စင်ကြယ်ခြင်း ဓမ္မဆီသို့ အခြေခံဝိပဿနာ ( 1 )
မာတိကာ
- မာတိကာ -
- မဟာကရုဏာရှင်အား အမြတ်ဆုံးပူဇော်ခြင်း...။
- ပရိကမ်ပြု၍ စိတ်ဆောက်တည်...။
(၁) သ်ီလဝိသုဒ္ဓိ ( သ်ီလစင်ကြယ်ခြင်း )
- မဂ္ဂင်အစ သ်ီလက...။
(၂) စိတ္တဝိသုဒ္ဓိ ( စိတ်စင်ကြယ်ခြင်း )
(၃) ဒိဋ္ဌိဝိသုဒ္ဓိ ( အယူစင်ကြယ်ခြင်း )
(၁) နာမရှုပပရိစ္ဆေဒဉာဏ် ( နာမ်ရုပ်ကို ပိုင်းခြားသိခြင်း)
(၁-က) ရူပပရိစ္ဆေဒဉာဏ်
- ပရိညာသုံးပါး…။
- ပညတ် နှင့် ပရမတ်…။
- ပညတ်ပြောင်းလဲပုံ…။
- ပရမတ်မပြောင်းလဲပုံ...။
- ပညတ်ကို အဆင့်ဆင့်ချေ၍ ပရမတ်ရအောင်ပြုပုံ…။
- ရုပ်အားလက္ခဏာဖြင့်သိစေပုံ…။
- ဓာတ်တစ်ခုချင်း၏ သဘောများ…။
- ပညတ်၊ ပရမတ် တစ်ဘက်သတ်မလွန်စေရန် ညှိယူပုံ…။
- ပညတ်နှင့်အတ္တ အကောက်ယူလွဲတတ်ပုံ…။
(၁-ခ) နာမပရိစ္ဆေဒဉာဏ်
- နာမ်တရားအား အတ္တထင်တတ်ပုံ...။
- သာသနာပ အတ္တဝါဒ အကျဉ်းချုပ်…။
- နာမ်ရုပ်တို့အချင်းချင်းရွက်ဆောင်ပုံ…။
- ပေါင်မုန့်တစ်လုံးဖြင့် ရုပ်နာမ်ဆင်ခြင်ပုံ…။
(၄) ကင်္ခါဝိတရဏ ဝိသုဒ္ဓိ( ယုံမှားသံသယကင်းခြင်း)
(၂)ပစ္စယပရိဂ္ဂဟဉာဏ်(အကြောင်းသိမ်းဆည်းသောဉာဏ်)
- အားတက်ဖွယ်စကား..။
(၅) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
(လမ်းမှန်၊လမ်းမှား၌ဉာဏ်စင်ကြယ်မှု)
(၃) သမ္မသနဉာဏ်(သုံးသပ်ဆင်ခြင်ဉာဏ်)
- ဖောက်ပြန်ခြင်း နှင့် မဖောက်ပြန်ခြင်း ဆိုသောတရား ယူဆပုံ…။
- ဖောက်ပြန်ခြင်းနှစ်မျိုး…။
- နယဝိပဿနာ…။
- သမ္မသနဉာဏ်ဖြင့် ရှုပုံအမျိုမျိုး…။
(၄) ဥဒယဗ္ဗယဉာဏ်(ဖြစ်ခြင်း ပျက်ခြင်းကိုသိသောဉာဏ်)
(၄-က) ဥဒယဗ္ဗယဉာဏ် အနုစား
- ဝိပဿနာညစ်ညူးကြောင်းတရား - ဝိပဿနုပက္ကိလေသ...။
(၆) ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ(မဂ်သို့ရောက်ကြောင်းဉာဏ်အမြင်စင်ကြယ်မှု)
(၄-ခ) ဥဒယဗ္ဗယဉာဏ်(အရင့်စား)
- တည်းခိုခန်းပမာ ဝိပဿနာ…။
- ကိလေသာရေစီး နှင့် အလိုက်သင့် ရှုပုံ…။
- လျှပ်စီးပမာ အနိစ္စခန္ဓာ..။
(၅) ဘင်္ဂဉာဏ်( အပျက်ကိုရှုသောဉာဏ်)
- အဖြစ်ကိုလွှတ်၍ အပျက်ကိုရှုပုံ…။
(၆) ဘယဉာဏ်( သင်္ခါရ၌ ကြောက်ရွံ့သောဉာဏ်)
(၇) အာဒီနဝဉာဏ်( သင်္ခါရတို့၏ အပြစ်ကိုမြင်သောဉာဏ်)
(၈) နိဗ္ဗိဒါဉာဏ်(သင်္ခါရတို့မှ ငြီးငွေ့သောဉာဏ်)
(၉) မုဉ္စိတုကမျတာဉာဏ်( ရုပ်နာမ်တို့အားစွန့်လွှတ်လိုသောဉာဏ်)
(၁၀) ပဋိသင်္ခါဉာဏ်(လွတ်လို၍ တဖန်ပြန်ရှုသောဉာဏ်)
(၁၁) သင်္ခါရုပေက္ခာဉာဏ်( သင်္ခါရတို့အား အညီအမျှရှုသောဉာဏ်)
(၁၂)အနုလောမဉာဏ်( မဂ်အားလျော်စွာ ဖြစ်ပေါ်လာသောဉာဏ်)
(၁၃)ဂေါတြဘူဉာဏ်( ပုထုဇဉ်အနွယ်ကို ဖြတ်သောဉာဏ်)
(၇) ဉာဏဒဿန ဝိသုဒ္ဓိ(သစ္စာလေးပါး၌ ဉာဏ်အမြင်စင်ကြယ်ခြင်း)
(၁၄)သောတာပတ္တမဂ်ဉာဏ်(ဆိုင်ရာကိလေသာကိုသတိ၍ပထဆုံးနိဗ္ဗာန်ကိုအာရုံပြုသောဉာဏ်)
(၁၅)ဖိုလ်ဉာဏ်( မဂ်၏အကျိုးနိဗ္ဗာန်အရသာကိုခံစားသောဉာဏ်)
(၁၆)ပစ္စဝေက္ခာဏာဉာဏ်( ပြန်လည်ဆင်ခြင်သောဉာဏ်)
- ဓမ္မနိဂုံး အဆုံးသတ် သတိပေးခြင်း။
အရှင်ပညာသီရိ( ရမ္မာကျွန်း)
စင်ကြယ်ခြင်းဓမ္မဆ်ီသို့ အခြခံဝိပဿနာ
( 2 ) မဟာကရုဏာရှင်အားအမြတ်ဆုံးပူဇော်ခြင်း
မဟာကရုဏာရှင်အား အမြတ်ဆုံးပူဇော်ခြင်း..။
မြတ်စွာဘုရားပွင့်တော်မူလာရခြင်းသည် ကံ၊ကံ၏အကျိုး၊
ကုသိုလ်၊ အကုသိုလ် အကျိုး ဘုံဘဝများကို ဟောလိုရင်း
မဟုတ်ပါ။ ကံ၊ ကံ၏အကျိုးများ ၊ ဘုံဘဝများသည် သဘာဝတရားများဖြစ်ကြောင်း၊ ပကတိ လောကသဘာဝ
ဖြစ်၍ ဟောခဲ့ခြင်းဖြစ်ပါသည်။ နတ်ပြည်နှင့်မြှောက်၊
ငရဲနှင့် ခြောက်ခဲ့ခြင်းလည်းမဟုတ်ပေ။
သံသရာဆင်းရဲကို ဟောပြခဲ့ခြင်းသာဖြစ်သည်။
ဘဝဟု ဆိုသဖြင့် ချမ်းသာ မဟုတ်၊ ဆင်းရဲဒုက္ခသာ
ဖြစ်ကြောင်း ပြောလိုရင်းဖြစ်ပါသည်။
သက်တန်းအလွန်ရှည်သော ဗြဟ္မာဖြစ်စေ၊ စည်းစိမ်ဥစ္စာပြည့်စုံပါသည်ဆိုသော နတ်ဖြစ်စေ၊
ရာထူးကြီးသော၊ ရတနာရွှေငွေပြည့်စုံသော
လူပင်ဖြစ်ပါစေ ချမ်းသာရနေခြင်းမဟုတ်၊
ဒုက္ခရနေခြင်းသာ ဖြစ်ပါ သည်။
သို့သော် သတ္တဝါတို့သည် မောဟအမှောင်၏
လွှမ်းမိုးမှုကြောင့် ဘဝဆင်းရဲကို မမြင်ကြချေ။
ဘဝထဲ၌ တဏှာဖြင့် နစ်မြုပ်ပျော်ပါးနေကြပါသည်။ ဖြစ်ပျက်ပြောင်းလဲတတ်သော သင်္ခါရဒုက္ခများနှင့်
ကြုံသောအခါ အားကိုးရာမဲ့ကြပါတော့သည်။
ဤသို့ဖြစ်ရခြင်း အရင်းခံအကြောင်းမှာ
" ငါ ၊ ငါ့ဟာ " ဆိုသည့် ပညတ်သိမဟုတ်သော
" အတ္တဒိဋ္ဌိ " စိတ် အရင်းခံကြောင့် ဖြစ်နေကြခြင်းဖြစ်သည်။
အတ္တဒိဋ္ဌိ အရင်းခံရှိနေ၍ ကာမဂုဏ်များကို တပ်မက်တွယ်တာလာသော ကာမတဏှာ၊ ဘဝကို မြဲသည် ဟုအားကိုးနှင့် ချင်ခြင်းတက်လိုချင်လာသော ဘဝတဏှာ၊ ဘဝကြီးဆိုတာ သူ့အလိုလိုပြတ်ရင် ငြိမ်းအေးသွား မှာပဲ ဟု မျှော်လင့်လာသော ဝိဘဝတဏှာ များ ပေါက်ပွားလာကြပါသည်။
အတ္တအရင်းခံရှိလျှင် တဏှာလည်းတွဲပါလာပြီဖြစ်၍ တဏှာရှိသောလူသည် အဘယ်မှာချမ်းပါမည်နည်း ။
တဏှာသည် ဆာလောင်မှုဖြစ်၍ ဆာလောင်မှုကိုဖြေသိမ့်ရန် ရှာဖွေရခြင်း၊ ထိမ်းသိမ်းရခြင်း၊ ခွဲခွာရခြင်း ၊
ဆင်းရဲများ မလွဲမသေ ကြုံကြရပြန်ပါသည်။
ဆာလောင်ငတ်မွတ်မှုသည်လည်း တစ်ကြိမ်တစ်ခါ နှင့် ပြီးသွားသည်မဟုတ်။ ရလေ၊ လိုလေ၊ အိုတစ္ဆေ
ဆိုသကဲ့ ထပ်တလဲလဲ တောင့်တနေမည်သာဖြစ်ပါသည်။
မဟာသမုဒ္ဒရာထဲသို့ ရေမည်မျှလောက်ဝင်ဝင် သမုဒ္ဒရာကြီးက တော်ပြီ၊ လုံလောက်ပြီ်ဟု မဆိုသကဲ့သို့ လည်းကောင်း၊ မီ်းပုံကြီးသည် ထင်းလောင်စာ အဘယ်မျှပင်လာက်ထည့်ထည့် တော်ပြီ၊ ပြည့်စုံပြီဟု မပြောသကဲ့သို့လည်းကောင်း၊ တဏှာသည်လည်း တပ်မက်မှု ရပ်တန့်သွားမည် မဟုတ်ပါ။ ဤကား ဘုရားရှင်အဆုံးအမ
ဥပမာ ဖြစ်ပါသည်။ဤကဲ့သို့ ဘဝဒုက္ခပင်လယ်ထဲတွင်
မြုပ်၊ မျော ဖြစ်နေကြသော ဒုက္ခိတသတ္တဝါတို့အား
မြင်သဖြင့်သနားကရုဏာကြီးစွာဖြစ်ရှာသော
မြတ်စွာဘုရားရှင်သည် မိမိလက်ဝယ်သို့ရရှိခါနီး
ငြိမ်းအေးခြင်းအမှန်မြတ်နိဗ္ဗာန်ကိုစွန့်လွှတ်၍
သတ္တဝါတို့အားဒုက္ခအလုံးစုံမှ ကယ်တင်ရန်အလို့ငှာ အသွေး၊ အသား၊အသက်တို့ကိုစတေးခံကာ ပါရမီဖြည့်ခဲ့ရပါသည်။
ယောက်ျားမြတ်တို့၏ စိတ်ဓာတ်ပိုင်ရှင်ဖြစ်သော မြတ်စွာဘုရားရှင်သည်သုမေဓာရှင်ရသေ့ဘဝကပင်"ပညာစွမ်းအား၊ သဒ္ဓါစွမ်းအား၊ ဝီရိယစွမ်းအား ရှိသည်ကိုသိမြင်သော ယောက်ျားကောင်းတစ်ယောက်ဖြစ်ပါလျက် သံသရာဝဋ်အတွင်းမှ တစ်ကိုယ်ကောင်းကြံကာ တစ်ယောက်တည်းကူးမြောက်သဖြင့် ငါ့အားအဘယ်အကျိုးရှိအံ့နည်း၊ သဗ္ဗညုတဘုရားအဖြစ်သို့ရောက်အောင် ကြိုးကုတ်အားထုတ်ပြီး လျှင်နတ်နှင့်တကွသော သတ္တဝါအပေါင်းတို့ကို သံသရာဝဋ်ဆင်းရဲ ဒုက္ခပင်လယ်ထဲမှ ငါကားဆယ်တင်ပေအံ့.. " ဟုရဲရဲတောက် ဆုံးဖြတ်ချက်ခဲ့ပါ သည်။
( မဟာဗုဒ္ဓဝင် )
သို့ပါသောကြောင့် " ဗုဒ္ဓေါဗောဓေယျံ…သစ္စာလေးပါးကို ငါသိသလို သတ္တဝါတွေလည်း သိစေရမယ်။ မုတ္တော မောစေယျံ….သံသရာက ငါလွတ်မြောက်သလို သတ္တဝါတွေလည်း လွတ်မြောက်စေရမယ်။ တိဏ္ဏော တာရေယျံ….ဘဝသမုဒ္ဒရာက ငါကူးမြောက်သလို သတ္တဝါတွေလည်း ကူးမြောက်စေရမယ် " ဟု ကြုံဝါးခဲ့သည် မှာ မဟာကရုဏာတော်ကြောင့် ဖြစ်ပါသည်။
သံသရာတစ်ခွင်ကျင်လည်ကြရာတွင် " မြတ်စွာဘုရား " ဆိုသော စကားသံပင်ကြားရခဲပါသည်။
အနာထပိဏ်သူဋ္ဌေး၏ ယောက်ဖတော်သူ ရာဇဂြိုဟ်သူဋ္ဌေးသည် " ဃောသောပိ ခေါ ဧသော ဂဟပတိ ဒုလ္လဘော လောကသ္မိံ ယဒိတံ ဗုဒ္ဓေါ ဗုဒ္ဓေါတိ ….မြတ်စွာဘုရား၊ မြတ်စွာဘုရား ဟူသောအသံကိုမျှပင်လည်း လောက၌ ကြားရခဲလှ၏ " ဟု အနာထပိတ်အား ပြောကြားခဲ့ဖူးပါသည်။
ကျွန်ုပ်တို့သည် ရခဲလှသောလူ့ဘဝကို ရရှိနေခြင်း၊ ကြားနာရန်ခဲယဉ်းလှသော သစ္စာတရားတော်မြတ် ကို နာကြားနေရခြင်းစသည် ရပ်ပြစ်ရှစ်ပါးအလွန်ကိုးခုမြောက် "ဗုဒ္ဓုပ္ပါဒနဝမခဏ"ကိုရရှိနေကြခြင်းဖြစ်ရာ
အကောင်းဆုံးသော အခွင့်အခါပင်ဖြစ်နေပါသည်။
ထိုအခွင့်အခါကောင်းကိုမှ အသုံးမချလျှင် နောင်တစ်ကြိမ် ဤဘဝကောင်းမျိုးရနိုင်ရန် မလွယ်ကူတော့ချေ ။ ဘဝကောင်းကိုမရလျှင် သစ္စာတရားနာကြားရန် မတတ်နိုင်၊ သစ္စာတရားမနာကြားရပါက ဒုက္ခဝဲသြဃမှမလွတ်
မြောက်တော့ပေ။ကျွန်ုပ်တို့သည် သေမင်းနှင့်အချိန်းချက်မရှိပေ။
သေမင်းသည်ကား ငယ်သေးသည်ဟူ၍လည်း ချန်မည်
မဟုတ်၊ စည်းစိမ်ရှင်ကြီးပါဟုလည်း မျက်နှာသာမပေး။ သူ့ခေါ်လိုသောအချိန်ရောက်လျှင် ကျွန်ုပ်တို့ကိုမငဲ့ကွက်၊
မညှာတာ ရက်ရက်စက်စက် ခေါ်ဆောင်မည်သာဖြစ်သည်။ မည်သို့မျှမတတ်နိုင်။ကျွန်ုပ်တို့တတ်နိုင်သည်မှာ သေမင်းခေါ်လိုသောအချိန်၌ ပြုံးပြုံးလေးနှင့် လိုက်နိုင်အောင်ပြင်ဆင်ထားခြင်းသာ ဖြစ်သည်။
ပဋိသန္ဓေနေခြင်းသည် ဆင်းလည်းဆင်းရဲ၏။ ဆင်းရဲအားလုံး၏ အမွန်အစလည်း ဖြစ်၏။ ပဋိသန္ဓေရပြီ ဆိုလျင် သောက၊ ပရိဒေဝ၊ တို့ကို နောက်ဆက်တွဲ ခံစားရပါသည်။
ဤသို့ ပဋိသန္ဓေဒုက္ခ၊ စိုးရိမ်၊ ပူဆွေး၊ ငိုကြွေးရခြင်းဒုက္ခတို့ကို ဖြစ်စေသော လက်သည်တရားခံသည် ရချင်၊ လိုချင်ခြင်းအားဖြင့် အမြဲဆာလောင်နေသော တဏှာကြောင့်ဖြစ်သည်။
ထို့ကြောင့် မြတ်စွာဘုရားရှင်သည် သုမေဓာရှင်ရသေ့ဘဝကပင် စည်းစိမ်ဥစ္စာအားလုံးကို စွန့်လွှတ်၍ မသေရာတရားကို
ရှာခဲ့ပါသည်။ မိမိတစ်ဦးတစ်တည်းအတွက်တင်မဟုတ်ဘဲ သတ္တဝါများအားလည်း ဆင်းရဲအပေါင်းမှလွတ်စေချင်သော မဟာကရုဏာ အားကြီးလှသဖြင့် ဒုက္ခအပေါင်းကို
ရင်စည်းခံလျက် မငြီးမငြူ ပါရမီဖြည့်ခဲ့ရရှာပါသည်။
ပါရမီအဟုန်၏ နှိုးဆော်မှုကြောင့် နောက်ဆုံးဘဝရောက်သောအခါမွေးစကပင်
"ယခုဘဝခန္ဓာရခြင်း သည် နောက်ဆုံးသာဖြစ်သည်"ဟု ကြုံးဝါးပါသည်။ဘုရားဖြစ်တော်မူစတွင်လည်း ဒုက္ခအလုံးစုံ၏
တရားခံတဏှာကို တွေ့ရှိသတ်ဖြတ်နိုင်ခဲ့၍ ဝမ်းမြောက်စွာ
ဥဒါန်းကျူးရင့်ပြန်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာဝင်
ဘုရားရှင်၏ သာဝကများ ပီသရန် လိုပါသည်။
အသက်၊ သွေး၊ ချွေးဘဝပေါင်းများစွာစတေးခံ၍ မိမိတို့အတွက်အနစ်နာခံခဲ့သောဘုရားရှင်ကို
ပြန်လည်ကျေးဇူးဆပ်သင့်ပါသည်။
မြတ်စွာဘုရားရှင်သည် သူ့အား "အာမိသပူဇာ" ဆိုသောဝတ္ထုပစ္စည်းဖြင့် ကျေးဇူးဆပ်ခြင်းထက်
"ဓမ္မပူဇာ" ဆိုသော တရားဖြင့်ကျေးဇူးဆပ်ခြင်းကို
ပိုလိုလားပါသည်။ သာဓုခေါ် နှစ်ခြိုက်ပါသည်။
ကျွန်ုပ်တို့၏ သောက၊ ပရိဒေဝ၊ ဒုက္ခ ၊ ဒေါမနဿများ ကင်းငြိမ်းစေရန် တစ်လမ်းတည်း၊ တစ်ဦးတည်း သာ လျှောက်လှမ်းရမည့် "သတိပဋ္ဌာန်" အားထုတ်ခြင်းဖြင့် ဘုရားရှင်အားကျေးဇူးဆပ်ပြီးသားလည်းဖြစ်၊ ကျွန်ုပ်
တို့ကိုယ်၌လည်း လွတ်မြောက်ပြီးသား ဖြစ်နေပါသည်။
( 3 ) ပရိကမ်ပြု၍ စိတ်ဆောက်တည်..။
"ရဟန်းတို့ ဒုက္ခအားလုံးက လွတ်မြောက်ရာနိဗ္ဗာန်ကို လျော့လျော့လျဲလျဲ အနည်းငယ် အားစိုက်ရုံမျှနှင့်
ရနိုင်မည် မဟုတ်ချေ "( သံယုတ်)
မဟာသတိပဋ္ဌာနသုတ်တွင် အဘိဇ္ဈာဆိုသောလောဘ၊ ဒေါမနဿဆိုသည့်ဒေါသ စသည့်ကိလေသာ
များကုန်ပျောက်ရန် အာတာပီ ဆိုသည့် ဝီရိယ ရှိရပါသည်။
အာတာပီဆိုသည်မှာ သာမာန်ဝီရိယမျိုး မဟုတ်ပါ။ ကိလေသာကိုလောင်ကျွမ်းရှို့မြှိုက်သည့် ဝီရိယကိုဆိုလို
ပါသည်။ သမ္မပ္ပဓာန်လုံ့လဝီရိယဖြစ်ပါသည်။
"မဖြစ်သေးသောကုသိုလ်ကိုဖြစ်ပွားစေရန်၊
ဖြစ်ပြီးသောကုသိုလ်ကိုတိုးပွားစေရန်၊
မဖြစ်သေးသော အကုသိုလ် မဖြစ်စေရန်၊
ဖြစ်ပြီးသောအကုသိုလ်ကို ပယ်ပျောက်စေရန်
အားထုတ်နေခြင်းသည် သမ္မပ္ပဓာန်လုံ့လ" ဖြစ်ပါသည်။
"သမ္ပဇာနော "ဆိုသည့် အမှန်အတိုင်းသိနိုင်သော
ပညာလည်း လိုအပ်ပါသည်။
" သတိမာ " ဆိုသည့် သတိလည်း လိုအပ်ပါသည်။
လျော့လျော့လျဲလျဲ အားထုတ်ပါက ကုသိုလ်ပါရမီသာ
ဖြစ်နိုင်ပြီး ကိလေသာ ပြတ်ရန်မလွယ်ကူပါ။
အပျင်းအပြေ ပါရမီသဘောလောက်သာ အားထုတ်နေပါက လောကဓံနှင့် ပက်ပင်းတွေ့သောအခါ လူးလိမ့်ခံစားရပါသည်။ "ငါတရားသမား" ဆိုပြီးမာန်တင်း၍ ခံနိုင်မည်မဟုတ်ပေ။
သို့ဖြစ်၍ ဝီရိယကို မောင်းတင်ပေးရပါသည်။ဝိသုဒ္ဓိမဂ်တွင် ဝီရိယဖြစ်စေရန် အားပြုနည်း ပြထားပါသည်။
၁။ ။အပါယ်လေးပါးကို ဆင်ခြင်ခြင်း။
၂။ ။ပျင်းရိသောသူတရားမရနိုင် ၊ အားထုတ်မှရမည်ဟုဆင်ခြင်ခြင်း။
၃။ ။ဘုရား၊ ပစ္စေကဗုဒ္ဓတို့သွားရာလမ်းကိုငါလည်းသွားမည်။ ထိုလမ်းကို ပျင်းသောသူတို့မသွားနိုင်ဟုဆင်ခြင်ခြင်း။
၎။ ။ဒကာ ၊ ဒကာမတို့၏ အကျိုးငှာဟုဆင်ခြင်ခြင်း။
၅။ ။ငါတို့မြတ်စွာဘုရားသည် ဝီရိယကိုချီးကျူး၏၊
ဘုရားအဆုံးမကို ငါမဖျက်ဟု ဆင်ခြင်ခြင်း။
၆။ ။သူတော်ကောင်းကြီးများ၏ တရားဓမ္မကို
ပျင်းရိသူများ မရနိုင်ဟု ဆင်ခြင်ခြင်း။
၇။ ။အလင်းရောင် နှလုံးသွင်း ဣရိယာပုတ်
ပြောင်းထိုင် ၊ ဟင်းလင်းပြင်မှာနေခြင်း။
၈။ ။လူပျင်းနှင့်မပေါင်းရခြင်း။
၉။ ။ဇွဲကောင်းသူနှင့်သာပေါင်းခြင်း။
၁၀။ ။ဝီရိယသမ္ဗောဇ္ဈင်ကို စိတ်ညွှတ်ခြင်း…..များပြထားပါသည်။
ထို့နောက် စိတ်အား အဓိပတိ ဖြစ်လာအောင် လုပ်ရပါသည်။
၁။ ။အတ္တာဓိပတိ....စားဝတ်နေရေး၊ ကျန်းမာရေးတို့အတွက် တရားရှုပွားနေခြင်းမဟုတ်။ အို နာ သေ စသည့်
သံသရာဘေးမှ လွတ်အောင် ရှု့ပွားနေခြင်း။
၂။ ။လောကာဓိပတိ.....တရားအားထုတ်ချိန်၌ လောဘ ဒေါသ မောဟဖြစ်နေ၊စိတ်လည်းလွင့်နေ၊မလျောက်ပတ်သည့်အပြုမူမျိုး
လုပ်နေလျင် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များ သိမည်ဖြစ်ကာ ရှက်ကြောက်၍ လောကကို အားထားလျက် ရှုပွားအားထုတ်ခြင်း။
၃။ ။ဓမ္မာဓိပတိ...တရားတော်ကို ရိုသေလေးစားပြီး ဝိပဿနာဉာဏ်ဖြင့် မမြင်မြင်အောင်ကြည့်မည်။
တရားကိုမမြင်သည်မှာ တရားကမရှိ၍မဟုတ်။
တရားကိုမလေးစား၍ မမြင်ခြင်းသာဖြစ်သည်ဟု
တရားကိုအားပြု၍ရှုပွားခြင်း။
စသည် စိတ်ကိုကြိုတင်ဆောက်တည်ပြဋ္ဌာန်း
ဆင်ခြင်ထားရပါသည်။ သို့မှသာ လမ်းကြောင်းမှသွေဖီလာ
လျှင် ပြန်၍တင်ပေးနိုင်မည် ဖြစ်ပါသည်။
အနည်းငယ်မျှအားထုတ်၍ ကျေနပ်မနေသင့်ပါ။
သံဝေဂဉာဏ်ရှိမှ ဝိပဿနာစခန်းသို့ တက်လှမ်းလိုသော စိတ်ဆန္ဒပေါ်ပေါက်မည်ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်ကဲ့သို့ ဘုရားဖြစ်မည့် ပါရမီ
အရင့်မာရှင်ကြီးပင်လျှင် အို၊ နာ၊ သေ ဆိုသောနိမိတ်များကို
မြင်၍ ပါရမီနှိုး ဆော်မှုကြောင့် သံဝေဂရကာ
တောထွက်တရားရှာ၍ မသေတရားကို ရခဲ့ပါသည်။
ရှင်သာရိပုတြာနှင့် ရှင်မောဂ္ဂလာန် အဂ္ဂသာဝကကြီး
နှစ်ပါးသည်လည်း အငြိမ့်ပွဲကြည့်နေရာမှ
နောင်တစ်ချိန်တွင် ထိုလူများသည် သေဆုံးပျောက်ကွယ်သွားမှာပါလားဟု သံဝေဂရလျက်ဘုရားရှင်ထံဆည်းကပ် တရားရှာခဲ့ပါသည်။
ကျွန်ုပ်တို့လို သာမာန်ပုထုဇဉ်များအဖို့ ပို၍သံဝေဂရှိရန်လိုပါသည်။
သံဝေဂ လေးမျိုးရှိပါသည်။
(၁) စိတ္တုတြာသ သံဝေဂ။ ။ ကြောက်မက်ဖွယ်အာရုံနှင့်
တွေ့၍ ထိတ်လန့်ခြင်း။မိမိ၏အရှေ့တွင်
ရုပ်ပျက်ဆင်းပျက်သေခြင်းမျိုးသည် လူကိုထိတ်လန့်စိတ် ဖြစ်ပေါ်စေပါသည်။ ငါလဲဤအဖြစ်အပျက်မျိုးနှင့်
အချိန်မရွေးသေသွားနိုင်ပါလားဟု သံဝေဂရစေပါသည်။
(၂) ဉာဏသံဝေဂ။ ။ပဋိသန္ဓေနေရခြင်းဆင်းရဲ၊
ဘဝခန္ဓာရခြင်း၏ ဆင်းရဲများ၌ ထိတ်လန့်ခြင်း။
ပုပ်စပ်နံစော်နေမည်ဖြစ်သော မိခင်ဝမ်းဗိုက်ထဲတွင် မျောက်တစ်ကောင်ကဲ့သို့ ကွေးကုပ်၍ ကိုးလ၊
ဆယ်လနေရခြင်းသည် အတော်ဆင်းရဲပင်ပန်းမည့်
အဖြစ်ပေတည်း။ မိခင်မလိမ္မာ၍ အပူအစပ်များစား၊ ရေခဲရေကဲ့သို့အအေးများ မဆင်မခြင်သောက်ပါက
ခန္ဓာနုနုလေးအား ကျင်စက်နှင့်တို့လိုက်သကဲ့သို့လည်းကောင်း၊
အနာစိမ်းပေါ်သို့ငရုတ်ရည်ဖြင့် ဖြန်းလိုက်သကဲ့သို့လည်းကောင်း
ငရဲရောက်သည့်ပမာ ခံစားရပေမည်။ မွေးလာပြန်ပါကလည်း ကျဉ်းကျပ်လှသော မိခင်၏ယောနိပေါက်မှ
သွေးသားနုနုလေးဖြင့် တိုးထွက်လာရခြင်း၊
လက်ကြမ်းကြီးများဖြင့် အကိုင်ခံနေရခြင်းများသည် မည်မျှလောက်ဆင်းရဲပင်ပန်းလိုက်ပါမည်နည်း။ အတော်သံဝေဂရစရာကောင်းသော ပဋိသန္ဓေဆင်းရဲပါပေတည်း။
(၃) သြတ္တပ္ပ သံဝေဂ။ ။မကောင်းမှုမှ ကြောက်လန့်ခြင်း။
မကောင်းမှုအကုသိုလ်သည်"သာဝဇ္ဇ ဒုက္ခ ဝိပါက လက္ခဏာ..အပြစ်နှင့်တကွဖြစ်၍ မကောင်းကျိုးကို
