03 May, 2016

ဘုန်းကြီးစာမေးပွဲများသို့ ချဉ်းကပ်ခြင်း

‘‘ဘုန်းကြီးစာမေးပွဲများသို့ ချဉ်းကပ်ခြင်း’’
======================

‘‘အဘိဝံသစာမေးပွဲ’’
------------------------
ဒီစာမေးပွဲဟာ နိုင်ငံတော်အစိုးရက ကျင်းပတဲ့စားမေးပွဲ မဟုတ်ဘဲ ပုဂ္ဂလိက အသင်းအဖွဲ့အစည်းတွေက ကျင်းပတဲ့စာမေးပွဲတစ်ခုဖြစ်ပြီး ရဟန်းတော်များသာ ဝင်ရောက်ဖြေဆိုခွင့်ရှိတဲ့ စာမေးပွဲပါ။ စာသင်တန်း စာချတန်းနှစ်တန်းရှိပြီး နှစ်တန်းလုံးကို အောင်မြင်မှ အဘိဝံသ ဘွဲ့ရပါတယ်။ စာသင်တန်းကို အသက် ၂၇ နှစ်ထိ ဖြေဆိုခွင့်ရှိပြီး စာချတန်းကိုတော့ အသက် ၃၅ နှစ်အထိ ဖြေဆိုခွင့်ရှိပါတယ်။ အသက်အပိုင်အခြားနဲ့ ဖြေဆိုရတဲ့စာမေးပွဲတစ်ခုပါ။ မန္တလေး ရန်ကုန် မြင်းခြံ မုံရွာ လေးဌာနမှာ ကျင်းပပါတယ်။ ဘွဲ့ရဖို့မဆိုထားနဲ့ စာသင်တန်းမှာတောင် တစ်နှစ်တစ်နှစ် ပျမ်းမျှ နှစ်ရာခိုင်နှုန်း (၂%)ကျော်ကျော်လောက်ပဲ အောင်မြင်တာပါ။ နှစ်စဉ် သံဃာ(၁၆ဝ) လောက်ဖြေမှ လေးပါးလောက်ပဲအောင်ပါတယ်။ အရမ်းခက်ခဲလွန်းလို့ လယ်တီ ဆရာတော်ကြီးက ‘‘ရဟန်းသတ်ပွဲ’’လို့တောင် မိန့်တော်မူခဲ့ပါတယ်။ သာမန် ဉာဏ် ဝီရိယရှိတဲ့သူတွေ ဝင်ဖြေဖို့ မဆိုထာနဲ့ အိပ်မက်ထဲမှာတောင်ထည့်မမက်ရဲတဲ့ စာမေးပွဲပါ။ ဒီစာမေးပွဲကိုဖြေဆိုလို့ အဘိဝံသဘွဲ့ ရရှိသွားတဲ့ ရဟန်းတွေဟာ သာသနာအတွက် အများကြီးကျေးဇူးပြုနိုင်တာကို တွေ့ရပါတယ်။ နိုင်ငံတနံတလျားမှာ စာချအကျော်အမော် ဆရာတော်အများစုဟာ အဘိဝံသဘွဲ့ရများဖြစ်ပြီး တကယ့်ခက်ခဲနက်နဲတဲ့ ဘာသာရေး ပြဿနာတွေကိုလည်း ဒီဆရာတော်တွေကပဲ ဦးဆောင်ဖြေရှင်းနေတာကို တွေ့ရပါတယ်။ သာသနာရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ပရိယတ္တိစာသင်တိုက်တွေကိုလည်း အဘိဝံသဘွဲ့ရ ဆရာတော်တွေပဲ ဦးဆောင်နေတာ များပါတယ်။ ဒါ့ကြောင့် ဒီစာမေးပွဲဟာ သာသနာအတွက် အကျိုးအများဆုံးစာမေးပွဲလို့ ဆိုချင်ပါတယ်။

‘‘သာမဏေကျော်စာမေးပွဲ’’
--------------------------------
ဒီစာမေးပွဲဟာလည်း နိုင်ငံတော်အစိုးရက ကျင်းပတဲ့စာမေးပွဲမဟုတ်ဘဲ ပုဂ္ဂလိကအသင်းအဖွဲ့အစည်းတွေက ကျင်းပပြီး အသက်နှစ်ဆယ်အတွင်း ရှင်သာမဏေ(ကိုရင်)များသာ ဝင်ရောက်ဖြေဆိုခွင့်ရှိတဲ့ စာမေးပွဲပါ။ ပထမဆင့် ဒုတိယဆင့် တတိယဆင့်သုံးဆင့်ရှိပြီး သုံးဆင့်လုံးကိုအောင်မြင်မှ သာမဏေကျော်ဘွဲ့ရပါတယ်။ ဒီစာမေးပွဲကို မန္တလေး၊ရန်ကုန်၊တောင်ကြီး၊ ပဲခူး၊ မော်လမြိုင်ကျွန်း၊ မြင်းခြံ၊ ပခုက္ကူ၊ မုံရွာ၊သထုံ၊တံတားဦး၊နေပြည်တော်၊ပြင်ဦးလွင် (၁၃)ဌာနမှာ ကျင်းပပြီး ဝင်ရောက်ဖြေဆိုသူများသလောက် အောင်ချက်နည်းတဲ့စာမေးပွဲတစ်ခုပါ။
အဘိဝံသစာမေးပွဲဟာ ရဟန်းသတ်ပွဲဆိုရင် သာမဏေကျော်စာမေးပွဲဟာ သာမဏေသတ်ပွဲလို့ ဆိုရမယ်ထင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားဟောပါဠိတော်ကြီးတွေကို ထိတွေ့ဆက်ဆံခွင့်ရပြီး ပြဋ္ဌာန်းပုံစနစ် အရမ်းကောင်းမွန်တာကြောင့် သိပ်တန်ဖိုးရှိတဲ့စာမေးပွဲတစ်ခုလို့ သံဃာအသိုင်းအဝိုင်းက သတ်မှတ်ထားပါတယ်။
နေရာတကာမှာ သာမဏေကျော်ဘွဲ့ရအရှင်တွေကို လိုအပ်နေတာကို ကြည့်ပြီး ဒီဘွဲ့ရဲ့အရေးပါမှုကို သိရှိနိုင်ပါတယ်။ ဒါတင်မကပဲ ဒီဘွဲ့ရထားတဲ့ အရှင်တွေဟာ အနာဂတ်ပညာရေး ခရီးလမ်းကို မပင်မပန်းသက်သက်သာသာ ယုံကြည့်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် သာမဏေကျော်စာမေးပွဲဟာ အနာဂတ်သာသနာအတွက် အရေးအပါဆုံးစာမေးပွဲလို့ ဆိုချင်ပါတယ်။

