မနက်ဖြန်ဆိုယင်သာမညဆရာတော်ဘုရားကြီးမွေးနေ့အမှတ်တရနေ့ရောက်ပြန်ပြီ။
ပထမဝါဆိုလ္ဆန်း ( ၆ ) ရက်
Buddha Dhamma Thangha ရတနာသုံးပါးကိုယုံကြည်မြတ်နိုးကိုးကွယ်ကြသူများ။
21 June, 2015
14 June, 2015
"ကျေးဇူးတော်ရှင်သာမညတောင်ဆရာတော်ဘုရားကြီးသြ၀ါဒဓမ္မကထာ"
"ကျေးဇူးတော်ရှင်သာမညတောင်ဆရာတော်ဘုရားကြီးသြ၀ါဒဓမ္မကထာ"
ဤလောကကြီး၌ ပုဂ္ဂိုလ်သတ္တ၀ါဟူသည်၊
လူခြင်းတူသော်လည်း ဉာဏ်ခြင်းမတူ
ဉာဏ်ခြင်းတူသော်လည်း ပါရမီခြင်းမတူ
ပါရမီခြင်းတူသော်လည်း ၀ီရိယခြင်းမတူ
ဝီရိယခြင်းတူသော်လည်း သတိခြင်းမတူ
သတိခြင်းတူသော်လည်း သမာဓိခြင်းမတူ
သမာဓိခြင်းတူသော်လည်း ပဋ္ဌာန်းဆက်ခြင်းမတူ
ပဋ္ဌာန်းဆက်ခြင်းတူသော်လည်း ဆုတောင်းခြင်းမတူ
ဆုတောင်းခြင်းတူသော်လည်း သဒ္ဓါတရားခြင်းမတူ
ထို့ကြောင့် အကျိုးပေးဘုန်းကံမြင့်မားစေရန်
မဆုတ်မနစ်သော သဒ္ဓါတရားဖြင့်ပေးလှုရာ၏ ။
သီလရှိလျှင် သမာဓိနိုင်ရာ၏ ၊
သမာဓိနိုင်မှ စိတ်ကိုပိုင်သည် ၊
စိတ်ကိုပိုင်မှ နတ်ကိုနိုင်သည် ၊
နတ်ကိုနိုင်မှ ဓါတ်ကိုပိုင်သည် ၊
ဓါတ်ကိုပိုင်မှ မနောပေါက်သည် ၊
မနောပေါက်မှ ပညာရောက်သည်၊
ပညာရောက်မှ ၀ိဇ္ဇာဖြစ်မည်။
08 June, 2015
နောင်တတရားကြီး ၁၀-ပါး
(၁) ငယ်ရွယ်စဉ်အခါ ပစ္စည်းဥစ္စာ မရှာ မဆည်းပူးခဲ့လျှင် အိုမင်းသော နောင်အခါ၌ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တ ရတတ်သည်။
(၂) ငယ်ရွယ်စဉ်အခါ ပညာသင်ကြားရန် အခွင့်အရေး ရပါလျက် ပညာကို မသင်မကြား ဆိုးတေကာ ကျောင်းပြေးလုပ်သောသူသည် ပညာမရှိခြင်းကြောင့် နောင်အသက်မွေးမှုငြိုငြင်ဆင်းရဲ သောအခါ နောင်တ ရတတ်သည်။
(၃) ကောက်ကျစ်စဉ်းလဲခြင်း၊ ကုန်းချောစကားပြောကြား ရန်တိုက်ခြင်းများ ပြုမိခဲ့လျှင် နောင်သေရာညောင်စေါင်း၌ လျှောင်းစက်ရသောအခါ နောင်တတရား ရတတ်သည်။
(၄) သူ၏အသက်ကိုသတ်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ ယုတ်မာ ညစ်ညမ်းသော အမှုတို့ကိုပြုခြင်း၊ သတ္တ၀ါများအား သနားမဖက် ရက်စက်သည်ကို ပြုမိခြင်းတို့ကြောင့်လည်း နောင်သောအခါ နောင်တရတတ်သည်။
(၅) အဂမနိယ မသွားလာအပ်သော သူ့မယား ခင်ပွန်းနှင့်သားသမီးများကို သွားလာပေါင်းသင်း မှီဝဲဖျက်ဆီးမိခြင်းကြောင့်လည်း နောင်တ တဖန် ပူပန်ရတတ်သည်။