ပေးခြင်း "ဖြစ်ရာ ကြက်တစ်ကောင်သတ်စားပါက စားရသည်ကတစ်နပ်၊ ခံရမည့်အပါယ်ဆင်းရဲက အသင်္ချေဖြစ်
ပါသည်။ ဤကားအကျိုးရင်းပင်ဖြစ်ပါသေးသည်။ အကျိုးဖျားအနေဖြင့် အကုသိုလ်ကောင်ကြီးဟု လူအထင်သေးခံရပါသည်။ စိတ်မလုံခြုံမှုဖြစ်ရပြန်ပါသည်။ အပါယ်မှလွတ်ပြန်လျှင်လည်း ရောဂါထူခြင်း၊ လူမုန်းများခြင်း စသည့်အကျိုးဆက်များ ခံရပါသေးသည်။
စားရသည်နှင့်ခံရသည်က မတန်ပါချေ။
သံဝေဂရဖွယ် ကောင်းလွန်းလှပေသည်။
(၄) ဓမ္မသံဝေဂ။ ။ရုပ်နာမ်ဓမ္မ သင်္ခါရမှ ထိန့်လန့်ခြင်း။
ဘဝကောင်းဟုသတ်မှတ်ထားသော လူချမ်းသာ
နတ်ချမ်းသာ၊ ရနေပါစေဦး၊ မပြုမပြင်ဘဲ ချမ်းသာသုခကို အမြဲမခံစားနိုင်ပါပေ။ အိပ်ရာမှထသည်နှင့် မျက်နှာသစ်ရခြင်း၊ အညစ်အကြေးစွန့်ပေးရခြင်း၊ အစားစားပေးရခြင်း၊စသည်ဖြင့် မပြတ်ပြုပြင်ပေးနေရပါသည်။ ပြုပြင်ပေးနေပါသော်လည်း ရုပ်နာမ်ဓမ္မသည် သူ့သဘောသူဆောင်သဖြင့် အမြဲမနေ၊ ပျက်စီ်းကုန်ပြန်ပါသည်။ လူသာအိပ်ရာထဲ ပက်လက်လန်နေပါမည်။ ရုပ်နာမ်တရားများကတော့မလန်၊ အပျက်သို့သာ
ဦးတည်ဆက်သွားနေကြပါသည်။ မည်သည့်အဓိပ္ပါယ် အနှစ်သာရမျှမရှိ သက်သက်ဒုက္ခရောက်နေ
သော ခန္ဓာကိုယ်ကြီးသာ ဖြစ်ပေတော့သည်။ သံဝေဂရဖွယ် ကောင်းလွန်းလှပါသည်။
ဤသို့ဖြင့်ခန္ဓာအပြစ်၊ လောကအပြစ်ကို အမှန်တိုင်းမြင်ပါမှ ခန္ဓာမှလွတ်လိုသောစိတ် ဖြစ်ပေါ်လာပြီး
လွတ်လမ်းကို စတင်ရှာဖွေပါတော့သည်။
သို့ဖြစ်၍ တရားအားထုတ်ခြင်းဆိုသည်မှာ အဘယ်ဟာနည်း၊ အဘယ်သို့ အားထုတ်ရသနည်းကို စတင်
လေ့လာကြပါမည်။
ဝိသုဒ္ဓိမဂ်တွင် တရားအားထုတ်သူရှိရမည့် အရည်အခြင်းများကို ပြသထားပါသည်။ အရည်အခြင်းဆိုသည်မှာ
စင်ကြယ်ခြင်း "ဝိသုဒ္ဓိ" ပင်ဖြစ်ပါသည်။ ဝိသုဒ္ဓိအစဉ်အတိုင်းတက်သွားမှ မဂ်ဆိုသော
အထက်သို့ ရောက်နိုင်ပါသည်။ သည်ခရီး၌ ဖြတ်လမ်းမရှိပါ။
စင်ကြယ်ခြင်းရှိလာလျှင် ဉာဏ်ပွင့်လင်းလာပါသည်။
သို့ဖြစ်၍ ဝိသုဒ္ဓိနှင့် ဉာဏ်ပွင့်လင်းခြင်းကို ချိန်ညှိ၍ လေ့လာကြပါမည်။
ဤစာအုပ်သည် ဝိပဿနာအား အကျဉ်းပြဆိုမည်သာဖြစ်၍ အချို့ကဏ္ဍများ၌ သိယုံမျှရေးပါမည်။
အချို့ကဏ္ဍများ၌ အကျယ်ရေးပါမည်။
၁) သ်ီလဝိသုဒ္ဓိ ( သ်ီလစင်ကြယ်ခြင်း )
မဂ္ဂင်အစ သ်ီလက..။
ဝိပဿနာပွားမည့်ယောဂီသည် သ်ီလလုံခြုံရပါသည်။ အနည်းဆုံး ငါးပါးသီလလုံရပါမည်။ သ်ီလပျက်
ယွင်းနေသောသူသည် စိုးရိမ်မှုရှိနေနိုင်ပါသည်။ စိတ်သည်တံခွန်ကဲ့သို့ တဖျပ်ဖျပ်ခါနေပြီး တည်ငြိမ်မှုရရန် မ
လွယ်ကူပါ။ သီလမလုံခြုံသောသူသည် အဘယ်ကြောင့် တည်ငြိမ်မှုမရသနည်းဆိုသော်..
(၁) အတ္တာနုဝါဒဘေး….။ငါအကုသိုလ်ကံကျူးလွန်မိနေပြီ၊ ငါဟာအကုသိုလ်ကောင်ကြီး ဖြစ်နေပြီဆိုပြီး မိမိကိုယ်ကိုစွပ်စွဲခြင်း ဘေးသင့်နေပါသည်။
(၂) ပရာနုဝါဒဘေး….။ဒီကောင်ပေါ့ အကုသိုလ်တွေနဲ့ကြီးပွားနေတဲ့ကောင်၊ အကုသိုလ်တွေနဲ့ အသက် မွေးနေမှတော့ ဘယ်မှာသူတော်ကောင်းဖြစ်နိုင်မှာလဲဆိုသော သူတစ်ပါးတို့၏စွပ်စွဲသည့်ဘေး သင့်တတ်သည်။
(၃) ဒဏ္ဍဘေး….။အကုသိုလ်အမှု လွန်ကျူးထားလျှင် တရားဥပဒေအရ အပြစ်ပေးခံရသည့်ဘေးလဲ သင့်ပါသည်။ လတ်တလောလွတ်မြောက်နေစေပါဦး ဘယ်တော့လာဖမ်းမလဲဟု စိတ်မလုံခြုံဖြစ်ရပါသည်။
(၄) ဒုဂ္ဂတိဘေး…..။အကုသိုလ်သည် အပြစ်ရှိခြင်း ၊ မကောင်းသောအကျိုးပေးခြင်း သဘောရှိရာ ကျူး လွန်မိသူသည် အပါယ်ဘေးဘုံသို့ ကျရောက်မည့်ဘေးလဲ သင့်နေပါသည်။
ထိုအခြေနေမျိုးနှင့် စိတ်တည်ငြိမ်ရန် မလွယ်ကူပါချေ။
ရာဇဂြိုဟ်ပြည်တွင် ၅၅ နှစ်လုံးလုံးလူသတ်ရာထူးဖြင့် လူသတ်ခဲ့သော တမ္ဗဒါဌိကသည် ပင်စင်ယူသောနေ့၌ ရှင်သာရိပုတြာကို ဆွမ်းလုပ်ကျွေးပါသည်။ ရှင်သာရိပုတြာမှ အနုမောဒနာတရား ဟော သောအခါ ၅၅ နှစ် ပတ်လုံး ပြုခဲ့သောအကုသိုလ်များကို ပြန်လည်မြင်ယောင်မိပြီး စိတ်မငြိမ်ဖြစ်နေပါသည်။ တရားကိုကောင်းစွာ မနာယူ နိုင်ပါချေ။
ထိုအခြင်းရာကို ရှင်သာရိပုတြာသိတော်မူသောအခါ " ဒါယကာ၊ ထိုမကောင်းမှုများကို သင့်အလိုတိုင်း ပြုသလော၊ သူတစ်ပါးက ခိုင်း၍ပြုသလော " ဟုမေးပါသည်။
" ဘုရာမင်းမြတ်ကခိုင်း၍ ပြုရပါသည် ဘုရား " ဟုလျှောက်တင်သည်။
ထိုအခါ ရှင်သာရိပုတြာမှ " သို့ဆိုလျှင် သင်၏မကောင်းမှု ဟုတ်ပါမည်လော " ဟုမေးတော်မူသည်။
တမ္ဗဒါဌိကသည် "ဘုရင်မင်းမြတ်၏ မကောင်းမှုများသာဖြစ်သည်၊ ငါ၏မကောင်းမှုမဟုတ်" ဟုထင်
မှတ်သွားပြီး စိတ်ချမ်းသာသွားလျက် တရားနှလုံးသွင်းရာ သင်္ခါရုပေက္ခာဉာဏ်သို့ ရောက်ရှိခဲ့လေသည်။ (ဝိသုဒ္ဓိမဂ်..မဟာစည်ဆရာတော်)
ရှင်သာရိပုတြာသည် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပါသည်။ ၅၅ နှစ်လုံး လူသတ်ရာတွင် ဘုရင့်အမိန့်အရ သတ်ခြင်းဖြစ်သော်လည်း သူ၏ဒေါသဆန္ဒနှင့် သတ်သည်များလည်းရှိမည်သာဖြစ်ပါသည်။
လတ်တလော သီလဆောက်တည်ထားခြင်း၊ နှလုံးသွင်းမှန်သွားခြင်းကြောင့်သာ ဝိပဿနာဉာဏ်ဖြစ်ခဲ့
ခြင်း ဖြစ်ပါသည်။
မဂ်ကို တားနိုင်လောက်သော အန္တရာယ်မျိုးမဟုတ်ခဲ့၍ သက်သာရာရသွားခဲ့ခြင်းလည်းဖြစ်ပါသည်။
မဂ်ကိုတားနိုင်သော"အန္တရာယ် ငါးပါး" ရှိပါသည်။
(၁) ကမ္မ န္တရာယ်။ ။ အမိသတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ မြတ်စွာဘုရားအားသွေး စိမ်းတည်အောင်လုပ်ခြင်း၊ သံဃာသင်းခွဲခြင်း စသည်ကျူးလွန်ထားသူသည် သဂ္ဂ န္တရာယ်( သုဂတိသို့မရောက် နိုင်တော့ခြင်း)၊ မဂ္ဂ န္တရာယ်( မဂ်ဖိုလ်မရနိုင်ခြင်း) နှစ်မျိုးလုံး ကြုံရပါသည်။
(၂) ကိလေသန္တရာယ်။ ။ ကောင်းမှုမကောင်းသည်မရှိ၊ ကောင်းကျိုးဆိုးဆိုသည်လည်းမရှိဆိုသော ကံကိုပယ်ခြင်း " အကိရိယဒိဋ္ဌိ "၊ သတ္တဝါသည် သေရင်ပြတ်၏၊ နောင်ဘဝအကျိုးကို မပေးနိုင်ဆိုသော " နတ္ထိ ကဒိဋ္ဌိ " ၊ ကောင်းမှုလုပ်သော်လည်းကောင်းကျိုးမမည်၊ မကောင်းမှုလုပ်သော်လည်း မကောင်းမှုမမည်၊ အကျိုးမ ပေး၊ သူ့အလိုလိုသာဖြစ်သည်ဟု ကံရောအကျိုးပါပယ်သည့် " အဟေတုကဒိဋ္ဌိ " ၊ စသည့် နိယတမိစ္ဆာဒိဋ္ဌိ ရှိနေ လျှင် သုဂတိလည်းမရောက်၊ မဂ်လည်းမရ နိုင်ပါပေ။
(၃) ဝိပါကန္တရာယ်။ ။ အဟိတ်၊ ဒွိဟိတ်စသည် ပဋိသန္ဓေကပင်ဉာဏ်ပါမလာခြင်းသည် ဝိပါကန္တရာယ်
ဖြစ်ပါသည်။ ထိုသူမျိုးလည်း မဂ်မရပါပေ။
(၄) အရိယူပဝါဒန္တရာယ်။ ။ အရိယာဟုသိလျှက်ဖြစ်စေ၊ မသိဘဲဖြစ်စေ အရိယာ၏ ဂုဏ်ပျက်အောင်
ကြံစည်၊ ပြစ်မှားပြောဆိုသူလည်းမဂ်မရနိုင်ပေ။ ငရဲသို့လည်းရောက်တတ်ပါသည်။ (ယခုခေတ်တွင်နှုတ်သရမ်း မှုအလွန်များပြားလှပါသည်။ အရိယာကိုတော်ယုံလူမသိနိုင်၍ စောင့်စည်းနိုင်ကြပါစေ)
(၅) အာဏာဝိတိက္ကမန္တရာယ်။ ။ရဟန်းတော်များသည် သိလျက်နှင့်အာပတ်ကိုကျူးလွန်ခဲ့သော် သုဂ
တိကော မဂ်ကိုပါ မရနိုင်ပါပေ။
ထိုငါးပါးတွင် ကမ္မ န္တရာယ်နှင့် ဝိပါကန္တရာယ် ရှိသူသည် မည်သို့မျှပြုပြင်၍ မရတော့သဖြင့် ယခုဘဝတွင် ပါရမီအထောက်ပံ့သာ အများဆုံးရနိုင်ပါသည်။ ကျန်အန္တရာယ်များမှာ အချိန်မီ အယူဝါဒမှားကိုစွန့်ပစ်ခြင်း၊ ပြစ်
မှားစော်ကားမိသူကိုတောင်းပန်ခြင်း၊ ဆိုင်ရာနည်းဖြင့် အာပတ်အပြစ်ကိုကုစားခြင်းဖြင့် ကျူးလွန်မှုများကို ဖြေဖျောက်နိုင်ပါသည်။
သ်ီလပြည့်စုံနေသောသူကား စိတ်ကြည်လင်နေပါသည်။ "ငါ့မှာသ်ီလနှင့်ပြည့်စုံနေတယ်" ဟူသောအ သိသည် ပီတိ၊ ပဿဒ္ဓိကိုဖြစ်စေပြီး သမဓိအား ကောင်းစွာအထောက်ကူပြုပါသည်။ သမာဓိအားပြည့်လျှင် အ
မှန်ကို အမှန်တိုင်းသိသော "ယထာဘူတဉာဏ်" ရရှိပါသည်။
သို့ဖြစ်၍ လွန်ကျူးမိခဲ့သည်များရှိက တောင်းပန်သင့်သည်ကိုတောင်းပန်၊ နောင်ထပ်မကျူးလွန်မိအောင် စောင့်သည်းခြင်းဖြင့် ကုစားဖြေဖျောက်ရပါသည်။
(၂) စိတ္တဝိသုဒ္ဓိ ( စိတ်စင်ကြယ်ခြင်း )
ဤအဆင့်ကား သမာဓိ တည်ကြည်မှုအဆင့်ဖြစ်သည်။ ကမ္မဋ္ဌာန်းလေးဆယ်ရှိပါသည်။ မိမိတို့နှစ်သက် ရာနည်းဖြင့် သမာဓိထူထောင်နိုင်ပါသည်။ ယခုခေတ်တွင် လူတိုင်းကြားဖူးနားဝဖြစ်နေသော " အာနာပါနနည်း "ဖြင့် ထူထောင်နိုင်ပါသည်။ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ တစ်ခုခုသို့ရာက်လျှင် စိတ်တည်ကြည်မှုအဆင့် အောင်မြင်ပါသည်။