‘‘တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ’’
-----------------------------------------
ဒီစာမေးပွဲဟာ နိုင်ငံတော်အစိုးရက ကျင်းပတဲ့စာမေးပွဲဖြစ်ပြီး ရဟန်းသာမဏေမရွေး အသက်အပိုင်းအခြားမရှိ စိတ်ကြိုက်ဖြေဆိုခွင့် ပြန်ဆိုခွင့်ရှိတဲ့စာမေးပွဲပါ။ နိုင်ငံတော်အစိုးရက ကျင်းပတဲ့စာမေးပွဲပေါင်းများစွာ ထဲမှာ တန်ဖိုးအမြင့်ဆုံးစာမေးပွဲ တစ်ခုလို့ ဆိုရမှာပါ။ ပိဋကသုံးပုံကို အာဂုံဆောင်နိုင်ရုံမကပဲ ရေးဖြေစာမေးပွဲကိုပါ အောင်မြင်အောင်ဖြေဆိုနိုင်မှ တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ကို ရပါတယ်။ အောင်မြင်ဖို့ခက်ခဲလွန်းလို့ နှစ်ပေါင်းများစွာအတွင်းမှ ယခုအချိန်ထိ (၁၃)ပါးပဲပေါ်ထွက်ခဲ့ဖူးပါတယ်။ ပိဋကသုံးပုံလုံးအောင်မြင်ရန် ခက်ခဲပေမယ့် ပုံဝက် တစ်ပုံစသည်အောင်မြင်ပြီး ဥဘတောဝိဘင်္ဂဓရ ဝိနယဓရ စတဲ့ ဘွဲ့တွေကို ရရှိထားတဲ့ အရှင်တွေကတော့ များစွာရှိပါတယ်။ ဒီဘွဲ့ရတဲ့ အရှင်တွေကို သာသနာ့အာဇာနည် သာသနာ့သူရဲကောင်း အဖြစ်အများက ထောမနာပြုကြပါတယ်။ တိပိဋကဓရအရှင်များဟာ ဒကာဒကာမတွေရဲ့အထင်ကြီးလေးစားမှု ကို ခံရပြီး ဒကာဒကာမတွေနဲ့ရင်းနှီးစွာ ထိတွေ့ဆက်ဆံရတဲ့အတွက် အရှင်အများစုဟာ ဘုန်းကံကြီးမား ကြပါတယ်။ ဘုန်းကံကြီးမားသည့်နည်းတူ လူမှုရေးပရဟိတ လုပ်ငန်းတွေကိုလည်း တွင်ကျယ်စွာ လုပ်ကိုင်နိုင် ကြတာကို တွေ့ရပါတယ်။ ပိဋကတ်စာပေကို အာဂုမ်ဆောင်နိုင်ရုံတင်မလိုလားပဲ ထိုးထွင်းနားလည်သိရှိတာကိုမှ လိုလားတဲ့ ဆရာတော်အချို့ကတော့ ဒီစာမေးပွဲကို သိပ်အားမပေးကြတာလည်းရှိပါတယ်။ သာသနာတော် အတွက် အကျိုးပြုနိုင်မှု ပိုင်းမှာလည်း အဘိဝံသဘွဲ့ရ အရှင်တွေလောက်တော့ မစွမ်းဆောင်နိုင်ကြတာကိုလည်း သိရှိရပါတယ်။ သို့သော်ငြားလည်း အင်မတန်ခက်ခဲနက်နဲတဲ့ ဘုရားဟောပိဋကတ်ပါဠိတော်တွေကို နှုတ်တက်အာဂုမ်ဆောင်ထားနိုင်တာကိုက ကြည်ညိုစရာပါ။ ဒါကြောင့် ဒီစာမေးပွဲဟာ သာသနာ့အာဇာနည်တို့ မွေးဖွားရာစာမေးပွဲလို့ မှတ်တမ်းတင်လိုက်ပါတယ်။

‘‘ဓမ္မာစရိယစာမေးပွဲ’’
--------------------------
ဒီစာမေးပွဲဟာ နိုင်ငံတော်အစိုးရကကျင်းပတဲ့စာမေးပွဲဖြစ်ပြီး အငယ်တန်း အလတ်တန်း အကြီးတန်း အောင်ပြီးတဲ့ အခါမှာ ဖြေရတဲ့စာမေးပွဲပါ။ ကျမ်းရင်းသုံးကျမ်းလုံးကိုအောင်မြင်မှ သာသနဓဇဓမ္မာစရိယ ဘွဲ့ရပါတယ်။ တခြားမြန်မာဂုဏ်ထူး ပါဠိဂုဏ်ထူးအတွက်ဘွဲ့ပေါင်းများစွာ ရှိသေးပေမယ့် လိုရင်းဘွဲ့ကိုပဲ ရှင်းပြလိုပါတယ်။ ဒီဘွဲ့ဟာ သမာရိုးကျအောင်မြင်အောင် ဖြေဆိုနိုင်ရင်တော့ အရည်အချင်းရှိတဲ့ ဘွဲ့တစ်ခုပါ။ အောက်သက်မကျေခဲ့ရင် အောက်စာတွေမပိုင်ခဲ့ရင် အောင်မြင်ဖို့အလွန်ခက်ပါတယ်။ သာမဏေကျော်ဘွဲ့ရထားတဲ့ အရှင်တွေဟာ ဒီဘွဲ့အလွယ်တကူနဲ့ ရယူနိုင်ပြီး ရိုးရိုးသာမန် ငယ် လတ် ကြီးအောင်ပြီး တက်လာတဲ့အရှင်တွေအတွက်ကတော့ ဆယ်စုနှစ်တစ်ခုစာလောက်ဖြေယူရတတ်ပါတယ်။ ပရိယတ်နယ်ပယ်မှာနေတဲ့ ရှင်ရဟန်းတစ်ပါးဟာ ဒီဘွဲ့ကိုတော့ရအောင်ယူသင့်ပါတယ်။ ဒီဘွဲ့မှမရရင် ပရိယတ်အရည်ချင်းပြည့်ဝဖို့ အတော်ခက်ခဲပါတယ်။ ဒီဘွဲ့လောက်ရရင်ကို သာသနာမှာ အတော်မျက်နှာပန်း လှသွားတာတွေ့ရပါတယ်။ ဒါကြောင့် ဒီစာမေးပွဲဟာ အရှင်များအတွက် မဖြစ်မနေ ဖြေဆိုအောင်မြင်ရမယ့် စာမေးပွဲတစ်ခုလို့ ဆိုချင်ပါတယ်။

‘‘ပထမပြန်စာမေးပွဲ’’
-------------------------
ဒီစာမေးပွဲဟာလည်း နိုင်ငံတော်အစိုးရက ကျင်းပတဲ့စာမေးပွဲဖြစ်ပြီး ပရိယတ္တိနယ်ပယ်ထဲကို ဝင်ရောက်လာတဲ့ ရှင်ရဟန်းအားလုံး မဖြစ်မနေ ဖြေဆိုရတဲ့စာမေးပွဲပါ။ ပထမငယ်တန်း ပထမလတ်တန် ပထမကြီးတန်း ဆိုပြီးသုံးတန်းရှိတဲ့ အခြေခံစာမေးပွဲတစ်ခုပါ။ သာမန်ဉာဏ် သာမာန်ဝီရိယရှိတဲ့သူတွေတောင် အောင်မြင်နိုင်တဲ့စာမေးပွဲပါ။ အခြေခံစာမေးပွဲ ဖြစ်သည့်အလျောက် ဒီစာမေးပွဲတွေအောင်ရုံလောက်နဲ့တော့ ဘာစာမှမသိသေးတာ အမှန်ပါ။ ဒါကြောင့် ပရိယတ်စာပေလေ့လာမှုမရှိပဲ ပထမကြီးတန်းအောင်ရုံလောက်နဲ့
လူပုံအလယ်မှာ ဟောင်ဖွာဟောင်ဖွာလုပ်နေတဲ့ အရှင်တွေကို မြင်အောင်ကြည့်တတ်ဖို့ လိုမယ်ထင်ပါတယ်။ ဒါကြောင့် ဒီပထမပြန်စာမေးပွဲဟာ သာသနာတော်ရဲ့ အခြေခံစာမေးပွဲတစ်ခုလို့ပဲ ဆိုချင်ပါတယ်။

‘‘နိုင်ငံတော်မှဆက်ကပ်သော ဘွဲ့တံဆိပ်များ’’
--------------------------------------------------
နိုင်ငံတော်အစိုးရက ဆက်ကပ်တဲ့ဘွဲ့တံဆိပ်တွေဟာ များစွာရှိပါတယ်။ တစ်ချိန်ကတော့ ဒီဘွဲ့တံဆိပ်တွေဟာ သိပ်တန်ဖိုးကြီးခဲ့ပါတယ်။ ဆိုကြပါစို့ ရှေးတုန်းက အဂ္ဂမဟာပဏ္ဍိတဘွဲ့ဆိုရင် အမှန်တကယ်ပညာတတ်တဲ့ ဘုန်းကြီးတွေကိုသာ ဆက်ကပ်လေ့ရှိပြီး အဂ္ဂမဟာဂန္ထဝါစကဘွဲ့ဆိုရင် အမှန်တကယ်စာဝါပို့ချနေတဲ့ ဘုန်းကြီးတွေကိုသာ ဆက်ကပ်လေ့ရှိပါတယ်။ ဒါကြောင့် တစ်ချိန်က သိပ်တန်ဖိုးကြီးခဲ့တဲ့ ဘွဲ့တွေပါ။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ လူတွေရဲ့လာဘ်ပေးလာဘ်ယူကိစ္စတွေအောက်မှာ ဘွဲ့တံဆိပ်တွေဟာ တန်ဖိုးနည်းခဲ့ရတယ်။ သိပ်ဝမ်းနည်းစရာ ကောင်းတာပါ။ အစစ်အမှန်ရယူနေတဲ့ ဆရာတော်တွေလည်း တပုံတပင်ကြီးရှိပါတယ်။ ဒါကြောင့် နိုင်ငံတော်က ဆပ်ကပ်တဲ့ဘွဲ့တံဆိပ်တွေဟာ သာသနာတိုးတက်ဖို့အတွက်တော့ သိပ်အရေးမပါဘူးလို့ ဆိုချင်ပါတယ်။

                   အရှင်‌ပညာစာရာလင်္ကာရ

သာမဏေကျော်စာမေးပွဲ ဆိုသည်မှာ
=====================
သာမဏေကျော်စာမေးပွဲအကြောင်းကို အချို့ကြားဖူးကြသော်လည်း ဂဃနဏသိချင်မှ သိပေမည်။ သာမဏကျော်စာမေးပွဲသည် အသက်(၂၀)ထိသာ ၀င်ရောက်ဖြေဆိုခွင့်ရှိခြင်း၊ ပြဌာန်းစာ ခက်ခဲများပြားခြင်း၊ ရာနှုန်းပြည့် သန့်ရှင်းမှုရှိခြင်း၊ အဂတိတရားကင်းရှင်းခြင်း စသည်များကြောင့် သာသနာတွင်း ဘုန်းကြီးလောက၌ နာမည်ကြီးသောစာမေးပွဲ တစ်ခုဖြစ်ပါသည်။

သာသနာတော်သုံးရပ်ထဲတွင် ပရိယတ်သာသနာသည် အခြေခံပဓာနအကျဆုံး (ပရိယတ္တိယေ၀ သာသနဿ မူလံ) ဖြစ်၏။ ပရိယတ်(စာပေ)ရှိမှ ပဋိပတ်(ကျင့်စဉ်)ရှိမည် ဖြစ်ပြီး ထိုကျင့်စဉ်မှတဆင့် ပဋိဝေဒ(အကျိုးအမြတ်) ကို ခံစားနိုင်မည် ဖြစ်၏။ သို့အတွက် ပရိယတ်မကွယ်ပရေးသည် အရေးကြီးဆုံး အခြေခံအကျဆုံး ဖြစ်ပေသည်။

ပရိယတ်စာပေကြောင့် တရားဟောခွင့် တရားနာခွင့်များ ရကြသည်။ တရားကိုသိသဖြင့် ဘုရားကိုလည်း ကြည်ညို သံဃာကိုလည်း လှူဒါန်းကြသည်။ စာပေမရှိလျှင် တရားမသိသဖြင့် ဘုရားလဲ မရှိနိုင် (ဘုရားဟု မသိနိုင်) သံဃာများကိုလည်း လူပိုတွေဟု မြင်ကြမည်ဖြစ်၏။ မိဘဆရာသမားများကိုလည်း အနန္တကျေးဇူးရှင်ဟု သတ်မှတ်ကြတော့မည် မဟုတ်ပေ။

ထိုပရိယတ်သာသနာ ရေရှည်တည်တံ့ရန်အတွက် ဆရာတော်များသည် ခေတ်၏တောင်းဆိုချက်အရ ပရိယတ်စာမေးပွဲများကို ကျင်းပကာ အနာဂတ်မျိုးဆက် သာသနာ့အာဇာနည်များကို မွေးထုတ်ပေး ခဲ့ကြပါသည်။ သာမဏေငယ်လေးများသည် အနာဂတ်သာသနာအတွက် အားထားရမည့် သာသနာ့အာဇာနည်လောင်းလျာများ ဖြစ်ပါသည်။

သာမဏေများ အသက်ငယ်စဉ်ကတည်းက ပရမတ္ထဘုရားနှင့်တွေ့ဆုံခွင့်ရစေရန်၊ ပရိယတ်စာပေ အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်၍ မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ၁၃၁၁-ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ စာမေးပွဲစည်းကမ်းနှင့် ပြဌာန်းစာများကို မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ က ရေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

အတန်းသုံးတန်း
=======================
သာမဏေကျော်စာမေးပွဲများတွင် ပထမဆင့်၊ဒုတိယဆင့်၊တတိယဆင့် ဟူ၍ အတန်း သုံးတန်း ခွဲခြားသတ်မှတ်ထားပြီး တတိယဆင့်အောင်လျှင် သာသနာလင်္ကာရ(သာမဏေကျော်)ဘွဲ့ကို ဆက်ကပ်အပ်နှင်းပါသည်။

ဥပမာ=မူရင်းဘွဲ့ ရှင်အာစာရ သည် သာမဏေကျော်ဘွဲ့ရလျှင် မူလဘွဲ့နောက်မှာ အလင်္ကာရ တပ်ပြီး ရှင်အာစာရာလင်္ကာရ ဟု ဖြစ်သွားမည်။ မူလနာမည် ကျော်အောင် သည် ဒေါက်တာဘွဲ့ရလျှင် ဒေါက်တာကျော်အောင် ဟု ဖြစ်သွားသကဲ့သို့တည်း။

ကျင်းပရခြင်းရည်ရွယ်ချက်များ
=====================
၁။အသက်(၂၀)မပြည့်မီ သဒ္ဒါ၊သင်္ဂဟ၊အဘိဓာန်၊အလင်္ကာ၊ဆန်း စသော အာဂုံစာများဖြင့်သာ စာသင်ချိန် မကုန်လွန်စေပဲ ပါဠိ၊အဌကထာများကို သဒ္ဒါနည်းမှန်မှန် အနက်ပြန်ဆိုနိုင်ပြီး ၎င်းပါဠိတော်က ပြဆိုသော အဓိပ္ပါယ်များ(မြတ်ဗုဒ္ဓ၏ဆိုလိုရင်းများ) ကို သိနားလည်စေရန်။

၂။ပါဠိတော်များတွင် ပါဝင်သော ပါဠိပုဒ်များကို သဒ္ဒါအယူအဆ အဘိဓမ္မာသဘောတရားများဖြင့် တစ်ပုဒ်ချင်းစီ စဉ်းစားတွေးခေါ်နိုင်ရန်။