(၆) များစွာသော ပစ္စည်းဥစ္စာ ထမင်း အဖျော်တို့ ရှိပါလျက် ထိုစဉ်အခါက ဒါနမပြုမိလျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၇) ဥစ္စာအား, ကိုယ်အား, ဥာဏ်အား များစွာရှိပါလျက် အိုမင်းသော မိဘတို့ကို အသက်ရှင်စဉ်အခါက မလုပ်ကျွေး မမွေးမြူ မိခဲ့လျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၈) ပုဗ္ဗာစရိယ ဖြစ်၍ အဖန်တလဲလဲ ဆိုဆုံးမတတ်သော အလုံးစုံသော ၀တ္ထုကာမ အရသာတို့ကို ရှာကြံဆောင်ယူ၍ ကျွေးမွေး ပေးတတ်သော မိခင် ဘခင်မြတ် တို့ကို မထေမဲ့ပြုမိလျှင် နောင်သောအခါ နောင်တ ရတတ်သည်။
(၉) သီလ, သမာဓိ, ပညာ ဗဟုသုတသခင် ရဟန်းတော်အရှင် သူတော်စင်များ ထင်ရှားရှိပါလျက် မဆည်းကပ် မကိုးကွယ် မပေးလှူမိသူသည်လည်း နောင်သောအခါ နောင်တ ရတတ်သည်။
(၁၀) ငြိမ်သက်တည်ကြည်သောအကျင့် ခြိုးခြံသော အကျင့်သည် ကောင်းမြတ်၏ဟု သူတော်ကောင်းတို့ ဟောကြားခဲ့ပြီ၊ ဤသို့သော အကျင့်မြတ်တို့ကို ငါလည်း ရှေးက မကျင့်ခဲ့မိဟု နောင်သောအခါ နောင်တ ရတတ်သည်။
ဒွါဒသနိပါတ် ဇနသန္ဓဇာတ် ပါဠိတော်မှ။
(ဇာတကပါဠိ ၁။၂၄၇။ဋ္ဌ။၎။၁၇၇။)
07 June, 2015
အသိ သတိ အမြဲရှိ
သဒ္ဓါလွန်ကဲ ပညာနည်း
တလွဲယုံတတ်သည်။
ပညာလွန်ကဲ သဒ္ဓါနည်း
စဉ်းလဲကောက်ကျစ်သည်။
သတိတရား ထိုနှစ်ပါး
စွမ်းအားညှိပေးသည်။
လုံ့လလွန်ကဲ အငြိမ်နည်း
မစွဲပျံ့လွင့်သည်။
အငြိမ်လွန်ကဲ လုံ့လနည်း
ဖင့်နွှဲနှေးကွေးသည်။
သတိတရား ထိုနှစ်ပါး
စွမ်းအား ညှိပေးသည်။
စွမ်းအားညီမှ ကောင်းကျိုးရ
မုချချမ်းသာမည်။
(မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး)
02 June, 2015
မင်းကွန်းဆရာတော်ကြီးရေးသားပြုစုတော်မူသော မဟာဗုဒ္ဓဝင်ကျမ်းစာအုပ်များ
မင်းကွန်းဆရာတော်ကြီးရေးသားပြုစုတော်မူသော
မဟာဗုဒ္ဓဝင်ကျမ်းစာအုပ်များ
You can download the files here:
မဟာဗုဒ္ဓဝင် အတွဲ ၁ အပိုင်း က.pdf
https://yadi.sk/i/cJRWtU04fjUzo
မဟာဗုဒ္ဓဝင် အတွဲ ၁ အပိုင်း ခ.pdf
https://yadi.sk/i/-4hQngJbfjUzq
မဟာဗုဒ္ဓဝင် အတွဲ ၂.pdf
https://yadi.sk/i/WKf0cxV5fjUzw
မဟာဗုဒ္ဓဝင် အတွဲ ၃.pdf
https://yadi.sk/i/TZ8jsntGfjV24
မဟာဗုဒ္ဓဝင် အတွဲ ၄.pdf
https://yadi.sk/i/zipflH8lfjV28
မဟာဗုဒ္ဓဝင် အတွဲ ၅.pdf
https://yadi.sk/i/DRQDIKPUfjV2G
မဟာဗုဒ္ဓဝင် အတွဲ၆ အပိုင်း က.pdf
https://yadi.sk/i/2YYi-n7ifjV2S
မဟာဗုဒ္ဓဝင် အတွဲ၆ အပိုင်း ခ.pdf
https://yadi.sk/i/cn7heArZfjV2a
(တစ်အုပ်ချင်း တင်ပေးပါသော ကိုထွန်းအောင်ကျော်အား credit ပေးပါသည်။)
