ယောကပ္ပကောဋီဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ ။
ယောနာထော - ဝေနေယျများစွာ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊
နာထမည်ငြား၊ အကြင် ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပကောဋီဟိပိ - ကုဋေကမ္ဘာ၊ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊အပ္ပမေယျံ
ရေတွက်တိုင်းတာ၊ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
ကာလံ - လေးအသင်္ချေ၊ သိန်းနေကမ္ဘာ၊ ရှည်ကြာသော ကာလပတ်လုံး၊ လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊အတိဒုက္ကရာနိ ဥစ္စာအသက်၊ ခြေ လက် အင်္ဂါ၊ မေတ္တာကြီးမား၊ သမီးသားနှင့်၊ သက်ထားဇနီး၊ စွန့်ခြင်းကြီးဟု၊ ကြက်သီးထဖွယ် ငါးသွယ်အစု၊ အလွန်ခဲယဉ်းသောအမှုတို့ကို၊
ကရောန္တော - ဘုရား ဖြစ်ရန်၊ ရည်သန်ကြိုးကုတ်၊ အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ - လက် ခြေ မျက်လုံး၊ အသက်ဆုံးလျက်၊ နှလုံးစိတ်ဝမ်း၊ ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
ဂတော ဘဝတန်တန်၊ ကြိမ်ဖန်များစွာ၊ ရောက်တော်မူခဲ့ရရှာလေပြီ၊
မဟာကရုဏိကဿ - သတ္တဝါများ၊ ရင်ဝယ်သားကဲ့သို့၊ သနားချစ်ခင်၊ မဟာကရုဏာရှင်ဖြစ်တော်မူသော၊တဿ နာထဿ
ဝေနေယျများစွာ၊ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊ နာထမည်ငြား၊ ထိုရှင်တော်မြတ်ဘုရားအား၊
နမော ရိုသေပျောင်းပျော့၊ မာန်ကိုလျှော့၍၊ ကန်တော့ရိုကျိုး၊ ရှိခိုးခြင်းသည်၊အတ္ထု - ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
(သာဓု…သာဓု…သာဓု)
( မေတ္တာပို့ )
သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ
(သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ)
မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ
(မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ)
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ
(သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ)
တရားသိမ်းဂါထာ (1)
ဓမ္မောသဓံ ပိဝိတွာန၊
ဝိသာ သဗ္ဗေ သမူဟတာ။
အဇရာမရံ သီတိတာဝံ၊
နိဗ္ဗာနံ ယန္တု သာဓဝေါ။
ဓမ္မောသဓံ - လောဘ, ဒေါသ, မောဟဆိပ်တောက်၊ ကင်းပျောက်ကြည်အေး တရားဆေးကို၊
ပိဝိတွာန - ဝမ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရကုန်သောကြောင့်၊
ဝိသာသဗ္ဗေ - ပူဆာ ညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊သမူဟတာပိန်းကြာဖက်တွင်
ရေမတင်သကဲ့သို့၊ ကင်းစင်လွင့်ပျောက်၊ ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊ဟောန္တု - စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။အဇရာမရံ - အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်း ရှင်းထသော၊သီတိဘာဝံ - ကိလေသာဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ်ပေထသော၊
နိဗ္ဗာနံ - နိဗ္ဗာန်ဟုခေါ် အေးမြို့တော်သို့၊
သာဓဝေါ - တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင် အများတို့သည်၊ယန္တု - ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍၊ မလင့်ပုံသေ၊ ဆိုက်ရောက်တော်မူကြပါစေကုန်သတည်း။
(သာဓု…သာဓု…သာဓု)
တရားသိမ်းဂါထာ (2)
ဖုလ္လန္တာ သုခပင်္ကဇာ၊ မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ။
မနောသရသိ သဗ္ဗေသံ၊ ပဝါယန္တု သုဂန္ဓကာ။
မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ - စုပေါင်းပို့အပ်၊ မေတ္တာဓာတ်ဟူ၊ ရောင်မြူပဝင်း၊ ငွေလမင်းနှင့်၊ ရောင်ချင်းယှက်ရုံ၊ ပေါင်းဆုံရခြင်းကြောင့်။သဗ္ဗေသံ - ကြွင်းမဲ့ဥဿုံ ၊ လုံးစုံများစွာ၊ သတ္တဝါတို့၏။မနောသရသိ - မြင့်မြတ်ဖြူစင်၊ အေးကြည်လင်သည့်၊ ရေစင်ပြည့်တင်း၊ စိတ်နှလုံးတည်းဟူသော ရေအိုင်ကြီးအတွင်း၌။သုခပင်္ကဇာ - အစဉ်ထာဝရ၊ အေးမြကြည်သာ၊ သာယာပွင့်လန်း၊ ချမ်းသာသုခတည်းဟူသော ကုမုဒြာကြာပန်းတို့သည်။ဖုလ္လန္တာ - ဝမ်းသာရွှင်မြူး၊ ဝတ်မှုံလူးလျက်၊ ကြည်နူးဖွယ်ကြုံ၊ ဖူးပွင့်ကြကုန်သည်ဖြစ်၍။သုဂန္ဓကာ - လေအောက်လေထက်၊ ရောယှက်သင်းပျံ့၊ ပီတိတည်းဟူသော ရနံ့တို့သည်။ပဝါယန္တု - ကောင်းစွာမသွေ ကြိုင်လှိုင်၍ နေကြပါစေ ကုန်သတည်း။
(သာဓု…သာဓု…သာဓု)
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment