှင်မဟာမောဂ္ဂလာန် အမှူးပြုသော သံဃာတော်တို့အား ဆဠင်္ဂဒါန ပြုသင့်ကြောင်းကို ဗုဒ္ဓသည် ဒိဗ္ဗစက္ခုဖြင့်
မြင်တော်မူပုံအကျဉ်းကို ဟောတော်မူ၏။
ဒုတိယ ဆဠင်္ဂဒါန၏ အင်္ဂါခြောက်ပါးကို ချဲ့၍
ဟောတော်မူ၏။ တတိယ ဒါယကာ၏ အင်္ဂါသုံးချက်၊ အလှူခံ၏ အင်္ဂါ သုံးချက်ကို
ထပ်မံချဲ့၍ ဟောတော်မူ၏။ ထိုသုတ်နှင့်
အလားတူ သုတ်များကိုလည်း သင်္ခေပ ဝိတ္တာရ အနုဝိတ္တာရဒေသနာအစဉ်ဖြင့် တန်ဆာဆင်၍ ဟောကြားတော်မူ၏။
{ အံ/၆/ပါ/ဆဠင်္ဂဒါနသုတ္တံ/၂၉၅ -၂၉၆ }
( ၅ ) ဖြေဆို၍ဟောခြင်း
မေးမြန်းလျှောက်ထားအားသော ပုစ္ဆာ
အားလျှော်စွာ အဖြေဝိသဇ္ဇနာထုတ်၍
ဟောကြားတော်မူ၏။ အဂုၤတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် သုမနသုတ္တံ ၌ သုမနာမင်းသ္မီးသည် မြတ်ဗုဒ္ဓအား ဤသို့ မေးမြန်းလျှောက်ထား၏။ သဒ္ဓါ ၊သတိ၊ပညာ တူမျှသော မြတ်ဗုဒ္ဓ၏ တပည့့်နှစ်ဦးတွင် တစ်ဦးသည် အလှူဒါနပြု၏။
တစ်ဦးသည် မပြု။ ထိုပုဂ္ဂိုလ်နှစ်ဦး၏ ထူးခြားချက်ကား အဘယ်သို့ပါနည်းဘုရား။ မြတ်ဗုဒ္ဓသည် ထိုအမေးပုစ္ဆာအားလျှော်စွာ ထိုပုဂ္ဂိုလ်နှစ်ဦး၏ ထူးခြားချက်ကို ဟောကြားတော်မူ၏။
ထိုသုတ်နှင့်အလားတူသော သုတ်တို့ကိုလည်း ပုစ္ဆာနုရူပဒေသနာဖြင့် ဟောကြားတော်မူ၏။
{ အံ/၅/ပါ/သုမနသုတ္တံ။ }
( ၆ ) အမေးအဖြေ ယှဉ်တွဲ၍ဟောခြင်း
မြတ်ဗုဒ္ဓသည် တရားနာပုဂ္ဂိုလ်တို့အား မေး၍ တရားနာပုဂ္ဂိုလ်တို့ကိုပင် ပြန်လည်ဖြေကြားစေလျက် ပုစ္ဆာ ဝိသဇ္ဇနာယှဉ်တွဲပါဝင်သော
တရားတော်ကို ဟောကြားတော်မူ၏။
ဝိနည်းပါဠိတော် မဟာဝဂ် အနတ္တလက္ခဏသုတ္တံ
၌ ရူပံ ဘိက္ခေ၀ နိစ္စံဝါ အနိစ္စဝါတိ ဟု
မြတ်ဗုဒ္ဓ မေး၍ အနိစ္စံ ဘန္တေ ဟု ပဉ္စဝဂ္ဂီတို့ကဖြေကြားကြသည်။ ထို့နောက် အနိစ္စဖြစ်ပုံကို
မြတ်ဗုဒ္ဓသည် ဆက်လက်ဟောကြားတော်မူ၏။ ဤနည်းဖြင့် အမေးအဖြေပါဝင်သော တရားဒေသနာတော်ကို ဟောကြားတော်မူ၏။
ထိုသုတ်နှင့်အလားတူသော သုတ်တို့ကိုလည်း
ပုစ္ဆာ ဝိသဇ္ဇနာ ယှဉ်တွဲပါဝင်စေလျှက်
ဟောကြားတော်မူ၏။
( ၇ ) အမေးစကားချီ၍ ဟောတော်မူခြင်း
မြတ်ဗုဒ္ဓသည် ထိုထိုသုတ် အဘိဓမ္မာ ပါဠိတော်
တို့၌ မိမိဘာသာ မေးခွန်းစကားဖြင့် စတင်၍ လိုအပ်သော တရားစကားတို့ကို ဖြေဆိုဟော
ကြားတော်မူ၏။ အဂုၤတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် အက္ခမသုတ္တံ၌ ကထဉ္စ ဟူသော မေးခွန်းကို
အစချီ၍ မေးခွန်းပုစ္ဆာဆင်တော်မူ၍ ဟောကြားတော်မူ၏။ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗတို့ကို သည်းမခံနိုင်ပုုံ၊ ကြံ့ကြံ့မခံနိုင်ပုံကို ဟောကြား
တော်မူ၏။
{ အံ/၅/ပါ/အက္ခမသုတ္တံ/၁၃၈။ }
ကတမာနိ.ကတမေဟိ.ကတမောပန စသည်ဖြင့် အမေးစကားချီ၍ ဟောကြားသောသုတ်တို့သည် များစွာရှိကုန်၏။ အဘိဓမ္မာပါဠိတော်၌
ကတေမေ ဓမ္မာ ကုသလာ ဟု မေးခွန်းကိုအစချီ၍ ကုသိုလ်တရားကို ထုတ်ဖော်ဟောကြားတော်မူ၏။ ကတမော တသ္မိံသမယေ ဖေဿာ ဟောတိ ဟု မေးခွန်းကိုအစချီ၍ ဖဿတရား၏ သရုပ်ကို
ဆက်လက်ဟောကြားတော်မူ၏။ ဤသို့စသည်ဖြင့် အဘိဓမ္မာပါဠိတော်၌ မေးခွန်းကိုအစချီ၍ လိုအပ်သောတရားကို ဌာနများစွာ၌ ဟောကြားတော်မူ၏။
{ အဘိ/ပါ/၁/၁၇ . ၈ ။ }
( ၈ ) ဘုရားနှစ်ဆူ အမေးအဖြေပြု၍ဟောကြားခြင်း
ပကတိမြတ်ဗုဒ္ဓသည် နိမ္မိတဘုရားရှင်နှင့်
အမေးအဖြေပြု၍ ခက်ခဲနက်နဲသိမ်မွေ့သော တရားတော်ကို ဟောကြားတော်မူ၏။ မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ၊ ဝါဆိုလပြည့်နေ့ ၊
( မြတ်ဗုဒ္ဓ ၆ ဝါ ရရှိသောအခါ ) မြတ်ဗုဒ္ဓသည် သာဝတ္ထိပြည် ကဏ္ဍသရက်ပင်အနီး၌ ယမိုက်ပြာဋိဟာကို ပြတော်မူရာ ရောက်ရှိလာသော ဘုရားရှင်နှစ်ဆူတို့ အံ့ဖွယ်တော် ယမိုက်ပြာဋိဟာ တန်ခိုးပြတော်မူ၏။
ဘုရားရှင်နှစ်ဆူတို့သည် အပြန်အလှန်
အမေးအဖြေပြု၍ နက်နဲသိမ်မွေ့သော
တရားတော်ကို ဟောကြားတော်မ၏။
ဤဒေသနာတော်မျိုးကား အလွန်တွေ့ကြုံခဲသော ဒေသနာမျိုးပေတည်း။
{ ဓမ္မပဒ/ ဋ္ဌ/ဒု/၁၄၀။ }
( ၉ ) သင့်လျှော် သက်ဆိုင်သော
တန်ခိုးဖန်ဆင်းတော်မူ၍ ဟောခြင်း
ဟောကြားမည့်တရားတော်နှင့် သင့်လျော်သော တန်ခိုးဖန်ဆင်းတော်မူ၍ တရားနာပုဂ္ဂိုလ်
သန္တာန်၌ရှိသော မာန စသည်ကို ပယ်ဖျောက်၍ တရားတော်ကို ဆက်လက်ဟောကြားတော်မူ၏။ ထိုဒေသနာတော်ကား
ခေမာမိဖုရားချွတ်ခန်း၊ ရူပနန္ဒာထေရီ
ချွတ်ခန်းတို့၌ ထင်ရှား၏။ အလွန်လှပသော အပျိုစင်တစ်ယောက် ယပ်ခပ်နေပုံ၊
တဖြည်းဖြည်း အိုသွားပုုံ ၊ လူနာဖြစ်လာပုုံ၊ သေဆုံးသွားပုံကို ဖန်ဆင်းပြပြီးမှ