သမာဓိသည် ကိလေသာကို ယာယီခွာထားပါသည်။ ရေကန်ထဲမှ မှော်အမှိုက်များကို ရေအိုးဖင်ဖြင့် အသာယာတွန်းဖယ်လိုက်သောအခါ မှော်အမှိုက်များ ဘေးသို့ရှဲဖယ်သွားသကဲ့သို့ဖြစ်ပါသည်။ သို့သော် အပြီးတိုင် ဆယ်ယူလိုက်ခြင်းမျိုးမဟုတ်၍ အချိန်တန်လျှင် မှော်အမှိုက်များ ပြန်စုလာပါသည်။
ဤစာအုပ်ငယ်သည် ဝိပဿနာကိုသာ ဦးတည်ပြမည်ဖြစ်၍ သမာဓိလုပ်ငန်းအဆင့်ဆင့်ကို အကျယ်မ ရှင်းလင်းတော့ပါ။ အကျယ်သိလိုပါက ဝိသုဒ္ဓိမဂ်ကျမ်းကိုကြည့်နိုင်ပါသည်။
သမထနည်းလမ်းဖြင့် ဥပစာရသမာဓိအဖြစ်သို့ ရောက်အောင်ရှုလျှင် သမာဓိလုပ်ငန်း အသင့်တင့် အောင်မြင်ပေသည်။ ပို၍ အဆင့်မြင့်ချင်ပါက အပ္ပနာသမာဓိသို့ ရောက်အောင်ပွားရပါသည်။ ထိုအခါ ဆန့်ကျင် ဘက် န်ီဝရဏတရားတို့ ကိုဈာန်စိတ်ဖြင့် ပယ်ထား၍ စိတ်စင်ကြယ်မှု စိတ္တဝိသုဒ္ဓိ ဖြစ်နေပါသည်။ သမထသည် ပညတ်အာရုံနိမိတ်ရှိ၍ " အာရမ္မဏပနိဇ္ဈာန်" ဟု ခေါ်ပါသည်။
ဝိပဿနာတိုက်ရိုက်သွား၍ စိတ္တဝိသုဒ္ဓိဖြစ်ပုံမှာ ဖြစ်ပေါ်လာသော ရုပ်နာမ်တို့၏ သဘာဝကို ရှုမှတ်နေ သူသည် ကိလေသာကြားခိုခွင့်မရ၍ နီဝရဏများကင်းစင်နေပြီး ဝိပဿနာဖြင့် စိတ်စင်ကြယ်မှု ဖြစ်လာပါသည်။ ၎င်းကို " လက္ခဏူပနိဇ္ဈာန်" ဟုခေါ်ပါသည်။
ဈာန်ဆိုသည်မှာ " ပစ္စေန်ီက ဓမ္မေ ဈာယတိ …ဆန့်ကျင်ဘက်တရားတို့ကို လောင်မြှိုက်ဖျက်ဆီးတတ်၍ ဈာန်" ဟု ခေါ်ပါသည်။
ဝိပဿနာဖြင့်ရအပ်သော သမာဓိကို " ခဏိကသမာဓိ " ဟုခေါ်ပါသည်။
ခဏိကသမာဓိ ဟူသည် " ဝိပဿနာစိတ်၏ အခိုက်အတန့်မျှတည်သော သမာဓိပေတည်း။ ထိုသမာဓိ သည် ရှုအပ်သောပရမတ်အာရုံ၌ တစ်မျိုးတည်းသောတည်ငြိမ်မှုအခြင်းရာအားဖြင့် အခြားမပြတ်တစ်စပ်တည်း
ဖြစ်လတ်သော် ဆန့်ကျင်ဘက် နီဝရဏတရားတို့သည် မနှောက်ယှက်အပ်သည်ဖြစ်၍ အာရုံ၌ သက်ဝင်သော ဈာန်သမာဓိကဲ့သို့ ဝိပဿနာစိတ်ကို မတုန်မလှုပ် ငြိမ်သက်စွာထားနိုင်၏ " ( ဝိသုဒ္ဓိမဂ် မဟာဋီကာ)
သမထသမာဓိသည် ဝိပဿနာကို တိုက်ရိုက်ဖြစ်စေသော အကြောင်းတော့မဟုတ်ပေ။ အထောက်ကူ သာ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် သမာဓိသုတ်၌ " ချစ်သားတို့၊ သမာဓိကိုပွားကြကုန်လော့၊ သမာဓိရှိသောသူ သည် ဟုတ်တိုင်းမှန်စွာ သိ၏ " ဟု ဟောတော်မူပါသည်။
ထိုသမာဓိသည် ဝိပဿနာ သမာဓိသာဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် " ဟုတ်တိုင်းမှန်စွာသိခြင်း " ဆိုသည်မှာ ဝိပဿနာဉာဏ်အဆင့်ဖြစ်ပါသည်။
ဝိပဿနာ၏ အာရုံသည် ပရမတ်တရား ဖြစ်ပါသည်။ သမထသမာဓိ၏ အာရုံသည် ပညတ်နိမိတ်များဖြစ်ပါသည် ။ သမထသမာဓိ သက်သက်သည် မဂ္ဂင်မထိုက်ပါ။ မြတ်စွာဘုရားရှင်လက်ထက်က သမထသမာဓိဖြင့် ဈာန် အဘိညာဉ်ရကြသော ပုဂ္ဂိုလ်များစွာရှိပါသည်။ သူတို့သည် ဝိပဿနာဉာဏ်မဖြစ်ခဲ့ကြပါ။ ဗြဟ္မပြည်ရောက်ခြင်း သာ လမ်းဆုံးခဲ့ကြပါသည်။
ထို့ကြောင့် မြတ်စွာဘုရားရှင်သည် သုသိမအား " သုသိမ၊ မဂ်သည်လည်းကောင်း၊ ဖိုလ်သည်လည်း ကောင်း၊ သမထသမာဓိ၏ အကျိုးဆက်မဟုတ်၊ အကျိုးရင်းလည်းမဟုတ်၊ သမထသမာဓိဖြင့် ပြီ်းသည်မဟုတ်၊ စင်စစ်သော်ကား မဂ်သည်လည်းကောင်း၊ ဖိုလ်သည်လည်းကောင်း၊ ဝိပဿနာဖြင့်သာပြီးသော အကျိုးတရား
သာ ဖြစ်သည် " ဟု ဆုံးမခဲ့ပါသည်။ ( နိဒါနဝဂ္ဂသံယုတ် အဋ္ဌကထာ )
" န ဟိ ခဏိကသမာဓိ ဝိနာ ဝိပဿနာ သမ္ဘဝတိ …ဖြစ်ပေါ်ဆဲ ပစ္စုပ္ပန်အခိုက်တွင် ရှုသိနိုင်ရန် ငြိမ် သက်သော ခဏိကာသမာဓိကို ဖယ်၍ ရုပ်နာမ်တို့၏ ဖြစ်ပျက်သဘာဝကို ရှုသိသော ဝိပဿနာသည် မဖြစ် " ဟု ဝိသုဒ္ဓိမဂ် မဟာဋီကာ တွင်ဆိုပါသည်။
သို့ဖြစ်ပါ၍ သမထသမာဓိ ထူထောင်၍ ဝိပဿနာကိုပဲ ကူးကူး၊ ဝိပဿနာ တိုက်ရိုက်ပွားသော ခဏိကသ မာဓိ နည်းဖြင့်ပင်ပွားပွား၊ မိမိတို့ နှစ်သက်သည့်နည်းဖြင့် ရှုပွားနိုင်ကြပါသည်။
(၃) ဒိဋ္ဌိဝိသုဒ္ဓိ ( အယူစင်ကြယ်ခြင်း )
(၁) နာမရူပပရိစ္ဆေဒဉာဏ် ( နာမ်ရုပ်ကို ပိုင်းခြားသိခြင်း)
(၁-က) ရူပပရိစ္ဆေဒဉာဏ်
ဤအပိုင်းမှစတင်၍ ဝိပဿနာ အခြေခံသဘောတရားများ ဆွေးနွေးပါမည်။
ဝိပဿနာ ဆိုသည်မှာ " ပညတ္တိံ ဋ္ဌပေတွာ ဝိသေသေန ပဿတီတိ ဝိပဿနာ …ပညတ်ကိုခွာလှန်၍ လောကီအသိထက်ထူးသော ဉာဏ်ဖြင့် ရုပ်နာမ်တို့၏ အခြင်းရာကို ကြည့်ရှုခြင်း " ဖြစ်သည်။ (ဝိပဿနာ စက္ခုကျမ်း-အရှင်ဝိစိတ္တ)
ထို့ပြင် " အနိစ္စတာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ ၊ ပညာယေတံ နာမ …ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို အနိစ္စစသည်တို့၏ အစွမ်းဖြင့် အထူးထူးအပြားပြား အခြင်းရာတို့ဖြင့် ရှုမြင် တတ်သောကြောင့် ဝိပဿနာမည်၏။ ဝိပဿနာဟူသောအမည်သည် ပညာ၏နာမည်တည်း " ( ပဋိသမ္ဘိဒါမဂ် -ဋ္ဌ)
သို့ဖြစ်ပါ၍ ပညတ်ကိုခွါလှန်၍ ပရမတ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကိုရှုနိုင်ရန် ပညတ်၊ ပရမတ်သဘော ကို ဦးစွာလေ့လာရပါသည်။
ဤသို့ ပညတ်၊ ပရမတ်ပိုင်းခြားသိခြင်းသည် ဝိပဿနာဉာဏ်စဉ်အားဖြင့် "နာမရူပပရိစ္ဆေဒဉာဏ်...နာမ်
ရုပ်ကိုပိုင်းခြားသိခြင်းအသိဉာဏ်) ဖြစ်ပါသည်။ ထိုသို့ကွဲပြားရှင်းလင်းစွာပိုင်းခြားသိမှ ခန္ဓာ၌ "အတ္တဒိဋ္ဌိ" မရှိခြင်း
ကိုသိမြင်ပြီး အယူလည်းစင်ကြယ်သွားပါသည်။
အယူလည်းစင်ကြယ်ပြီး မိမိရှုပွားမည့်အရာကိုလည်း ပိုင်နိုင်စွာနားလည်နေ၍ ဝိပဿနာလုပ်ငန်းကို
ပေါက်မြောက်စွာ အားထုတ်နိုင်ပါတော့သည်။
ဝိပဿနာတွင်စည်းကမ်းရှိပါသည်။ ထိုစည်းကမ်းကား "ဝိသုဒ္ဓိ " အစဉ်အတိုင်းသွားခြင်းပင် ဖြစ်ပါသည်။ ခုန်ကျော်ရှု၍ ဝိပဿနာအစစ်မဖြစ်ပါ။
မြတ်စွာဘုရားရှင်၏ ဖွားဖက်တော်ဆန္ဒမထေရ်သည် နှစ်ပါင်းများစွာ ဝိပဿနာရှုနေသော်လည်း မဂ်မ ရခြင်းသည် အစဉ်အတိုင်းမသွားခဲ့၍ဖြစ်ပါသည်။ ရုပ်နာမ်တို့ကို အကြောင်းနှင့်တကွမသိမ်းဆည်းသောကြောင့် ဒုဗ္ဗလဝိပဿနာသာ ဖြစ်နေသည်။ အကြောင်းနှင့်တကွမသိမ်းဆည်းခဲ့၍ အတ္တဒိဋ္ဌိမစင်သဖြင့် မဂ်မရခြင်းဖြစ်ပါ
သည်။ ( မိုးကုတ်ဝိနစ္ဆယ )
ရိပ်သာဆရာတော်များဖြစ်သော ဦးခေမိန္ဒနှင့်ဦးဝိစိတ္တသာရတို့၏ "နာမရူပပရိစ္ဆေဒဉာဏ်တွေ၊ သမ္မသန
ဉာဏ်တွေရစရာမလိုဘူး၊ အနုလောမဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ် ရဖို့ကအဓိကပဲ "ဟုဆိုကြခြင်းသည် မှားယွင်း
ကြောင်းကို " နိုင်ငံတော် သီးခြားဝိနည်းဓိရ်အဖွဲ့ ၁၅ " ဆရာတော်ကြီးများမှ …
" ရဟန်းတို့ ၊ ငါဘုရားသည် ရှေးဦးစွာကပင် ဖားသတ္တဝါ၏ခုန်၍သွားခြင်းကဲ့သို့ ကမ္မဋ္ဌာန်းအားထုတ်ရာ၌ အစီစဉ်မရှိဘဲ ကျော်လွှားအားထုတ်ခြင်းဖြင့် အရဟတ္တဖိုလ်၌တည်ခြင်းကို ဟောတော်မမူ " ဟု လည်းကောင်း၊
" ရဟန်းတို့ ၊ အစီစဉ်တိုင်းတရားမကျင့်တဲ့သူတို့ဟာ ဖောက်ပြန်တဲ့အကျင့်ကိုကျင့်ကြတယ်။ မှားယွင်း တဲ့အကျင့်ကိုကျင့်ကြတယ် " ဟူ၍လည်းကောင်း ပါဠိ၊ အဋ္ဌကထာ များကိုးကာ၍ ဆုံးဖြတ်ထားပါသည်။
ပရိညာသုံးပါး….။
" ပရိညာ "သုံးပါးရှိပါသည်။ ပရိညာ ဆိုသည်မှာ ပိုင်ပိုင်နိုင်နိုင် သိခြင်းဖြစ်ပါသည်။
ဉာတပရိညာ (သင်ယူခြင်းဖြင့်သိခြင်း)၊ တိရဏပရိညာ (ပွားများခြင်းဖြင့်သိခြင်း)၊ ပဟာနပရိညာ (မဂ်၏
ပယ်ခြင်းဖြင့်သိခြင်း) တို့ဖြစ်သည်။
ဉာတပရိညာ ၏နယ်သည် နာမရှုပရိစ္ဆေဒဉာဏ် (ဝါ) ဒိဋ္ဌိဝိသုဒ္ဓိ ၊ ပစ္စယပရိဂ္ဂဟဉာဏ် (ဝါ) ကင်္ခါဝိတရ ဏဝိသုဒ္ဓိ အထိဖြစ်ပါသည်။
တိရဏပရိညာ ၏ နယ်သည် သမ္မသနဉာဏ် မှ အထက် ဥဒယဗ္ဗယဉာဏ် အထိဖြစ်ပါသည်။ ပဟာနပရိညာ ၏ နယ်သည် ဘင်္ဂဉာဏ်မှ စ၍ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အထိဖြစ်ပါသည်။
ထိုသို့ပရိညာ အစဉ်အတိုင်း သွားရပါသည်။
သို့ဖြစ်၍ နာမ်ရုပ်ကို ပိုင်းခြားသိခြင်းဖြင့် အယူစင်ကြယ်စေရန် ပညတ်၊ ပရမတ် ကိုစတင်လေ့လာပါမည် ။
ပညတ် နှင့် ပရမတ်…..။
ပညတ်ဆိုသည်မှာ..