01 June, 2015
Dr.အရှင်နန္ဒမာလာဘိဝံသ ဝန္ဒနာပဏာမအာသီသဘုရားရှိခိုး
ယောကပ္ပကောဋီဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ ။
ယောနာထော - ဝေနေယျများစွာ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊
နာထမည်ငြား၊ အကြင် ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပကောဋီဟိပိ - ကုဋေကမ္ဘာ၊ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊အပ္ပမေယျံ
ရေတွက်တိုင်းတာ၊ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
ကာလံ - လေးအသင်္ချေ၊ သိန်းနေကမ္ဘာ၊ ရှည်ကြာသော ကာလပတ်လုံး၊ လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊အတိဒုက္ကရာနိ ဥစ္စာအသက်၊ ခြေ လက် အင်္ဂါ၊ မေတ္တာကြီးမား၊ သမီးသားနှင့်၊ သက်ထားဇနီး၊ စွန့်ခြင်းကြီးဟု၊ ကြက်သီးထဖွယ် ငါးသွယ်အစု၊ အလွန်ခဲယဉ်းသောအမှုတို့ကို၊
ကရောန္တော - ဘုရား ဖြစ်ရန်၊ ရည်သန်ကြိုးကုတ်၊ အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ - လက် ခြေ မျက်လုံး၊ အသက်ဆုံးလျက်၊ နှလုံးစိတ်ဝမ်း၊ ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
ဂတော ဘဝတန်တန်၊ ကြိမ်ဖန်များစွာ၊ ရောက်တော်မူခဲ့ရရှာလေပြီ၊
မဟာကရုဏိကဿ - သတ္တဝါများ၊ ရင်ဝယ်သားကဲ့သို့၊ သနားချစ်ခင်၊ မဟာကရုဏာရှင်ဖြစ်တော်မူသော၊တဿ နာထဿ
ဝေနေယျများစွာ၊ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊ နာထမည်ငြား၊ ထိုရှင်တော်မြတ်ဘုရားအား၊
နမော ရိုသေပျောင်းပျော့၊ မာန်ကိုလျှော့၍၊ ကန်တော့ရိုကျိုး၊ ရှိခိုးခြင်းသည်၊အတ္ထု - ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
(သာဓု…သာဓု…သာဓု)
( မေတ္တာပို့ )
သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ
(သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ)
မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ
(မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ)
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ
(သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ)
တရားသိမ်းဂါထာ (1)
ဓမ္မောသဓံ ပိဝိတွာန၊
ဝိသာ သဗ္ဗေ သမူဟတာ။
အဇရာမရံ သီတိတာဝံ၊
နိဗ္ဗာနံ ယန္တု သာဓဝေါ။
ဓမ္မောသဓံ - လောဘ, ဒေါသ, မောဟဆိပ်တောက်၊ ကင်းပျောက်ကြည်အေး တရားဆေးကို၊