တရားဟောကြားတော်မူ၏။
စူဠပန်ရဟန်းကိုလည်း
ဖြူစင်သန့်ရှင်းသော ပုဝါပိုင်း ဖန်ဆင်းပေးပြီးမှ တရားဟောကြားတော်မူ၏။
သာဝတ္ထိပြည်၌ မင်္ဂလာဦးဆွမ်းကပ်ပွဲ ကျင်းပရာ သတိုးသ္မီးသည် ဘုရားအမှူးရှိသော သံဃာတော်များအတွက် ရေစစ်ခြင်း၊ ဆွမ်းပွဲများ စီစဉ်ခြင်း
စသော ဝေယျာဝစ္စအမှုကို ပြုလုပ်လှုပ်ရှားနေ၏။ မင်္ဂလာ သတိုးသားကား သူမကိုသာ တစိမ့်စိမ့်ကြည့်ရှု့ပြီး ဝေယျာဝစ္စအမှုကို မပြုလုပ်ဘဲ
နေလေ၏။ ထိုအချိန် သတိုးသားသည် သတိုးသ္မီး၏ လက်ကိုဆွဲရန် တကဲကဲ ကြံစည်နေသဖြင့် မြတ်ဗုဒ္ဓသည် သတိုးသ္မီးကို မမြင်ရအောင် ဖန်ဆင်းလိုက်၏။ ပြီးမှ နတ္ထိ ရာဂသမော အဂ္ဂိ ရာဂနှင့်တူသော မီးသည် မရှိ။
နတ္ထိ ဒေါသသမော ကလိ ဒေါသနှင့်တူသော အပြစ် မရှိ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ ...ခန္ဓာကိုယ်နှင့်တူသော
ဆင်းရဲတို့သည် မရှိကုန်။
နတ္ထိ သန္တိပရံ သုခံ ... နိဗ္ဗာန်ထက်လွန်မြတ်သော ချမ်းသာမရှိပေ။
ဤသို့တရားတော်ကို ဟောကြားတော်မူသောအခါ သတိုးသား သတိုးသ္မီး နှစ်ဦးစလုံး သောတာပန် တည်သွားကြ၏။ ထိုအခါ မြတ်ဗုဒ္ဓသည် သတိုးသ္မီးကို မမြင်အောင်ဖန်ဆင်းထားသော
တန်ခိုးတော်ကို ရုပ်သိမ်းတော်မူလေ၏။ ဤသို့လည်း လိုအပ်သော တန်ခိုးဖန်ဆင်းခြင်း
ကို ပြုတော်မူ၍ တရားဟောကြားတော်မူ၏။
{ ဓမ္မပဒ /ဋ္ဌ/ဒု/၁၆၉။ }
ဆောင်ပုဒ်
သာဝတ္ထိမှာ ၊ တစ်ချိန်ခါက၊ မင်္ဂလာဆွမ်း၊
ကပ်လှူဒါန်းသော်၊ ဆွမ်းပန်းကပ်ရာ၊
လှူဒါန်းရှာသော၊ မင်္ဂလာသတိုးသမီး၊
ရှု့မငြီးကို၊ ကြည့်ပြီးနေငြား၊
သတိုးသားကား၊ စိတ်အားကဲလွန်၊
ချစ်စိတ်မွှန်ပြီး၊ လက်လွန်ခြေလွန်၊
အနေကျွန်သို့ ၊ မူဟန်မလှ၊ ဟန်ပန်ပြသဖြင့်၊ ဗုဒ္ဓဘုရား၊ တန်ခိုးအားဖြင့်၊ မယားအလှ၊
မမြင်ရအောင် ၊ ကွယ်ပပြီး၍၊ နတ္ထိ ရာဂ၊
စသည် ဂါထာ၊ မိန့်ခွန်းဖြာသည်၊
မောင်ချစ်သာလည်း သောတာပန်၊ မယ်ချစ်သာလည်း သောတာပန် ဖြစ်ရပေသကိုး ။ ။
( ၁၀ ) ဥပမာ ( နှိုင်းယှဉ်ချက် ) ကိုပြ၍ တရားသဘော ထင်မြင်လာအောင် ဟောကြားခြင်း
ဆက်လက်၍ ဖော်ပြပါမည် ။
Ref: မူရင်းရေးသားသူ
Ashin Sādhina Myanmar
No comments:
Post a Comment