"ပညာပနံ - ပညတ္တိ…ပညာပနံ= အပြားအားဖြင့် သိစေခြင်း၊ ပညတ္တိ= အပြားအားဖြင့် သိစေခြင်း"ဟု ဆိုပါသည်။
အပြားအားဖြင့်သိစေခြင်းဆိုသည်မှာ လူ၊ နတ်၊ ဗြဟ္မာ၊ ခွေး၊ ကြောင်၊ သစ်ပင်၊ စားပွဲ၊ အိမ်၊ စသည်မျိုးမျိုးအစားစားကို သဏ္ဌာန်ဖြစ်ပေါ်နေမှုအခြင်းရာအလိုက် သိစေခြင်းဖြစ်ပါသည်။ လူ၊ နတ်၊ ခွေး၊ ကြောင်၊ သစ်ပင်၊ အိမ်၊ အမျိုးစားအလိုက် နာမည်အမျိုးမျိုးဖြင့် သိနေကြပါသည်။
ပညတ်အမျိုးမျိုးရှိပါသည်။
ဃနပညတ်၊ သမူဟပညတ်၊ သဏ္ဌာနပညတ်၊ သန္တတိပညတ်၊ နာမပညတ်၊ အဘာဝပညတ် စသဖြင့် မြောက်များစွာရှိပါသည်။
ပရမတ် ဆိုသည်မှာ..
"ပရမော ဥတ္တမော အဝိပရိတော အတ္ထော ပရမတ္ထော…..မြတ်သော၊ မဖောက်မပြန်မှန်ကန်သော သ
ဘောသည် ပရမတ်မည်၏ " ( ဋ်ီကာကျော် )
" ပရမော ဥတ္တမော အတ္တပစ္စက္ခော အတ္ထော ပရမတ္ထော….မြတ်သော၊ ကိုယ်တိုင်မျက်မှောက်သိအပ် သော၊ အနက်သဘောသည် ပရမတ်မည်၏ ) ( မဟာစည်ဆရာတော် . ဝိပဿနာရှုနည်းကျမ်း -ပ - )
ပရမတ်သဘောများသည် မိမိသဘာဝအဖြစ်မှ မည်သည့်အခါမှ မစွန့်လွှတ်ဘဲ ထာဝရမှန်ကန်သော သဘောဖြစ်သည့်အပြင် ကိုယ်တိုင်တွေ့သိရသော တရားလည်းဖြစ်ပါသည်။
ကြားနာခြင်း၊ တွေးတောကြံဆခြင်း သက်သက်ဖြင့် ပရမတ်ကို မသိနိုင်ပါ။
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် တရားများသည် ပရမတ်များဖြစ်ပါသည်။ စိတ်သည် သိခြင်းသဘောကို မည်သည့်အခါမျှမစွန့်ဘဲ ထာဝရမှန်ကန်ပါသည်။ ဝေဒနာစေတသိက်သည် ခံစားခြင်းသဘော၊ သညာစေတသိက်သည် မှတ်သားခြင်းသဘော၊ သင်္ခါရစေတသိက်သည် စေ့စော်ခြင်းသဘော၊ ရုပ်သည် ဖောက်ပြန်တတ် ခြင်းသဘော၊ နိဗ္ဗာန်သည် ငြိမ်းအေးခြင်း သဘော စသည် ပင်ကိုယ်သဘာဝများမှ မည်သည့်အခါမျှ ဖောက်ပြန် ပြောင်းလဲမသွားပါ။
စိတ်၊စေတသိက်၊ရုပ် သည် အကြောင်းအထောက်ပံ့ဖြင့်ရပ်တည်ရခြင်း၊ ဖြစ်တတ်၊ပျက်တတ်ခြင်း များ ကြောင့် " သင်္ခတ " တရားဟုခေါ်ပါသည်။ နိဗ္ဗာန် သည် အကြောင်းအထောက်ပံ့လည်းမလို၊ ဖြစ်ပျက်မရှိ ထာဝ ရ တည်တံ့နေသောကြောင့် " အသင်္ခတ " ဟု ခေါ်ပါသည်။
ပညတ်ပြောင်းလဲပုံ…။
ပညတ်သည် ပရမတ်ကဲ့သို့ အစစ်အရှိတရားမဟုတ်၍ ပြောင်းလဲဖောက်ပြန်နေပါသည်။
ဥပမာဆိုပါမည်။
သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်သည့်အခါ သစ်တုံးဖြစ်သွားပါသည်။သစ်တုံးကိုခွဲလိုက်လျှင် ပျဉ်ချပ်ဖြစ် သွားပါသည်။ ပျဉ်ချပ်ကိုစားပွဲလုပ်ပါက စားပွဲပုံ။ ကုတင်ပုံလုပ်လျှင် ကုတင်၊ ပုံသဏ္ဌာန်အမျိုးမျိုးအဖြစ် ပြောင်းလဲ သွားပါသည်။ အဘယ်ကြောင့် ဤသို့ပြာင်းလဲသွားရသနည်းဆိုသော် သစ်ပင်ဆိုမှာနဂိုကတည်းက အရှိတရား အစစ်မဟုတ်၍ ဖြစ်ပါသည်။
နောက်တနည်းပြောပါမည်။ ဂျုံမှုန့်ကိုရေနှင့်နယ်လိုက်ပါ။ ပြီးလျှင် လူပုံစံ၊ နွားပုံစံ၊ ခွက်ပုံစံ အမျိုးလုပ်
ကြည့်ပါ။ ထို့နောက်လူကိုဖျက်၍ နွားပုံစံလုပ်လိုက်လျှင် လူပုံပျောက်ပြီးနွားပုံပေါ်လာပါသည်။ ခွက်ပုံကို ဖျက်၍ ခွေးပုံလျှင် ခွေးရုပ်ဖြစ်လာပါသည်။
ဤသို့ပြောင်းလဲဖြစ်ပေါ်လာရသည်မှာ မူလကပင် မှန်ကန်သောအရှိတရား အစစ်မဟုတ်၍ ဖြစ်ပါသည်။
မိမိခန္ဓာကိုကြည့်ပါမည်။
သင့်၏လက်ကို ခန္ဓာနှင့်ထိစပ်နေစဉ်တွင် လက်ဟုခေါ်ပါသည်။ လက်ကိုဖြတ်၍ အတုံးတုံး ခုတ်ထစ် ပိုင်းဖြတ်လိုက်လျှင် လက်ဆိုတာမရှိတော့ပါ။ လက်ဟုခေါ်၍မရတော့ပါ။ အသားတုံးများဟုသာ ခ်ါပါတော့ သည်။
ဤကဲ့သို့ အမျိုးမျိုးပြောင်းလဲတတ်၍ ပညတ်ဟုခေါ်ပါသည်။
ပရမတ်မပြောင်းလဲပုံ...။
သစ်ပင်ကိုခုတ်လှဲ၍ သစ်တုံး၊ သစ်တုံးခွဲလျှင်ပျဉ်ချပ်၊ ပျဉ်ချပ်မှစားပွဲ စသည်ပညတ်အမျိုးမျိုးပြောင်းလဲ နေသော်လည်း သစ်သားဆိုသောအရာသည်ကား မပြောင်းလဲပါ။ သစ်ပင်၊ သစ်တုံး၊ စားပွဲတို့၏ ဘုံစုတူညီ သောအရာသည် သစ်သားသာဖြစ်ပါသည်။ သဏ္ဌာန်ဘယ်လိုပြောင်းပြောင်း သစ်သားကတော့ မပြောင်းလဲပါ။
ဂျုံမှုန့်ကိုနယ်၍ မည်သည့်အရုပ်ဖျက်၍လုပ်လုပ် အရုပ်ပုံသဏ္ဌာန်သာ ပြောင်းလဲသွားပါသည်။ ဂျုံဆိုသော အရာကား ပြောင်းလဲမသွားပါ။
ဤကား ပရမတ်သဘောကို တင်စားပြသော ဥပမာသာဖြစ်ပါသည်။ သစ်သားသည်ပရမတ်၊ ဂျုံမှုန် သည် ပရမတ်ဟု တိုက်ရိုက်ဆိုခြင်းမျိုးမဟုတ်ပါ။ တူည်ီသော ဘုံသဘောကိုသာ သိစေချင်၍ ဖြစ်ပါသည်။
ပရမတ်စစ်စစ်ကို ဥပမာပြရန်ပင်မလွယ်ပါ။ အဘယ်ကြောင့်ဆိုသော် ပရမတ်ဆိုသည်မှာ အဆင်းသာ မျက်စိဖြင့်မြင်နိုင်ပြီး ကျန်အရာများကို ဉာဏ်ဖြင့်သာ သိနိုင်သောကြောင့် ဖြစ်ပါသည်။
ဉာဏ်ဖြင့်သာသိနိုင်သော ပရမတ်ကို ဆက်လက်လေ့လာပါမည်။
ခန္ဓာနှင့်စပ်၍ပြောပါတော့မည်။ သင်ဒူးကို ကိုင်ကြည့်လိုက်ပါ။ မာသဘောကိုတွေ့မည်။ ပြီးလျှင်သင့် ခေါင်းကို ကိုင်ကြည့်လိုက်ပါ။ မာသဘောကိုထပ်တွေ့ပါမည်။ ခါင်းသည်သဏ္ဌာန်ပညတ်။ ဒူးသည်လည်းသဏ္ဌာန် ပညတ်။ သူတို့နှစ်ခု၏ တူညီသော မာသဘောမှာ ပရမတ်ဖြစ်ပါသည်။ ဤပရမတ်ကိုမြင်၍မရတော့ချေ။ ရှိမှန်း တော့သိရပါသည်။
ဒူးကိုဖြတ်၍ အတုံးတုံးခုတ်လိုက်ပါ။ ဒူးပုံစံပျောက်သွားပါသည်။ အတုံးလေးများကိုကိုင်ကြည့်ပါ။ မာသ ဘောကတော့မပျောက်ပါပေ။
သစ်ပင်၊ သစ်တုံး၊ စားပွဲ သဏ္ဌာန်မည်သို့ပင်ကွဲကွဲ မာမှု၊ ပျော့မှု၊ ပူမှု၊ အေးမှု၊ တင်းမှု၊ တွန်းမှု သဘော များ ကွဲပြားမှုမရှိပါ။
ဤမျှလောက်ဆိုလျှင် ဆက်လက်ဉာဏ်ကွန့်မြူး၍ ရပါသည်။
ခန္ဓာတစ်ကိုယ်လုံးမှသည် တလောကလုံးအထိ တွေးကြည့်နိုင်ပါသည်။ ပညတ်များသည်အမျိုးမည်တပ် ၍ မရလောက်နိုင်အောင်ပင် အမျိုးမျိုးကွဲပြားကြပါသည်။ မည်သို့ပညတ်များကွဲပြားစေကာမူ ပရမတ်သဘောမှာ မကွဲ ပြားကြောင်းတွေ့သိရပါသည်။
စာဖတ်၍သိရုံမျှမဟုတ်ဘဲ ကိုယ်ပိုင်အသိဖြစ်အောင် ဉာဏ်အားစိုက်တွေးလျက် သုံးသပ်ဆင်ခြင်ပေးရပါ မည်။ ပရမတ်တရားများသည် တထိုင်တည်းနှင့် နားလည်နိုင်သောအရာမျိုးမဟုတ်၍ ဖြစ်ပါသည်။ ထပ်ခါထပ်ခါလေ့လာပြီး ဆင်ခြင်တွေးတော သုံးသပ်နေရပါသည်။
ပညတ်ကို အဆင့်ဆင့်ချေ၍ ပရမတ်ရအောင်ပြုပုံ….။
ပညတ်တွင် ဃနပညတ်သည် အတုံးခဲ၊ သမူဟပညတ်သည် အပေါင်းစု၊ သဏ္ဌာနပညတ်သည် ပုံ သဏ္ဌာန်အခြင်းရာ၊ သန္တတိပညတ်သည် အစဉ်တန်း၊ နာမပညတ်သည် အမည်နာမ ဝေါဟာရ၊ ဇီဝပညတ်သည် ခန္ဓာပျက်စီးသော်လည်း ဇီဝကမပျက်စီးဆိုသော သေဘာတရား၊ အဘာဝပညတ်သည် ဘာမှမရှိခြင်းသဘော စသည်တို့ ရှိပါသည်။
ပညတ်ကိုခွာလှန်၍ ပရမတ်ကို ဖော်လျှင် ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တဇီဝသဘော ဆိတ်သုဉ်းသော " ဓာတ် " သဘာဝ ပရမတ်များ ထင်ပေါ်လာပါသည်။
ဓာတ် ဆိုသည်မှာ .." ဓာတုတိ - သဘာဝတ္ထော၊ သဘာဝတ္ထောတိ - သုညတ္ထော၊ သုညတ္ထောတိ - နိ သတ္တနိဇီဝသဘာဝေါ "
" ဓာတ်ဆိုသည်မှာ သဘာဝ၊ သဘာဝဆိုသည်မှာ အတ္တဇ်ီဝမှ ဆိတ်သုဉ်းသော သုည၊ သုည ဆိုသည် မှာ သတ္တဝါမရှိ၊ အသက်ကောင်မရှိ ပရမတ်အားဖြင့် ထင်ရှားရှိခြင်းသဘော " ဟု ဆိုပါသည်။
( ဝိပဿနာစက္ခုကျမ်း-အရှင်ဝိစိတ္တ)
အတုံးအခဲဖြစ်သော ဃနပညတ်ကို စတင်ခွဲဖြိုပါမည်။
ကျောက်တုံးတစ်တုံးကို ကြည့်ပါ။ ရိုးရိုးသာမန်အသိဖြင့်ပြောလျှင် ကျောက်တုံးကို အတုံးအခဲဖြစ်သည်ဟု ပြောပါသည်။ အမှန်တကယ်ကောအစိုင်အခဲ အတုံးသဘော ဖြစ်ပါရဲ့လား။ ဉာဏ်ဖြင့်ခွဲခြမ်းကြည့်ပါမည်။