၃။ပါဠိဘာသာပြောဆိုရေးသားခြင်း၌ အလေ့အလာဖြစ်စေရန်။

၎။ သဒ္ဓါ၊၀ီရိယဓာတ်ခံဖြင့် ကိုယ်တိုင်သင်ကြား၍ အခြားသူများအားလဲ သင်ကြားပြသပြီး ပရိယတ်သာသနာကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ရန်။

ပြဌာန်းကျမ်းစာများ
=============
၁။ ပထမဆင့်။

(က)မဟာဝဂ္ဂပါဠိတော်။ (ခ)အင်္ဂုတ္ထိုရ်ပါဠိတော်(ဧကက၊ဒုက၊တိကနိပါတ်)။
(ခ)ဓမ္မပဒဌကထာ(ယမက၀ဂ်၊ အပ္ပမာဒ၀ဂ်)
(ဂ)သဒ္ဒါ(သန္ဓိ၊နာမ်၊ကာရက၊အာချာတ်၊ရုပ်တွက်၊နာမ်ဂိုဏ်း။အာချာတ်ဂိုဏ်း) (ဂ)သင်္ဂဟ(စိတ်၊စေတသိက်၊ပကိဏ်း၊သရုပ်ခွဲ၊)

၂။ ဒုတိယဆင့်။

(က)စူဠ၀ဂ္ဂပါဠိတော်။ပရိဝါပါဠိတော်။
(ခ)အင်္ဂုတ္တိုရ်ပါဠိတော်(စတုက္က၊ပဉ္စက၊ဆက္က)
(ခ)ဓမ္မပဒဋ္ဌကထာ(ယမက၀ဂ်မှ ဒဏ္ဍ၀ဂ်အဆုံးထိ)
(ဂ)သဒ္ဒါရှစ်စောင်၊ရုပ်တွက်၊နာမ်ဂိုဏ်း။ အာချာတ်ဂိုဏ်း၊၀ိဂြိုဟ်၊ရူပသိဒ္ဓိ
(ဂ)သင်္ဂဟ=အောက်ခြောက်ပိုင်း၊သရုပ်ခွဲ၊ ၀ီထိစဉ်၊ဘုံစဉ်၊ရုပ်ဖြစ်စဉ် ချုပ်စဉ် အကြောင်းတရားများ။

၃။ တတိယဆင့်။

(က)ပါရာဇိကပါဠိ+အဋ္ဌကထာ။
ပါစိတ္တိယပါဠိ+အဋ္ဌကထာ။
(ခ)အင်္ဂုတ္တိုရ်ပါဠိတော်(အစမှ အဆုံးထိ)
(ခ)ဓမ္မပဒဋ္ဌကထာ(ယမက၀ဂ်မှ အဆုံးထိ)
(ဂ)သဒ္ဒါရှစ်စောင်၊ရုပ်တွက်၊နာမ်ဂိုဏ်း။အာချာတ်ဂိုဏ်း၊၀ိဂြိုဟ်၊ရူပသိဒ္ဓိ ။
(ဂ)သင်္ဂဟ=ကိုးပိုင်း။သရုပ်ခွဲ၊၀ီထိစဉ်၊ဘုံစဉ်၊ ရုပ်ဖြစ်စဉ်ချုပ်စဉ်အကြောင်းတရားများ။ ရုပ်နာမ်တို့အကျိုး အကြောင်း ဆက်သွယ်ပုံ၊ စရိတ်အလိုက် ကမ္မဌာန်းပေးပုံ၊ ၀ိပဿနာပွါးပုံအဆင့်ဆင့်တို့ကို အတန်းအလိုက် ပြဌာန်းထားပါသည်။

စာမေးပွဲကျင်းပရာဌာနနှင့်ကျင်းပချိန်
========================
သာမဏေကျော်စာမေးပွဲသည် အစိုးရက ဦးစီးကျင်းပသော စာမေးပ္ဂွဲမဟုတ်ဘဲ အသင်းအဖွဲ့များက မိမိအစီအစဉ်ဖြင့် ကျင်းပသော ပုဂ္ဂလိကစာမေးပွဲများ ဖြစ်သည်။ သာမဏေကျော်စာမေးပွဲကို မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းမှ စတင်ကျင်းပခဲ့ပြီး ထိုအသင်း၏စည်းမျဉ်းအတိုင်း ယခုအခါ ရန်ကုန်၊ပဲခူး၊မော်ကျွန်း၊သထုံ၊တောင်ကြီး စသောမြို့တို့၌လည်း  ကျင်းပနေပြီဖြစ်သဖြင့် သာမဏေကျော်အသင်းပေါင်း(၁၀)သင်းကျော် ရှိနေပြီဖြစ်ပါသည်။

၁။မန္တလေးမြို့၊ပရိယတ္တိသာသနဟိတအသင်း
=========================
မန္တလေးမြို့၌ တည်ရှိပြီး သာမဏေကျော်စာမေးပွဲကို စတင်ကျင်းပသော အသင်းဖြစ်၏။ ရဟန်းသကျသီဟ (အဘိဝံသ)စာမေးပွဲကိုလည်း ဤအသင်းကပင် စတင်ကျင်းပခဲ့သည်။ သာမဏေကျော်စာမေးပွဲကို ၁၃၁၁-ခုနှစ် မှ စတင်ကျင်းပခဲ့သဖြင့် စာမေးပွဲသက်တမ်းမှာ နှစ်ပေါင်း(၆၀)ကျော်ပေပြီ။ ကျင်းပချိန်မှာ နှစ်စဉ် ပြာသိုလဆန်း(၂)ရက်နေ့ ဖြစ်ပါသည်။

၂။ပဲခူးမြို့၊ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်း
=======================
ပဲခူးမြို့တွင် တည်ရှိပါသည်။ ကျင်းပချိန်မှာ နှစ်စဉ် နတ်တော်လဆုပ်(၁၀)ရက် ဖြစ်ပါသည်။ ၁၃၄၈-ခုနှစ်မှ စတင်ကျင်းပခဲ့၍ အသင်းသက်တမ်းမှာ (၂၈)နှစ် ရှိပြီဖြစ်ပါသည်။ မန္တလေးအသင်းပြီးလျှင် ပဲခူးအသင်းသည် သက်တမ်းအရှည်ဆုံးဖြစ်၏။ (အသင်းဖွဲ့စည်းပုံ စနစ်မကျသောကြောင့်သာ စိတ်ဝင်စားမှု နည်းပါးကြပြီး မထင်မရှားအဖြစ်သို့ ရောက်နေခြင်းဖြစ်သည်။)

ရန်ကုန်မြို့၊မင်္ဂလာဗျူဟာသာမဏေကျော်စာမေးပွဲ
===========================
ရန်ကုန်မြို့၊ရွှေတိဂုံအရှေ့မြောက်ထောင့်တွင် တည်ရှိပြီး ၁၃၅၀-ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ပါသည်။ နှစ်စဉ် နတ်တော်လဆန်းပိုင်းတွင် ကျင်းပလေ့ရှိပါသည်။ ဤအသင်း၏ထူးခြားချက်မှာ ပုံမှန်အောင်မှတ်အပြင် သတ်မှတ်ထားသော သဒ္ဒါ၊သင်္ဂဟ အမှတ်များ ရရှိမှသာ အောင်မြင်နိုင်ပါသည်။ဥပမာ-အမှတ်(၁၀၀)တန် မေးရာတွင် အမှတ်(၈၀)ရသော်လည်း သဒ္ဒါပုစ္ဆာ အမှတ်(၂၀)တွင် (၁၀)မှတ်မရလျှင် ကျရှုံးသည် ဟု သတ်မှတ်ပါသည်။

မော်လမြိုင်ကျွန်းမြို့၊ပရိယတ္တိ သာသနာလင်္ကာရစာမေးပွဲ
==============================
ဤအသင်းကို ၁၃၅၂-ခုနှစ်တွင် တည်ထောင်ကာ စာမေးပွဲ စတင်ကျင်းပခဲ့ပြီး နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျင်းပလေ့ရှိပါသည်။ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ပစ္ဆိမာရုံကျောင်းတွင် အသင်းတည်ရှိပါသည်။

သထုံမြို့၊ရွှေပါရမီသာမဏေကျောစာမေးပွဲ
=======================
ဆရာတော်ဦးဆန္ဒာဓိက ဦးစီး၍ ၁၃၆၉-ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ နှစ်စဉ်ပုံမှန် ပြာသိုလပြည့်ကျော် (၃)ရက်နေ့တွင် ကျင်းပပါသည်။ တခြားအသင်းများတွင် သာမဏေများကိုသာ အသက်(၂၀)ထိ ဖြေဆိုခွင့်ပြုသော်လည်း ဤအသင်းတွင်မူ ရဟန်းသာမဏေ၊သီလရှင်၊မည်သူကိုမဆို အသက်အကန့်အသတ် မရှိ ၀င်ရောက်ဖြေဆိုခွင့် ပြုထားပါသည်။

စာမေးပွဲအတွက် ခရီးစရိတ်
==================
သာမဏေကျော်စာမေးပွဲများကို သီတင်းကျွတ်ပြီး နောက်ပိုင်း ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံအနှံ့တွင် ကျင်းပကြပါသည်။
သို့အတွက် သာမဏေတစ်ပါး သာမဏေကျော်အောင်ရန်မှာ ကံ၊ဉာဏ်၊၀ီရိယ ရှိရမည်သာမက စာဖြေကြွနိုင်ရန် ခရီးစရိတ်များကို ထောက်ပံ့ပေးမည့် ဆရာသမားများနှင့် ဒါယကာ ဒါယိကာမများလည်း ရှိထားဖို့လိုအပ်ပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ
====================
ပထမဆင့်၊ဒုတိယဆင့်၊ တတိယဆင့်တို့ကို အောင်မြင်၍ သာမဏေကျော်ဘွဲ့ရသောကိုရင်သည်
ဝိနည်းငါးကျမ်း(စာမျက်နှာ-၂၀၀၀-ခန့်)
အင်္ဂုတ္တိုရ်သုံးကျမ်း(စာမျက်နှာ-၁၅၀၀-ကျော်)
ဓမ္မပဒဋ္ဌကထာ (စာမျက်နှာ-၉၀၀-ခန့်)တို့ကို လေ့လာကျက်မှတ်ပြီးသား ဖြစ်သွားပေမည်။

ဝိဂြိုဟ်ဆိုနည်း၊ သဒ္ဒတ္ထ၊အနက်ပေးစနစ်၊ ပါဠိအထားအသိုနှင့် အဘိဓမ္မာသဘောသဘာဝများကိုလည်း သိရှိ နားလည်သွားမည် ဖြစ်ပါသည်။

ထို့အပြင် အခြားသော ပိဋကတ်ကျမ်းစာများကိုလည်း လွယ်ကူစွာ ကြည့်ရှုနိုင်ပြီး ဓမ္မာစရိယတန်းစာမေးပွဲ၊ အဘိဝံသစာမေးပွဲ၊တိပိဋကစာမေးပွဲ၊တို့ကို
တက်လှမ်းရန်အတွက် များစွာအထောက်အကူပြုနိုင်သည်ကို တွေ့ရှိရပါသည်။