ပိဝိတွာန - ဝမ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရကုန်သောကြောင့်၊
ဝိသာသဗ္ဗေ - ပူဆာ ညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊သမူဟတာပိန်းကြာဖက်တွင်
ရေမတင်သကဲ့သို့၊ ကင်းစင်လွင့်ပျောက်၊ ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊ဟောန္တု - စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။အဇရာမရံ - အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်း ရှင်းထသော၊သီတိဘာဝံ - ကိလေသာဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ်ပေထသော၊
နိဗ္ဗာနံ - နိဗ္ဗာန်ဟုခေါ် အေးမြို့တော်သို့၊
သာဓဝေါ - တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင် အများတို့သည်၊ယန္တု - ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍၊ မလင့်ပုံသေ၊ ဆိုက်ရောက်တော်မူကြပါစေကုန်သတည်း။
(သာဓု…သာဓု…သာဓု)
တရားသိမ်းဂါထာ (2)
ဖုလ္လန္တာ သုခပင်္ကဇာ၊ မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ။
မနောသရသိ သဗ္ဗေသံ၊ ပဝါယန္တု သုဂန္ဓကာ။
မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ - စုပေါင်းပို့အပ်၊ မေတ္တာဓာတ်ဟူ၊ ရောင်မြူပဝင်း၊ ငွေလမင်းနှင့်၊ ရောင်ချင်းယှက်ရုံ၊ ပေါင်းဆုံရခြင်းကြောင့်။သဗ္ဗေသံ - ကြွင်းမဲ့ဥဿုံ ၊ လုံးစုံများစွာ၊ သတ္တဝါတို့၏။မနောသရသိ - မြင့်မြတ်ဖြူစင်၊ အေးကြည်လင်သည့်၊ ရေစင်ပြည့်တင်း၊ စိတ်နှလုံးတည်းဟူသော ရေအိုင်ကြီးအတွင်း၌။သုခပင်္ကဇာ - အစဉ်ထာဝရ၊ အေးမြကြည်သာ၊ သာယာပွင့်လန်း၊ ချမ်းသာသုခတည်းဟူသော ကုမုဒြာကြာပန်းတို့သည်။ဖုလ္လန္တာ - ဝမ်းသာရွှင်မြူး၊ ဝတ်မှုံလူးလျက်၊ ကြည်နူးဖွယ်ကြုံ၊ ဖူးပွင့်ကြကုန်သည်ဖြစ်၍။သုဂန္ဓကာ - လေအောက်လေထက်၊ ရောယှက်သင်းပျံ့၊ ပီတိတည်းဟူသော ရနံ့တို့သည်။ပဝါယန္တု - ကောင်းစွာမသွေ ကြိုင်လှိုင်၍ နေကြပါစေ ကုန်သတည်း။
(သာဓု…သာဓု…သာဓု)
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ
အပါယ်မကျ ထိုဒါန
တိသရဏ ငါးသီလ မဲချစာရေးတံ ဆယ့်ငါးရက်ဆွမ်း ဝါသင်္ကန်း လှူဒါန်းသောက်ရေကန် ကျောင်းလှူတစ်ဝ နိဗဒ္ဓ ပုညရှိသူမှန် သောတာလိုပဲ ဂတိမြဲ သူလည်း ပါယ်မပြန်
အတုယူလိုက်နာဖွယ်အမရပူရမြို့မဟာဂန္ဓာရုံကျောင်းစည်းကမ်း ၁၀ ချက်
(1) စိတ်ကောင်းရှိဖို့က ပထမ
(2) ဝိနည်းလေးစားဖို့က ဒုတိယ