ကျောက်တုံးကိုကိုင်ကြည့်လျှင် မာခြင်း(ပထဝီဓာတ်)၊ ပူခြင်း၊အေးခြင်း( တေဇောဓာတ်)၊ ကျောက်ခဲအတုံးအဖြစ်စုစည်းခြင်း( အာပေါဓာတ်) ၊ တွန်းကန်၊ ထောက်ကန် ရွေ့လျားခြင်း( ဝါယောဓာတ်)၊ များသာတွေ့သိရပြီး၊ မျက်စိဖြင့်ကြည့်၍မြင်ရသည်က ကျောက်ခဲ၏အရောင် (ဝဏ္ဏဓာတ်)၊ ကျောက်ခဲကိုနမ်းကြည့်လျှင် အနံ့တစ်ခုခုရသည်က ( ဂန္ဓဓာတ်)၊ ကျောက်ခဲကိုကိုက်ကြည့်လျှင် တွေ့သိသောအရသာ( ရသဓာတ်)၊ ကျောက်ခဲကိုစားမြိုသောအခါ တီကောင်အတွက်အာဟာရဖြစ်ခြင်း၊ လူအတွက်အဆိပ်ဖြစ်ခြင်း( သြဇဓာတ်) ၊ စသည်ရှစ်မျိုးကို ဉာဏ်ဖြင့် တွေ့သိရမည်ဖြစ်သည်။
ကျောက်ခဲမဟုတ်သော အစားစာတစ်ခုကိုလည်း စမ်းသပ်ကြည့်ပါ။ အကြိမ်ကြိမ်လက်ဖြင့်ကိုင်လိုက်၊ ဆင်ခြင်လိုက်၊ မျက်စိဖြင့်ကြည့်လိုက် ဆင်ခြင်လိုက်၊ နှာခေါင်းဖြင့်နမ်းကြည့်ပြီး ဆင်ခြင်လိုက်၊ ပါးစပ်ဖြင့်စားကြည့်ပြီး ဆင်ခြင်လိုက် လုပ်ပေးပါ။
ကိုင်လိုက်သောခါ ကျွန်ုပ်တို့က ကျောက်တုံးကို ကိုင်မိသည်ဟု ထင်သည်။ မြင်လိုက်သောအခါ ကျောက်တုံးကို မြင်သည်။နမ်းလိုက်သော အခါလည်း ကျောက်တုံးကို နမ်းမိသည်၊ မွှေးသည်၊ နံသည် စသည် ပညတ်အမြင်များသာ ထပ်ဝင်လာပါသည်။
အမှန်အရှိတွင်မူ ကျွန်ုပ်တို့ကိုင်လိုက်သောအခါ ထိမိသည်က ဖောဋ္ဌဗ္ဗဓာတ်(တွေ့ထိ၍သိရသောဓာတ်သုံးပါး ပ ၊ တေ၊ ဝါ )
သာဖြစ်သည်၊ နမ်းမိသည်က ဂန္ဓဓာတ်သာ ဖြစ်သည်။ မြင်ရသည်က ဝဏ္ဏဓာတ်သာဖြစ်သည်။ ခါးသည် ငံသည်က ရသဓာတ်သာ ဖြစ်သည်။ ဓာတ်သဘာဝ တစ်ခုချင်းဆီသာ အရှိတရားအဖြစ် တွေ့သိလာရပါသည်။
ထိုသို့ဓာတ်သဘာဝများကို ဆင်ခြင်၍ ဉာဏ်မိလာသောအခါ ကျောက်ခဲဆိုသော အတုံးအခဲ ဃနသဘောကို မတွေ့တော့ချေ။တကယ်ထင်ရှားရှိနေသော်လည်း အကောင်အထည်အဖြစ် မမြင်ရသည့် ဓာတ်သဘာဝများကိုသာ တွေ့ရပါတော့သည်။ဉာဏ်အောက်၌ အတုံးအခဲပျောက်သွားပါသည်။ အတုံးအခဲဃနပညတ် ကျေပါတော့သည်။ ကျောက်ခဲကို အမှုန့်မှုန့်ပြုလုပ်၍ ရေဖျောပစ်လိုက်သဖြင့် အတုံးအခဲ ကျေသွားခြင်းမျိုးကဲ့သို့ မဟုတ်ပေ။ ဉာဏ်အောက်တွင် အတုံးခဲသဘောကို ချေချလိုက်ခြင်းဖြစ်သည်။
ကျောက်တုံးဆိုသော ထင်ရှားသည့်အတုံးအခဲသဏ္ဌာန်သည် အမှုန်အဖွဲ ကျောက်ခဲစလေးများစုစည်းနေ ၍ ကျောက်ခဲအတုံးအဖြစ် ထင်ရှားလာရခြင်းဖြစ်သည်။ ထိုအမှုန်အဖွဲ ကျောက်ခဲစလေးများသည်လည်း ပညတ် အစိုင်အခဲဃန များသာဖြစ်သည်။ မျက်စိဖြင့်မမြင်ရသော အဏုမြူမျှလောက်ပင်သေးငယ်ပါစေ ဃနပညတ်သာဖြစ်သည်။ ထိုအနုမြူများစုစည်းမိသော် အမှုန်အဖြစ်ရောက်ရှိလာပြီ်း အမှုန်များစုစည်းမိသောအ ခါ မျက်စိဖြင့်မြင်ရလောက်သည့် သဏ္ဌာန်အခဲအဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။ အနုမြူမှသည် သဏ္ဌာန်အခဲအထိ အားလုံးသည် ဃနပညတ်များသာဖြစ်ပါသည်။
ဓာတ်သဘာဝများတစ်ခုချင်းကို ဉာဏ်ဖြင့်ဆင်ခြင်ရှုမှတ်မိလေသော် မည်သည့်ဃနမျှထင်မလာတော့ ချေ။ ဃနပညတ်ကျေပါတော့သည်။
အတုံးအခဲ၊ အမှုန်အဖွဲသဘော ဃနပညတ်ပျောက်၍ ဓာတ်သဘောသာများ ဉာဏ်ထင်လေသော် ပေါင်းစုစရာ အရာလည်းရှာမတွေ့တော့ချေ။ ထိုအခါ အပေါင်းအစု သဘော သမူဟပညတ် ထပ်ကျေပါသည်။ ပေါင်းစု၍ မရလျှင် လေးထောင့်၊ အဝိုင်း၊ အတို၊ အရှည် စသည် သဏ္ဌာန်လည်း ထွက်ပေါ်လာစရာမရှိတော့၍ သဏ္ဌာနပညတ်လည်း ကွယ်ပျောက်သွားပြန်လေသည်။ ပုံသဏ္ဌာန်မှမပေါ်တော့လျှင် သဏ္ဌာန်ကိုမှည့်ခေါ်သော အမည်နာမဝေါဟာရလည်း တပ်စရာမရှိတော့၍ နာမပညတ် လည်းချုပ်ပြန်လေသည်။ နာမည်လည်းတပ်စရာမ ရှိ အကောင်ထည်လဲမဟုတ် ဓာတ်သဘောသက်သက်မျှသာဖြစ်၍ ဇီဝရှိသည်ဆိုသော ဇီဝပညတ်လဲ ငြိမ်းပြန် သည်။ ထိုအကောင်အထည်သဏ္ဌာန်မရှိ၊ ဇီဝပညတ်လည်းမရှိ၍ ဘာမှမရှိတော့ဘူးလားဆိုလျှင်လည်း ထိုသို့ မဟုတ်၊ ပရမတ်ဓာတ်သားများ ဉာဏ်၌ထင်ရှားစွာရှိနေ၍ ဘာမှမရှိခြင်းသဘောဆိုသော အဘာဝပညတ်လည်း ခွာလှန်ပြီးသားဖြစ်နေပါသည်။ ( ဝိပဿနာစက္ခု-အရှင်ဝိစိတ္တ)
တိုက်အိမ်ဖြစ်ရန် အုတ်ခဲများကိုပေါင်းစပ်၍ တည်ဆောက်ရပါသည်။ အုတ်ခဲအတုံးလေးများပေါင်း စုလျှင် တိုက်အိမ်သဏ္ဌာန် ဖြစ်ပေါ်လာပါသည်။ အိမ်သဏ္ဌာန်ဖြစ်ပေါ်လာ၍ အိမ်ဟု နာမည်မှည့်လိုက်ပါသည်။ ကျောင်းပုံစံဖြစ်ပေါ်လာလျှင် ကျောင်းဟုနာမည်မှည့်ခေါ်ပါသည်။
နဂိုကတည်းက အုတ်ခဲဆိုသောအတုံးအခဲမရှိလျှင် ပေါင်းစုစရာ အရာဝတ္ထုမရှိတော့ချေ။ ပေါင်းစုစရာမရှိလျှင် အိမ်ဆိုသောသဏ္ဌာန် ဖြစ်ပေါ်လာခြင်း မရှိ။ အိမ်ဆိုသောသဏ္ဌာန် ဖြစ်ပေါ်မလာလျှင် အိမ်ဟုမှည့်ခေါ်စရာ နာမည်လည်းမလိုတော့ချေ။
သို့ဖြစ်၍ အုတ်ခဲကို ချေနိုင်လျှင် နောက်ဆက်တွဲအရာများလည်း အလိုလို လိုက်ကျေပျောက်ရပါတော့ သည်။ ဥပမာ ဆောင်ပြခြင်းကို နားလည်မည် ထင်ပါသည်။
သန္တတိပညတ် ဆိုသော အစဉ်တန်းသဘော ကျန်နေပါသည်။ ဓာတ်သဘာဝများ ဖြစ်ချုပ်သဘောဖြင့် သွားနေရာ အလွန်လျှင်မြန်သောအရှိန်ကြောင့် အစဉ်တန်းသဘောမျိုးတွေ့နေရပါသည်။ ပုရွက်ဆိတ်လေးများ တစ်ကောင်ချင်းဆီ စီတန်း၍သွားနေသောအခါ အစဉ်တန်းကြီးအဖြစ် မြင်တွေ့ရပါသည်။ အမှန်မှာ တစ်ဆက် တည်း တန်းနေသည်မဟုတ်ပါ။ အနီ်းကပ်အသေချာကြည့်ပါက တစ်ကောင်ချင်းဆ်ီကြားထဲ၌ ကွက်လပ်ကလေး
များ ခြားနေပါသည်။ ဤကား သန္တတိပညတ်ဖြစ်ပါသည်။
ရုပ်နာမ်တို့သည် ဖြစ်ချုပ်လျှင်မြန်မှုကြောင့် အစဉ်တန်းသဘောပညတ် ဖြစ်နေလေရာ အစဉ်တန်းသဘောမဟုတ်ကြောင်းကို အနီးကပ်ကြည့်မှ သိနိုင်ပါသည်။ အနီးကပ်အမြင် ဆိုသည်ကား ဖြစ်ပျက်ရှုဉာဏ်ဖြစ်
သော "ဥဒယဗ္ဗယဉာဏ်" ဖြစ်ပါသည်။ ထို့ကြောင့် သန္တတိပညတ်ကို ဥဒယဗ္ဗယဉာဏ် ဖြင့်သာ ချေဖျက်နိုင်ပါသည်။
လယ်တီဆရာတော်ဘုရားကြီးက"လယ်လုပ်မခက်လယ်တည်ခက်၊အကျင့်မခက်အသိခက်"ဟုမိန့်ခဲ့
ပါသည်။ သဘောပေါက်လောက်အောင်အထိ သိအောင်ကြိုးစားစေချင်ပါသည်။ သဘောပေါက်စေရန်" ပေါက်အောင်ဖောက်"ရမည်ဖြစ်ပါသည်။ အခြေခံကို သဘောပေါက်သွားလျှင် အထက်ဉာဏ်များ၌ ရှုရလွယ်ကူလာပါလိမ့် မည်ဖြစ်ပါတော့သည်။
ရုပ်အားလက္ခဏာဖြင့်သိစေပုံ….။
အရာဝတ္ထုတစ်ခုကို သိသည်ဆိုရာ၌ လက္ခဏာဆိုသော အမှတ်အသားကိုမြင်မှသိနိုင်ပါသည်။ ပွဲခင်းထဲ၌ရှိသောမောင်မောင်ကို သွားခေါ်စမ်းဟု ဆိုလျှင် မောင်မောင်ကို မမြင်ဘူးပါက မည်သို့ခေါ်ပါမည်နည်း။
မောင်မောင်သည် အကျီအနီရောင်ဝတ်ထားပြီး အသားဖြူဖြူ၊ ဝဝနှင့်ပုံသဏ္ဌာန်ရှိကာ ပါး၌ မှဲ့ပါသည်ဟု မှာလိုက်ရမည်ဖြစ်သည်။ မောင်မောင်ကို သွားခေါ်မည့်သူသည် မှာလိုက်သောအမှတ်အသားဖြင့် မောင်မောင်ကို ရှာပါသည်။ အင်္ကျီအနီ၊ အသားဖြူဖြူဝဝ၊ ပါးတွင်မှဲ့ရှိသောလူတစ်ယောက်ကိုတွေ့သည့်အခါ သူဟာမာင်မောင်ပဲဟု အတပ်သိလိုက်ပါသည်။ သို့ဖြစ်၍ "လက္ခဏာ"ဆိုသည်မှာ "သိကြောင်းအမှတ်သား "ဟုဆိုပါသည်။
ရုပ်နာမ်ဆိုသည်ကိုလည်း ရုပ်နာမ်မှန်းသိရန် သဘာဝအမှတ်အသားလက္ခဏာကိုကြည့်၍ ရှာရပါသည်
။
ရုပ်ဆိုသည်မှာ သာမန်လူများပြောသကဲ့သို့ မသိတတ်သည့် ဤခန္ဓာတုံးကြီးပဲဆိုလျှင် မိုးကုတ်ဆရာတော်ဘုရားကြီးဟောသကဲ့သို့ "ဒါကခွေးဟောင်တဲ့ခန္ဓာကွ" ဟုသာပြောရပါမည်။ တရားရှုရမည့် ရုပ်ခန္ဓာမဟုတ်ချေ။
တရားရှုရမည့်ရုပ်သည် ဖောက်ပြန်တတ်သောသဘောရှိ သဘောရုပ်လေးသာ ဖြစ်ပါသည်။"သဘော
သည်လည်းတရား၊ တရားသည်လည်းသဘော" ဟုပင်ဆိုရပါသည်။
ရုပ်ဟု အဘယ်သို့ ကျွန်ုပ်တို့ သိနိုင်ပါနည်း။
နေပူထဲသို့ထွက်လိုက်ပါ။ အသားအရေပူလောင်သွားပါမည်။ နဂိုက သက်တောင့်သက်သာဖြစ်နေသော
ရုပ်သည် အပူကြောင့် ပူရုပ်အဖြစ်ဖောက်ပြန်လာပြီဖြစ်သည်။ နေရိပ်ထဲသို့ပြန်ဝင်လိုက်ပါ။ ပူရုပ်မှအေးရုပ်အဖြစ်
ဖောက်ပြန်သွားပြန်သည်။ ခြင်ကိုက်လျှင် ယားရုပ်အဖြစ် ဖောက်ပြန်လာသည်။ ဗိုက်ဆရာလျှင် ဆာရုပ်အဖြစ်
ဖောက်ပြန်လာသည်။ ဤသို့ တသမတ်ထဲမရှိဘဲ အမျိုးမျိုးဖောက်ပြန်တတ်၍ ရုပ် ဟုခေါ်ပါသည်။
၎င်းပူရုပ်၊ အေးရုပ်၊ ယားရုပ်၊ ဆာရုပ်များကို အကောင်အထည်အဖြစ်မမြင်ရပါချေ။ မမြင်ရသော်လည်းမနောစိတ်ဖြင့် တိုက်ရိုက်တွေ့သိနေရ၍ ရှိမှန်းကားသိပါသည်။ ဤသို့အကောင်ထည်မရှိဘဲ ဖောက်ပြန်တတ်သည့် သဘောတရားလေးကိုသာ ရုပ်ဟု ခေါ်ခြင်းဖြစ်ပါသည်။
ရုပ်တရားတွင် ကိုယ်ပိုင်လက္ခဏာ အသီးသီးရှိကြပါသည်။ ထိုလက္ခဏာများကို သဘာဝလက္ခဏဟု ခေါ်ပါသည်။"သဘာဝကိုပိုင်မှသာမညကိုကိုင်နိုင်မည်"ဖြစ်ပါသည်။သာမည ဆိုသည်မှာ `` ဖြစ်ပျက်´´ကို ဆိုလိုပါသည်။
အရာဝတ္ထုများ၏သဘောကို အသေချာသိလိုလျှင် ရှုထောင့်ပေါင်းစုံမှ ကြည့်တတ်ရပါမည်။ သို့မှအမှန်
အတိုင်းသိနိုင်သိမြင်မည်ဖြစ်သည်။
ဘောလုံးတစ်လုံးကို ကျွန်ုပ်တို့သည် ဘောလုံးဟုအဘယ်ကြောင့်ပြောနိုင်ကြပါသနည်း။ ကျွန်ုပ်တို့သည်
ဘောလုံးတစ်ခုလုံးကို မမြင်နိုင်ပါချေ။ ဘောလုံးမျက်နှာပြင်တစ်ခြမ်းကို သာမြင်နိုင်ပါသည်။ တစ်ခြမ်းသည်အ
လုံးမဟုတ်ချေ။ လုံးမှန်းသိအောင် ဟိုဘက်ဒီဘက် ပတ်ချာလည် အရင်ကြည့်ထားရပါသည်။ ထိုသို့ကြည်ထား၍သာ နောင်တစ်ခါဘောလုံးကိုမြင်လျှင် တစ်ခုလုံးကိုမမြင်ရသော်လည်း မြင်ခဲ့ဖူး၍မှတ်ထား သောသညာက ကူစွက်ပေး၍ လုံးသည်ဟုပင် သိနေပါသည်။
ရုပ်တရားကိုသိရန် ချည်းကပ်သောအခါ ဘက်ပေါင်းစုံကမြင်တတ်ရန် ကြိုးစားကြည့်ကြပါမည်။
ဓာတ်တစ်ခုချင်း၏ သဘောများ….။
မဟာဘုတ်ရုပ်လေးပါး..။
"ကြီးကျယ်ထင်ရှားစွာ ထုထည်ဖြင့်ဖြစ်တတ်သောကြာင့် မဟာဘုတ်ဖြစ်သည်" ။(အဋ္ဌသာလိနီအဋ္ဌက ထာ) ။ လေးပါးရှိပါသည်။
ပထဝီဓာတ်။
ပထဝီဓာတ်ဟု ကျွန်ုပ်တို့သည် အဘယ်ကြောင့်သိကြပါနည်း။ ပထဝီဓာတ်သည် ခိုင်မာခြင်းလက္ခဏာ ရှိပါသည်။ မာခြင်း၊ ကြမ်းခြင်း၊ လေးခြင်း၊ ပေါ့ခြင်း၊ ချောခြင်း၊ ပျော့ခြင်းများသည် ပထဝ်ီဓာတ်ဟု သိကြောင်း အမှတ်သားများဖြစ်ပါသည်။ သင်ယခုကိုင်မိနေသည်မှာ မာခြင်းကိုဖြစ်သည်။ စာအုပ်ကိုမဟုတ်ပေ။ ၎င်းမာ ခြင်းသည် "ပထဝီဓာတ်ဟာ ငါပဲ" ဟု သိစေသော လက္ခဏာ သာဖြစ်ပါသည်။
မာခြင်းသဘောသည် ပထဝီဓာတ်အစစ်မဟုတ်ချေ။ ပထဝီဓာတ်မှန်း သိစေအပ်သည့် လက္ခဏာ" အတ္ထပညတ် "ဖြစ်ပါသည်။ " ပညာပီယတေ တိ- ပညတ္တိ ..သိစေအပ်သည်၏ အဖြစ်ကြောင့် ပညတ်မည်၏ " တွင် ပထဝီဓာတ်မှန်းသိစေသော မာခြင်းသည် " အတ္ထပညတ် " ဖြစ်ပါသည်။
" ပညာပေတီ တိ- ပညတ္တိ…သိစေတတ်သည်၏ အဖြစ်ကြောင့် ပညတ်မည်၏ " တွင် မာခြင်းဆိုသော နာမည်သည် ပထဝီဓာတ်ကို သိစေရန်ညွှန်ပြသဖြင့် သိစေတတ်ခြင်း " နာမပညတ် " ဖြစ်ပါသည်။
မာခြင်းသဘောသည် ပထဝ်ီဓာတ်မှန်းသိစေသော "လက္ခဏာ" တရားဖြစ်ပြီ်း ပထဝီဓာတ်သည် မာခြင်းလက္ခဏာကိုဆောင်ထားသော " လက္ခဏာဝန္တ" တရားဖြစ်ပါသည်။
သ်ီလရှိသူ၊ သ်ီလကိုဆောင်ထားသူကို "သီလဝန္တ" ဟုခေါ်ခြင်းမျိုးဖြစ်ပါသည်။ သ်ီလသည်သ်ီလရှိသူ မှန်းသိစေရန်အတွက် ထွန်းပြသော လက္ခဏာ တရားဖြစ်ပါသည်။ သီလနှင့် သ်ီလရှိသူ မတူသော်လည်း ခွဲ၍ရသော သဘောလည်းမရှိပါချေ။ ဉာဏ်ဖြင့် သာခွဲပြောရသော တရားများဖြစ်ပါသည်။
ဝသော မောင်မောင် ဟုဆိုလျှင် " ဝခြင်း " သည် မောင်မောင်၏ ဂုဏ်ဖြစ်ပါသည်။ ဝခြင်းကိုကြည့်၍ သူဟာ မောင်မောင်ပဲဟု သိရပါသည်။မောင်မောင်သည် ဝခြင်းဆိုသော လက္ခဏာကို ဆောင်ထားပါသည်။ ထို့ကြောင့် ဝခြင်းလက္ခဏာသည် မောင်မောင်ဆိုသောလူကို သိစေတတ်သော လက္ခဏာသာဖြစ်၍ လူမဟုတ်ပေ။ ဝခြင်းသည် လူမဟုတ်၊ ဂုဏ်သာဖြစ်သည်ဟု ခွဲ၍ပြောရသော်လည်း လူနှင့် ဂုဏ်ကို သီ်းခြားခွဲထား၍ ရကောင်းသောအရာလည်း မဟုတ်ချေ။ မောင်မောင်ဆိုသောလူနှင့်ကင်း၍ ဝခြင်းဆို သောအရာ ဖြစ်နိုင်ကောင်းသည်လည်း မဟုတ်ပေ။ ခွဲထား၍မရသဖြင့် ဝခြင်းလက္ခဏာကိုတွေ့လျှင် မောင်မောင်ဆိုသောလူကို တွေ့သည်ဟုပင် ဆိုရပါသည်။
မာခြင်းသဘောသည် ပထဝီဓာတ်မှန်းသိစေသော အတ္ထပညတ်၊ ပထဝီဓာတ်သည် မာခြင်းသဘောကို ဆောင်ထားသော ပရမတ် ဖြစ်သည်။ သို့ကြောင့် ပထဝီဓာတ်မှန်းသိရှိရန် မာခြင်းသဘောကိုစမ်းကြည့်မှ သိနိုင် ပါသည်။ မာခြင်းသဘောနှင့် ပထဝီဓာတ်ကို ခွဲ၍ပြောနေသော်လည်း ဝခြင်းနှင့်မောင်မောင်ကို ခွဲ၍မရသကဲ့သို့ မာခြင်းသဘောနှင့် ပထဝီဓာတ်ကိုလည်း ခွဲ၍မရနိုင်ပေ။ သို့ဖြင့်၍ မာခြင်းသဘောကို စမ်းသပ်တွေ့သိ လျှင်ပထဝီဓာတ်ကိုတွေ့သိသည်ဟူ၍ပင် ပြောရပါသည်။ မာခြင်းသဘော၏ မမြဲ၊ ဆင်းရဲ၊ အစိုးမရမှုကို တွေ့သိနေခြင်းသည် ပထဝီ ဓာတ်၏ မမြဲ၊ ဆင်းရဲ၊ အစိုးမရသဘောကို တွေ့သိနေခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက " ဓမ္မာနံ အနိဒ္ဒိ သိတဗ္ဗ သဘာဝေါ…ပရမတ်တရားတို့ကို ညွှန်ပြ၍ မရ၊ ညွှန်ပြရုံမျှဖြင့် မသိနိုင်၊ ကိုယ်တိုင်မျက်မှောက်တွေ့သိမှ သိနိုင်သောတရား " ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။
ပထဝီဓာတ်၏အလုပ်ကိစ္စ(ရသ)မှာ သူနှင့်ဖြစ်ပေါ်ဘက်အခြားဓာတ်များ၏ တည်ရာကိစ္စကို ဆောင် ရွက်ပါသည်။ မြေကြီးရှိမှ သစ်ပင်၊ အဆောက်အဦးတို့ တည်နိုင်သကဲ့သို့ ပထဝီဓာတ်ဆိုတာရှိမှ ကျန်သောဓာတ်များ တည်နိုင်ပါသည်။
၎င်းပထဝီဓာတ်အား ယောဂီ၏ဉာဏ်၌ "ပထဝီဓာတ်ဆိုတာ အတူတကွဖြစ်ဖော်ဖြစ်ဘက်တရားများကို ခံလင့်ထားသည့် ရုပ်ပါလား " ဟု ဉာဏ်ဖြင့် ဆင်ခြင်လာပါသည်။ ဤသည်ကို ပစ္စုပ္ပဋ္ဌာန် ဟုခေါ်ပါသည်။ ဉာဏ်၌ထင်ခြင်းဖြစ်ပါသည်။
သင်၏ရှေ့စားပွဲပေါ်သို့ ဖတ်နေသောစာအုပ်ကို တင်လိုက်ပါ။ စားပွဲပေါ်၌စာအုပ်အတင်ခံနိုင်ခြင်း သည်ပထဝီဓာတ်ကြောင့်ဖြစ်သည်။ မြင်နေရသည်က အဆင်းဖြစ်သည်။ ဓာတ်သဘာဝများ သူ့အလုပ်နှင့်သူ ရှိပါလားဟု ဉာဏ်၌ထင်ပါသည်။
ပထဝီဓာတ်နှင့် နီးသောအကြောင်းမှာ ကျန်ဓာတ်သုံးပါးဖြစ်ပါသည်။ တေဇော၊ အာပေါ၊ ဝါယောဓာတ်သည်လည်း ပထဝီဓာတ်နှင့်အတူတကွ ဖြစ်နေကြတာပါလားဟု သိနိုင်ပါသည်။ ပထဝီဓာတ်ကို ရှုထောင့်လေးခုမှ ကြည့်ခြင်းဖြစ်ပါသည်။
အာပေါဓာတ်။
အာပေါဓာတ်သည် ယိုစီးခြင်း၊ ဖွဲ့စည်းခြင်းလက္ခဏာရှိပါသည်။ ယိုစီးခြင်းဆိုသည်မှာ ပကတိရေကဲ့သို့ ယိုစီးခြင်းမျိုးမဟုတ်ပေ။ အတူတကွဖြစ်ဖက်ရုပ်ဓာတ်များ ပျံ့နှံ့ခြင်းကိုဆိုလိုပါသည်။ ပကတိရေယိုစီးခြင်း သည်လည်း အာပေါဓာတ်လွန်ကဲ၍ အတူဖြစ်ဖက်ရုပ်များပျံနှံ့သွားခြင်းပင် ဖြစ်သည်။
အာပေါဓာတ်၏ အလုပ်ကိစ္စ(ရသ)မှာ အတူတကွဖြစ်ဖက်ရုပ်များကို တိုးပွားစေခြင်းကိစ္စရှိပါသည်။ ဝဖြိုး ခြင်း၊ ကြီးထွားခြင်းသည် အာပေါဓာတ်ကြောင့်ဖြစ်သည်။
အာပေါဓာတ်ရှိ၍သာ အတူဖြစ်ဖက်ရုပ်များ တစစီလွင့်မသွားဘဲ စုစည်းနေတာပါလားဟု ဉာဏ်၌ ထင်ပါသည်။ ဂျုံမှုန့်ကလေးကို ဤအတိုင်းထားပါက တစစီလွင့်နေပါသည်။ ရေနှင့်နယ်ထားလိုက်သောအခါ တစ်စုတစ်စည်းတည်း ဖြစ်သွားပါသည်။
အာပေါဓာတ်၏ နီးသောအကြောင်းမှာ ကျန်ဓာတ်သုံးပါးဖြစ်ပါသည်။
တေဇောဓာတ်။
တေဇောဓာတ်သည် အငွေ့သဘောလက္ခဏာရှိပါသည်။ အပူငွေ့၊ အအေးငွေ့သည် တေဇောဟု သိကြောင်း လက္ခဏာများဖြစ်သည်။ စာအုပ်ကိုကိုင်၍ သတိထားကြည့်ပါ။ အပူအအေးသဘောကို တွေ့ သိပါသည်။
ရှိမှန်းသိသော်လည်းမမြင်ရပါ။ ဤအပူအအေးက "ငါတေဇောဓာတ်ပဲ စာအုပ်မဟုတ်ဘူးကွ" ဟုပြနေခြင်းဖြစ်သည်။
တေဇောဓာတ်၏အလုပ်ကိစ္စ(ရသ)မှာ အတူတကွဖြစ်ဖက်ရုပ်များအား ကျက်စေခြင်းကိစ္စရှိပါသည်။ ကျက်စေခြင်းဆိုသည်မှာ ထမင်းချက်သောအခါ ရေဆူပြီး ဆန်ကိုနူးညံသွားအောင် မီးကချက်လိုက်သကဲ့သို့ ဖြစ်ပါသည်။ တေဇောသည် အတူတကွဖြစ်ဖက်ရုပ်များအား မီးနှင့်ချက်သကဲ့သို့ ချက်နေပါသည်။ သို့ကြောင့်သာ ကျွန်ုပ်တို့စားမြိုလိုက်သောအစာများ ကြေညက်ကုန်ပါသည်။ လူသည်တဖြည်းဖြည်း နုပျိုရာမှရင့်မှည့်လာသည်။ ဆံဖြူ၊သွားကျိုး ၊ပါးရေနားရေတွန့်လာခြင်းသည် တေဇောဓာတ်ကချက်နေ၍ ဖြစ်ပါသည်။
တေဇောဓာတ်ကြောင့် အရာဝတ္ထုများနူးညံပျော့ပျောင်းလာသည်ဟု ဉာဏ်၌ထင်လာပါသည်။ ဖယောင်းကိုမီးအပူပေးသောအခါ အိပြီးနူးညံ့လာပုံမျိုးဖြစ်သည်။ တေဇောဓာတ် အားကောင်းသောသူသည် အစာကြေ လွယ်၍ အသားရေနူးညံ့ပါသည်။
တေဇာဓာတ်၏ နီးသောအကြောင်းမှာ ကျန်ဓာတ်သုံးပါးဖြစ်ပါသည်။
ဝါယောဓာတ်။
ဝါယောဓာတ်သည် တောင့်တင်းခိုင်မာစေခြင်း လက္ခဏာရှိသည်။ ကျွန်ုပ်တို့ထိုင်နေစဉ်၊ ရပ်နေ စဉ်အခါတွင် ထောင်မတ်နေခြင်းသည် ဝါယောဓာတ်၏ အစွမ်းကြောင့်ဖြစ်သည်။ ထိုင်နေစဉ်တွင် ခါးနေရာ လောက်ကိုသတိထားကြည့်ပါက တောင့်တင်းနေမှုကိုတွေ့ရပါသည်။ ဝါယောဓာတ်သည် ရွေ့လျားစေမှုကိုလည်း ပြုလုပ်ပါသည်။
ဝါယောဓာတ်၏အလုပ်ကိစ္စ(ရသ)မှာ အတူဖြစ်ဖက်တရားများကို ရွေ့လျားစေခြင်းကိစ္စရှိသည်။ ပရမတ်များသည် တစ်နေရာမှတစ်နေရာသို့ မပြောင်းရွေ့ကြပါ။ ဤမှာဖြစ်ဤမှာချုပ်ပါသည်။ ရပ်နေစဉ်၌ ရှိသောရုပ်သည် ရွေ့လျားသောအခါ ပါမသွားပါချေ။ သို့ဆိုလျှင် ရွေ့ခြင်းဆိုသည်မှာ အဘယ်ကိုခေါ်ပါသနည်း။ ဤမှာဖြစ်ဤမှာချုပ်ဆိုသော်လည်း ရှေ့သို့လျောက်သောအခါ အရှေ့၌ရုပ်အသစ်ထပ်ဖြစ်ရန်တွက် ဝါယောက တွန်းပို့လိုက်ခြင်းဖြစ်ပါသည်။ ၎င်းကိုပင်ရွေ့သည်ဟု ပြောပါသည်။
ဝါယောဓာတ်သည် အတူဖြစ်ဖက်တရားများကို အရပ်တပါးသို့ရှေ့ရှုပို့နေပါလားဟု ဉာဏ်၌ထင်ပါသည်။
နှာသီးဖျား၌သတိထားကြည့်ပါ။ လေသည်ရှေ့သို့တရွေ့ရွေ့သွားနေပါလားဟု မြင်ပါသည်။
ဝါယောဓာတ်၏ နီ်းသောအကြောင်းမှာ ကျန်ဓာတ်သုံးပါးဖြစ်ပါသည်။
မဟာဘုတ်လေးပါးတွင် ပထဝီ၊ တေဇော၊ ဝါယောစသည့် ဖောဋ္ဌဗ္ဗရုပ်များသည် တွေ့ထိသိရှိ၍ရပါသည်။
အာပေါရုပ်မှာမူ ဉာဏ်ဖြင့်သာသိနိုင်ပါသည်။
ဝိပဿနာစက္ခုကျမ်းတွင် အာပေါဓာတ်အား ဥပမာ ပေးထားပုံမှာ- ထင်းသုံးချောင်းသည် ပူးကပ်တုပ်နှောင်ခံထားရပါသည်။ သို့သော် ထင်းသုံးချောင်းကိုသာမြင်ရ၍ တုပ်နှောင်ထားသောကြိုးကိုမူမမြင်ရချေ။ မှော်ဆရာက သူ၏အစွမ်းဖြင့် ပူးကပ်နေအောင်လုပ်ထား ၍ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထင်းသုံးချောင်းကိုသာမြင်ရပြီး မှော်ဆရာ၏ပူးကပ်စေတတ်သောအစွမ်းကိုမူ မမြင်ရချေ။ မမြင်ရသော်လည်း ရှိမှန်းတော့သိနေရပါသည်။
ဤဥပမာလို ပင်ဖောဋ္ဌဗ္ဗဓာတ်များစုစည်းနေခြင်းသည် အာပေါရုပ်ကြောင့်ဖြစ်သည်ဟု အာပေါရုပ်ကို ထိတွေ့မသိနိုင်သော်လည်း ဉာဏ်ဖြင့်နားလည်နိုင်ပါသည်။
ဥပါဒါန်ရုပ်လေးပါး..။
"မဟာဘုတ်အား အမှီခိုပြု၍ဖြစ်ရသောရုပ်သည် ဥပါဒါန်ရုပ်ဖြစ်သည်"။ လေးပါးရှိသည်။
ဝဏ္ဏဓာတ်။
ဝဏ္ဏရုပ်ဆိုသည်မှာ မျက်စိဖြင့်မြင်နိုင်သော အဆင်းအရောင်အမျိုးမျိုးဖြစ်သည်။" တည်ရာဒြပ်ဝတ္ထုကို ထင်ရှားပြတတ်၍ အဆင်း" ဟုခေါ်သည်။
စာအုပ်ကိုမြင်နေရခြင်းမှာ အဆင်းဆိုသည့်အရောင်ကြောင့် မြင်ရခြင်းဖြစ်ပါသည်။ စာအုပ်ပါလားဟု သိစေသည်မှာ အဆင်းကြောင့်ဖြစ်သည်။
ဂန္ဓဓာတ်။
ဂန္ဓဆိုသည်မှာ အနံ့ဖြစ်၏။ "မိမိ၏တည်ရာဝတ္ထုကို ထင်ရှားပြတတ်၍ အနံ့" ဟု ခေါ်သည်။
ပန်းတစ်ပွင့်ကိုနမ်းကြည့်ပါ။ အမွှေးနံ့တစ်ခုတော့ရပါသည်။ ပန်းဟုသိနိုင်ခြင်းသည် အနံ့ကြောင့်လည်း တစ်ချက်ပါပါသည်။ ပန်းကိုတောင်းထဲထည့်၍ အုပ်ထားသောအခါ မမြင်ရသော်လည်း အနံ့ကတော့ရနေ ပါသည်။ ထို့ကြောင့် ပန်းရှိသည်ဟု အနံ့ကြောင့် သိရပါသည်။
ရသဓာတ်။
ရသဆိုသည်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဇိဝှာဝိညာဏ်ဆိုသော စိတ်ဖြင့် သိအပ်သော အရသာခြောက်ပါးသည် အရသာဖြစ်ပါသည်။အရာဝတ္ထုတစ်ခုကို ကိုက်စားကြည့်ပါ။ချို ချဉ် စပ် ဖန် ခါး ငန် အရသာတစ်ခုခု ခံစားမိပါသည်။ ဤသည်ကို ရသရုပ်ဟု ပြောခြင်းဖြစ်ပါသည်။
သြဇာဓာတ်။
သြဇာရုပ်ဆိုသည်မှာ အစာအာဟာရဖြစ်သည်။ အလုပ်အလွေးစားအပ်သည့် အဆီအစေးသဘော ဖြစ်ပြီး ခန္ဓာကိုယ်အား ဆောင်တတ်သောတရားသည် သြဇာဖြစ်သည်။
ထမင်းစားသောအခါ ထမင်းသည်သြဇရုပ်မဟုတ်ပါ။ ထမင်းထဲ၌ပါသော လူကိုအာဟာရဖြစ်စေသည့် သဘောတရားလေးသာ သြဇရုပ်ဖြစ်ပါသည်။ အကောင်အထည်မဟုတ်ပါ။
သြဇာဆိုသည်မှာ အင်အားပြည့်ကြီးထွားစေသည့်အရာတစ်မျိးသာမဟုတ်ဘဲ ခန္ဓာကိုယ်အား အကောင်းအဆိုး အကျိုးတရားသက်ရောက်စေသောအရာဟု ပါချုပ်ဆရာတော်မှမိန့်ကြားပါသည်။
အဆိပ်တွင်လည်း သြဇရုပ်ပါပါသည်။ အဆိပ်စား၍ လူကိုသေစေသည်မှာ အဆိပ်၌ရှိသော သြဇာ ကြောင့်ဖြစ်ပါသည်။
ကောင်းသည့်အာဟာရကြောင့် ရုပ်ကြီးပွား၍ မကောင်းသည့်အာဟာရကိုစားရသောကြောင့် ရုပ်များ ပျက်စီးပါသည်။
ဆိုခဲ့ပြီးသော ရုပ်သဘာဝတစ်ခုချင်းဆီတွင် အကောင်ထည်သဘော မရှိပါချေ။
သင်ဖတ်နေသောစာအုပ်တွင် သင်မြင်နေရသည်မှာ အရောင်အဆင်းကိုပဲ မြင်နေရခြင်းဖြစ်ပါသည်။ စာအုပ်ကိုမြင်ကိုမြင်နေရခြင်း မဟုတ်ချေ။ သင်ကိုင်မိနေသည်မှာလည်း မာမှု၊ ပျော့မှုသဘော၊ ပူမှုအေးမှု သဘောကိုပဲ ကိုင်မိခြင်းဖြစ်ပါသည်။ စာအုပ်ကိုကိုင်မိခြင်း မဟုတ်ပြန်ပေ။
အဝါရောင်ရိုက်ထားသောစာအုပ်ကို လက်ကကိုင်ထားပါသည်။ အဝါရောင်ကိုမြင်နေရပါသည်။ ထိုအ ဝါရောင်ကိုစာအုပ်ဟုပြောသည်။ အဝါရောင်သည် စာအုပ်အမှန်တကယ်ဖြစ်ပါသလား။ အဝါရောင်သည် စာအုပ်ဟုဆိုလျှင် လိမ္မော်သီးလည်းအဝါရောင်ရှိ၍ သူ့ကိုအဘယ်ကြောင့် စာအုပ်မခေါ်တော့ပါသနည်း။ အဝါရောင်သည် စာအုပ်မဟုတ်၊ စာအုပ်သည်သာအဝါရောင်ဆိုလျှင်လည်း အနက်ရောင်စာအုပ်ကို စာအုပ်ဟု ပြောမရဖြစ်သွား ပါသည်။
ပန်းတစ်ပွင့်ကိုနမ်းကြည့်ပါက မွှေးရရနံ့ရပါသည်။ ထိုရနံ့ကိုပန်းဟုခေါ်ရပါမည်လား။ မွှေးရနံ့သည် ပန်းဖြစ် သည်ဆိုလျှင် ရေမွှေးကို ပန်းဟု အဘယ်ကြောင့်မပြောသနည်း။ ပန်းသည်သာ မွှေးခြင်းဖြစ်သည်ဆို လျှင် မမွှေးသောပန်းကို ပန်းဟုမခေါ်ရတော့ပါ။
လက်မှကိုင်ထားသောစာအုပ်သည် မာနေပါသည်။ မာနေခြင်းသည် စာအုပ်ဟုမပြောနိုင်ပါ။ မာခြင်း သည် စာအုပ်ဟုဆိုလျှင် စားပွဲကိုလည်း စာအုပ်ဟု ပြောရပါလိမ့်မည်။ စားပွဲသည်လည်း မာသောကြောင့် ဖြစ်ပါ သည်။ စာအုပ်သည်သာ မာသည်ဆိုလျှင် ပျော့သောစာအုပ်ကို စာအုပ်ဟု မသတ်မှတ်တော့ပြီလော။
ဓာတ်သဘာဝများသည် သဏ္ဌာန်မရှိပါ။ စာအုပ်သည် အဝါမဟုတ်၊ အဝါရောင်သည်သာ အဝါသ ဘောသက်သက်ဖြစ်သည်။ ပန်းကမွှေးခြင်းမဟုတ်၊ မွှေးရနံ့ကသာ မွှေးနေခြင်းဖြစ်သည်။ စာအုပ်ကမာခြင်းမ ဟုတ်၊ မာခြင်းသဘောသက်သက်ကသာ မာပြနေခြင်းဖြစ်ပါသည်။
stainless steel vs tungsten - Titsanium Art
ReplyDeleteA stainless steel version of Tungsten is guy tang titanium toner the ideal alloy for a long-term and sustainable design. titanium quartz crystal Tungsten is the core element titanium oxide formula for titanium drill bits an advanced coating. In order $39.00 · In dei titanium exhaust wrap stock
unicode ပြောင်းပေပါအုံး
ReplyDelete