ထိုထိုအဆင့်မြင့်စာမေးပွဲများ၏ အောင်ဂေဇက်တွင် သာမဏေကျော်(အလင်္ကာရ)ဘွဲ့ရပုဂ္ဂိုလ် အများအပြားပါဝင်သည်ကို ကြည့်ခြင်းအားဖြင့် ဤစာမေးပွဲ၏အကျိုးကျေးဇူးကို ခန့်မှန်းသိရှိနိုင်ပါသည်။

ပိဋကတ်သုံးပုံဆောင်ဆရာတော်များတွင် အရှင်သုမင်္ဂလာလင်္ကာရ၊အရှင်ဂန္ဓမာလာလင်္ကရ၊ အရှင်ဝံသပါလာ လင်္ကာရ၊ အရှင်ဝါသေဌာလင်္ကာရ ဆရာတော်များသည် သာမဏေကျော်ဘွဲ့ရ ဆရာတော်များ ဖြစ်ကြပါသည်။

ထို့ပြင် သာသနာ့နယ်ပယ်အသီးသီးတွင် အရည်အချင်းပြည့်ဝသည့် ပရိယတ်စာချဆရာတော်များ၊ ကမ္မဋ္ဌာန်းပြရိပ်သာဆရာတော်များ၊  ဓမ္မကထိကဆရာတော်များအဖြစ်ဖြင့် သာသနာ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့် သာမဏေကျော်စာမေးပွဲသည် ပရိယတ်သာသနာအတွက် အလွန်ကျေးဇူးများသည့် စာမေးပွဲတစ်ခု ဖြစ်ပြီး သာမဏေကျော်ကိုရင်များသည် အနာဂတ်သာသနာအတွက် အားကိုးရမည့် မျိုးဆက်များ ဖြစ်ပါသည်။

ဆရာတော်များအနေဖြင့် မိမိတပည့်ငယ်ကိုရင်လေးများကို သာမဏေကျော်စာမေးပွဲဝင်ရန် အားပေးသင့်သလို ဒါယကာ၊ဒါယိကာမများကလည်း ပရိယတ်သာသနာအတွက် သာမဏေကျော်စာမေးပွဲနှင့် သာမဏေကျော်များကို ချီးမြှောက်ထောက်ပံ့ သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

ကျမ်းကိုး။ ပရိယတ္တိသာသနဟိတအသင်း စဉ်းမျဉ်းစာအုပ်၊ မင်္ဂလာဗျူဟာအသင်း စဉ်းမျဉ်းစာအုပ်။

                     (Jagara Linkara)

စာမေးပွဲကျင်းပ ရက်များ
===============
သာမဏေကျော်အသင်း(၁၃)သင်း၏
စာမေးပွဲဖြေဆိုရက်များမှာ-

❦ မန္တလေးမြို့၊
ပရိယတ္တိသာသနဟိနအသင်းကြီး
ပထမဆင့်စာဖြေရက်

၁၃၇၇ခု
ပြာသိုလဆန်း(၂)ရက် ဝိနည်း
ပြာသိုလဆန်း(၃)ရက် အင်္ဂုတ္တိုရ်
ပြာသိုလဆန်း(၄)ရက် ဓမ္မပဒ

ဒုတိယဆင့်/တတိယဆင့်ဖြေဆိုရက်

ပြာသိုလဆန်း(၇)ရက် ဝိနည်း
ပြာသိုလဆန်း(၈)ရက် အင်္ဂုတ္တိုရ်
ပြာသိုလဆန်း(၉)ရက် ဓမ္မပဒ
ပထမဆင့်အာဂုံရက်
နတ်တော်လ္ဆုတ်(၁)ရက်နေ့မှ(၈)ရက်နေ့အထိ
_______________________________________
❦ ရန်ကုန်မြို့၊
သာသနဝန်ဆောင်သာမဏေကျော်
ပထမဆင့်/ဒုတိယဆင့်/တတိယဆင့်စာဖြေဆိုရက်

၁၃၇၇ ခု၊
နတ်တော်လ္ဆန်း(၁၀)ရက် ဝိနည်း
နတ်တော်လ္ဆန်း(၁၁)ရက် အဂုင်္တ္တိုရ်
နတ်တော်လ္ဆန်း(၁၂)ရက် ဓမ္မပဒ

ရန်ကုန်အသင်း
ပထမဆင့်အာဂုံရက်
နတ်တော်လ္ဆန်း(၆/၇)ရက်
ဒီဇင်ဘာ 17/18
_____________________________________
❦ ပဲခူးမြို့
ပရိယတ္တိသဒ္ဓမ္မရက္ခိအသင်း
ပထမဆင့်/ဒုတိယဆင့်/တတိယဆင့် စာဖြေဆိုရက်

၁၃၇၇-ခုနှစ်
နတ်တော်လ္ဆုတ်(၁၀)ရက် ဝိနည်း
နတ်တော်လ္ဆုတ်(၁၁)ရက် အဂုင်္တ္တိုရ်
နတ်တော်လ္ဆုတ်(၁၂)ရက် ဓမ္မပဒ
_____________________________________
❦ မော်လမြိုင်ကျွန်းမြို့
ပရိယတ္တိသာသနာလင်္ကာရအသင်း
ပထမဆင့်/ဒုတိယဆင့်/တတိယဆင့် စာဖြေရက်