(3) ကျန်းမာဖို့က တတိယ
(4) သန့်ရှင်းဖို့က စတုတ္ထ
(5) အဝတ်အစားတတ်ဖို့က ပဉ္စမ
(6) အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
(7) အပြောအဆိုတတ်ဖို့က သတ္တမ
(8) အသွားအလာတတ်ဖို့က အဋ္ဌမ
(9) စည်းကမ်းလိုက်နာဖို့က နဝမ
(10) စာတတ်ဖို့က ဒသမ
“စိတ်ကောင်းရှိဖို့က ပထမ” ဆိုတဲ့ နံပါတ် (၁)က
ဤကျောင်းတိုက်မှာ နေလိုရင် “အကြီးက အငယ်ကို နှိမ်, အငယ်က အကြီးကို မရိုသေဆိုတဲ့ စိတ်မျိုး, ကိုယ့်ထက်သာသူကို မနာလိုတဲ့ ဣဿာစိတ်, ဉာဏ်ဝီရိယကောင်းတဲ့သူကို တိုးတက်မှာစိုးတဲ့ မစ္ဆရိယစိတ်, အလွန်ထင်ရှားသိသာတဲ့ တဏှာရာဂစိတ်, ဂုဏ်နဲ့လာဘ်ကို အလွန်လိုလားတဲ့ လောဘစိတ်, ပြင်းထန်တဲ့ ဒေါသစိတ်, မာန်မာနစိတ် စတဲ့စိတ်မျိုးတွေ မဖြစ်စေဘဲ ဆရာပီပီ တပည့်ပီပီ ရိုသေလေးစားတဲ့ မေတ္တာစိတ်, မကျန်းမာသူကို သနားတဲ့ ကရုဏာစိတ်, သူတပါး ပညာတတ်သည် လာဘ်ပေါသည်ကို ဝမ်းမြောက်တဲ့ မုဒိတာစိတ်, ဘုရားဝေယာဝစ္စကို စိတ်ပါလက်ပါ ပြုလုပ်လိုတဲ့စိတ်, သဒ္ဓါတရားကောင်းတဲ့စိတ်, ပျော့ပျောင်းနူးညံ့တဲ့စိတ်, အပါယ်လေးပါး ကြောက်တဲ့စိတ်, မဂ်ဖိုလ်နိဗ္ဗာန်လိုလားတဲ့စိတ် စတဲ့စိတ်မျိုးတွေ ရှိရမယ်” လို့ဆိုလိုပါတယ်။
(2) ဝိနည်းလေးစားဖို့က ဒုတိယ
ရဟန်းသာမဏေမှန်ရင် ဘုရားရှင်၏ဝိနည်းသိက္ခာပုဒ်တော်ကို လိုက်နာနိုင်မှသာ အပါယ်လေးပါးမှ လွတ်မှာပါ၊ ဝိနည်းမလေးစားရင် ကဿပဘုရားရှင်ရဲ့နောက်ပိုင်း သာသနာတော်သမိုင်းလို ဖြစ်ကြရမှာပါ၊ သာသနာတော်ရဲ့ တာရှည်တည်တံ့ဖို့ဖြစ်တဲ့ အသက်ဟာလည်း ဝိနည်းသာဖြစ်ပါတယ်၊ ဝိနည်းမကျင့်ရင်သာသနာတော်မတည်ပါဘူး၊ ဒါကြောင့် ရှေးမထေရ်ကြီးများက “အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿ တိ” လို့ သုံးကြိမ်ဆက်၍ မိန့်မြွှက်တော်မူခဲ့ကြပါတယ်၊ ဆိုလိုရင်းက “အနာဂတ်ကာလ၌ သာသနာတော်ကို လဇ္ဇီပုဂ္ဂိုလ် စောင့်ရှောက်ရစ်လိမ့်မယ်” လို့ ဆိုပါတယ်၊ ဝိနည်းတော်အတိုင်းနေ၍ အာပတ်မသင့်အောင် စောင့်စည်းခြင်း, အာပတ်သင့်မိရင် “မိမိမှာ မည်သည့်အာပတ် သင့်မိပါပြီ, နောင်ခါ မသင့်အောင်စောင့်စည်းပါမည်” လို့ လျှောက်သောအားဖြင့် ဒေသနာကြားခြင်း, သံဃိကပစ္စည်းဝေမှု တရားဆုံးဖြတ်မှု စသည်၌ အဂတိမလိုက်ခြင်း ဤဂုဏ်အင်္ဂါရှိသူကို “လဇ္ဇီပုဂ္ဂိုလ်” လို့ ခေါ်ပါတယ်၊ “အနာဂတ်ကာလ၌ အဲဒီလဇ္ဇီပုဂ္ဂိုလ်ဟာ သာသနာတော်ကို မကွယ်အောင် စောင့်ရစ်လိမ့်မယ်” လို့ ကြွေးကြော်တော်မူခဲ့ကြခြင်း ဖြစ်ပါတယ်၊ ဒါ့ကြောင့် စိတ်ကောင်း ရှိနေရုံတွင် မပြီးဘဲ ဝိနည်းလေးစားမှုပါ အရေးကြီးသောကြောင့် “ဝိနည်းလေးစားဖို့က ဒုတိယ” ရေးထားပါတယ်။