၁၃၇၇ခုနှစ်
တန်ဆောင်မုန်းလ္ဆုတ်(၁၁)ရက်ဝိနည်း
တန်ဆောင်မုန်းလ္ဆုတ်(၁၂)ရက်
အင်္ဂုတ္တိုရ်
တန်ဆောင်မုန်းလ္ဆုတ်(၁၃)ရက်
ဓမ္မပဒ
______________________________________
❦ တောင်ကြီးမြို့
ကမ္ဘောဇသာမဏေကျော်အသင်း
သုံးဆင့်လုံးဖြေဆိုရက်

၁၃၇၇ခုနှစ်
သီတင်းကျွတ်လ္ဆုတ်(၈)ရက် ဝိနည်း
သီတင်းကျွတ်လ္ဆုတ်(၉)ရက်
အင်္ဂုတ္တိုရ်
သီတင်းကျွတ်လ္ဆုတ်(၁၀)ရက်
ဓမ္မပဒ

ပထမဆင့်အာဂုံရက်
သီတင်းကျွတ်လ္ဆုတ်(၇)ရက်
______________________________________
❦ မြင်းခြံမြို့
ပုညမဉ္ဇရီသာမ ဏေ ကျော်
သုံးဆင့်လုံးဖြေဆိုရက်

၁၃၇၇-ခုနှစ်
တန်ဆောင်မုန်းလ္ဆန်း(၄)ရက် ဝိနည်း
တန်ဆောင်မုန်းလ္ဆန်း(၅)ရက်
အင်္ဂုတ္တိုရ်
တန်ဆောင်မုန်းလဆန်း(၆)ရက်
ဓမ္မပဒ
______________________________________
❦ ပခုက္ကူမြို့
သာသနစက္ကပ္ပဝတ္တကအသင်း
ဒုတိယဆင့် တတိယဆင့်ဖြေရက်

၁၃၇၇ခုနှစ်
ပြာသိုလ္ဆန်း(၂)ရက် ဝိနည်း
ပြာသိုလ္ဆန်း(၃)ရက် အဂုင်္တ္တိုရ်
ပြာသိုလ္ဆန်း(၄)ရက် ဓမ္မပဒ

ပထမဆင့််ဖြေဆိုရက်
ပြာသိုလ္ဆန်း(၇)ရက် ဝိနည်း
ပြာသိုလဆန်း(၈)ရက် အဂုင်္တ္တိုရ်
ပြာသိုလဆန်း(၉)ရက် ဓမ္မပဒ
_______________________________________
❦ သထုံမြို့
ရွှေပါရမီသာမဏေကျော်
သုံးဆင့်လုံးဖြေဆိုရက်

၁၃၇၇-ခုနှစ်
ပြာသိုလ္ဆုတ်(၃)ရက် ဝိနည်း
ပြာသိုလ္ဆုတ်(၄)ရက် အင်္ဂုတ္တိုရ်
ပြာသိုလ္ဆုတ်(၅)ရက် ဓမ္မပဒ
_______________________________________
❦ မုံရွာမြို့
ပိဋကာလင်္ကာရအသင်း
သုံးဆင့်လုံးဖြေဆိုရက်

၁၃၇၇ခုနှစ်
တပို့တွဲလ္ဆန်း(၁)ရက် ဝိနည်း
တပိုတွဲလ္ဆန်း(၂)ရက် အင်္ဂုတ္တိုရ်
တပိုတွဲလဆန်း(၃)ရက် ဓမ္မပဒ
ပထမဆင့်
ပြာသိုလ္ဆုတ်(၁၂/၁၃/၁၄)အာဂုံ
_______________________________________
❦ တံတားဦးမြို့
သူငယ်တော်တောရ
သုံးဆင့်လုံးဖြေဆိုရက်

၁၃၇၇ခုနှစ်
နတ်တော်လ္ဆုတ်(၅)ရက်ဝိနည်း
နတ်တော်လ္ဆုတ်(၆)ရက်အင်္ဂုတ္တိုရ်
နတ်တော်လ္ဆုတ်(၇)ရက် ဓမ္မပဒ
________________________________________
❦ နေပြည်တော်
ရန်အောင်မြင်သာမဏေကျော်
သုံးဆင့်လုံးဖြေဆိုရက်

၁၃၇၇ခုနှစ်
ပြာသိုလ္ဆန်း(၁၃)ရက် ဝိနည်း
ပြာသိုလ္ဆန်း(၁၄)ရက် အင်္ဂုတ္တိုရ်
ပြာသိုလ္ဆန်း(၁၅)ရက် ဓမ္မပဒ
_______________________________________
❦ ပြင်ဦးလွင်မြို့
ပြင်စာဒေသ ပရိယတ္တိသာသနပါလအသင်း
သုံးဆင့်လုံးဖြေဆိုရက်

၁၃၇၇ခုနှစ်
တပိုတွဲလ္ဆုတ်(၃)ရက် ဝိနည်း
တပိုတွဲလ္ဆုတ်(၄)ရက် အင်္ဂုတ္တိုရ်
တပိုတွဲလ္ဆုတ်(၅)ရက် ဓမ္မပဒ

ပထမဆင့်အာဂုံ
တပို့တွဲလ္ဆန်း(၁၁/၁၂/၁၃)ရက်
________________________________________
❦ ရခိုင်ပြည်နယ်၊စစ်တွေမြို့
ရက္ခပူရသာမဏေကျော်
သုံးဆင့်လုံးဖြေဆိုရက်

၁၃၇၇ခုနှစ်
တပိုတွဲလ္ဆန်း(၃)ရက် ဝိနည်း
တပိုတွဲလ္ဆန်း(၄)ရက် အင်္ဂုတ္တိုရ်
တပိုတွဲလ္ဆန်း(၅)ရက် ဓမ္မပဒ

စာဖြေရက်များမှာ နှစ်စဉ်ကျင်းပနေကြရက်များ ဖြစ်ပါသည်။