(3) ကျန်းမာဖို့က တတိယ
စိတ်ကောင်းလည်းရှိ ဝိနည်းကိုလည်း လေးစားတဲ့ ကိုယ်တော်ကလေးဟာ မကျန်းမမာ ဖြစ်နေရင် ရှေ့ဆက်ပြီး ဘာမျှ အလုပ်တွင်အောင် မလုပ်နိုင်ပါဘူး၊ စာတတ်ပြန်ရင် အဲဒီစာကို အသုံးမချနိုင်ပါဘူး၊ ဒါ့ကြောင့် ကျန်းမာဖို့လည်း အရေးကြီးလို့ “ကျန်းမာဖို့က တတိယ” လို့ရေးထားပါတယ်၊ တပည့်တော်ရဲ့ ကျောင်းတိုက်မှာ မကျန်းမာတဲ့အခါ သီးခြားနေဖို့ ဆေးကျောင်းလည်း ရှိပါတယ်၊ မကျန်းမာရင် အဲဒီကျောင်းသို့ သွားနေရပါတယ်၊ ဆေးလည်းတော်တော်စုံအောင် ထားပြီး လုပ်ကျွေးမယ့် ကိုယ်တော်များလည်း ရှိစေပါတယ်၊ ထိုကိုယ်တော်များက အတော်အတန် အဖျားရောဂါရိုးရိုးဆိုရင် ပျောက်အောင် ကုနိုင်ပါတယ်၊ သူတို့ နိုင်ပုံမရရင် ဆရာကိုခေါ်စေပါတယ်၊ ဆရာခေါ်ရုံဖြင့် ပျောက်ပုံမရရင်တော့ ဆေးရုံသို့ ပို့စေပါတယ်။
(4) သန့်ရှင်းဖို့က စတုတ္ထ
မကျန်းမာခြင်းရဲ့ အကြောင်းတို့တွင် မသန့်ရှင်းမှုလည်း အကြောင်းတစ်ခုပါပဲ၊ အများအားဖြင့် ခန္ဓာကိုယ်ကို ရေချိုးချိန် ချိုးပြီး သန့်ရှင်းအောင် ပြုပြင်ရပါတယ်၊ အဝတ်ကိုလဲ ချွေးစော်မနံစေဘဲ သန့်ရှင်းစေရပါတယ်၊ ပတ်ဝန်းကျင်နေရာကိုလဲ ရေဖျန်းပြီး တံမြက်လှည်းခြင်း စသည်ဖြင့် သန့်ရှင်းစေရပါတယ်၊ အဲဒီလို သန့်ရှင်းပြီးတဲ့အခါ ခန္ဓာကိုယ် ပေါ့ပါးလာတယ်၊ စိတ်လဲ ကြည်လင်ပါတယ်၊ စိတ်ကြည်လင်တော့ သမာဓိရပြီး စာကြည့်လို့ စာသင်လို့ ဉာဏ်လဲတိုးလာပါတယ်၊ များသောအားဖြင့် သန့်ရှင်းခြင်းရဲ့ အကျိုးကို မသိလို့ သန့်ရှင်းအောင် မကြိုးစားကြပါဘူး၊ နေထိုင်မကောင်း၍ ရေမချိုးနိုင်ရင် ရေချိုးခန်းဝင်ပြီး ပွတ်တိုက်ပေးရပါတယ်၊ ဒါကြောင့် ကျန်းမာဖို့အပြင် “သန့်ရှင်းဖို့က စတုတ္ထ” လို့ ဆိုထားပါတယ်။
(5) အဝတ်အစားတတ်ဖို့က ပဉ္စမ
သင်္ကန်းကို “ရဟန္တာများရဲ့ တံခွန်အောင်လံ” လို့ခေါ်ပါတယ်၊ သေခိယသိက္ခာပုဒ်တော်မှာ မတိုမရှည် ညီညီဝတ်ဖို့နဲ့ ဆွမ်းစားပုံစည်းကမ်းများကို ပြထားပါတယ်၊ အဲဒီ သိက္ခာပုဒ်တော်များနဲ့အညီ သင်္ကန်းကို အရောင်ရင့်ရင့်ဆိုးပြီး ဝတ်တတ်ဖို့နဲ့ ဆွမ်းကို စားတတ်ဖို့လဲ တာဝန်ခံများက သင်ကြားပေးကြရပါတယ်၊ ဖုဿ ထေရဂါထာပါဠိတော်မှာ “ပိလက္ခရဇနံ ရတ္တံ, ဂရဟန္တာ သကံ ဓဇံ = ညောင်ခေါက်ဖြင့်ဆိုးအပ်သော အရောင်ရင့်ရင့်သင်္ကန်းကို နောင်အနာဂတ်ကာလ၌ ကဲ့ရဲ့ကြလိမ့်မည်” လို့ ဆိုပါတယ်၊ ဒါကြောင့် ရှေးခေတ်က ပိန္နဲဆိုးရင်လဲ ညောင်ခေါက်ဆိုးလိုဖြစ်အောင် အရောင်ရင့်ရင့်ဆိုး၍ ဝတ်ခဲ့ကြပါတယ်၊ ဒါကြောင့် တပည့်တော်များရဲ့ ဥပဇ္ဈာယ်ဖြစ်တော်မူကြသော မဟာဂန္ဓာရုံကမ္မဋ္ဌာန်း ဆရာတော်ကြီးဘုရားများလက်ထက်၌ ကမ္မဋ္ဌာန်း ဆရာအားလုံးပင် အရောင်ရင့်ရင့် ဝတ်တော်မူကြပါတယ်၊ အဝါနုနုကိုတော့ “ရထိကာယ ဂမိဿ န္တိ, ဒန္တဝဏ္ဏိကပါရုတာ = ဆင်စွယ်ရောင်ဆိုးထားသော အဝတ်သင်္ကန်းကို ခြုံရမ်းကြကုန်လျက် လူအများသွားလာရာ ရထား-မော်တော်ကားလမ်းတို့၌ လှည့်လည်ကြလိမ့်မည်” လို့ထိုဖုဿ ထေရဂါထာ၌ အပြစ်ပြတော်မူပါတယ်၊ ဒါကြောင့် အဝါရင့်ရင့်အရောင်ကို မပယ်လို သော်လည်း မထေရ်မြတ်က “ပိလက္ခရတ္တ = ညောင်ခေါက်ဆိုးအရောင်မျိုးကို” နှစ်သက်တော်မူပါတယ်၊ အညိုရောင်ကတော့ ဝိနည်းတော်မှာကို “မဟာရင်္ဂ = များစွာသောဆိုးရည်ဖြင့် ဆိုးအပ်သော အရောင်သည် မအပ်” လို့ပယ်ထားရုံမက ဖုဿ ထေရဂါထာမှာလဲ “နီလစီဝရပါရုတာ စရိဿ န္တျရိယာ ဝိယ = သင်္ကန်းညိုကြီးများကို ဝတ်ရုံသုံးစွဲကာ အရိယာများလို့ ထင်ရလောက်အောင် ဟန်ဆောင်၍ လှည့်လည်ရစ်ကြလိမ့်” လို့ မိန့်တော်မူခဲ့ပါတယ်။
(6) အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
အသင်အပြမရှိရင် ဆရာသမားနဲ့ ကိုယ့်ထက်ကြီးသူရဲ့အနားမှာ လေးလေးစားစား နေနည်းထိုင်နည်းများကို မရကြပါဘူး၊ ဒါကြောင့် ဆရာသမားရဲ့ရှေ့, ကြီးသူများရဲ့ရှေ့၌ ရိုသေစွာနေထိုင်ရပုံ, အချင်းချင်းလဲ ကိုးရိုးကားရားမနေကြဘဲ သိက္ခာရှိရှိ နေထိုင်ရပုံ, ဒကာ ဒကာမတို့ အနီးမှာလဲ မိမိက အောက်က မနေမိစေဘဲ ရိုသေစရာကောင်းအောင် နေထိုင်ရပုံ မကြာမကြာ သတိပေးပါတယ်၊ တချို့ကိုယ်တော်များက တံတိုင်းပေါ်ထိုင်တတ်ပါတယ်၊ လူကာလသားများလို အကြည့်ရဆိုးပါတယ်။
(7) အပြောအဆိုတတ်ဖို့က သတ္တမ
လူအချင်းချင်းပြောသလို ရဟန်းသာမဏေ အချင်းချင်း မင်းနဲ့ ငါနဲ့ ကွာနဲ့ ပြောသံတွေဟာ ယခုအခါ နားမချမ်းသာအောင် ပြည့်လျှံနေပါတယ်၊ ရဟန်းသာမဏေဆိုတာ ကြီးသူကခေါ်ရင် “ဘုရား, အရှင်ဘုရား” လို့ထူးပြီး “တပည့်တော်က, အရှင်ဘုရားက, ကိုရင်က, ဦးပဉ္စင်းက, ဘုန်းကြီးက” စသည်ဖြင့်ပြောမှ ရဟန်းအသုံးအနှုန်း မှန်ပါတယ်၊ လူဝတ်ကြောင်များနဲ့ ပြောတဲ့အခါမှာလဲ “ခင်ဗျား, ကျုပ်” လို့ ပြောတာလဲ မကောင်းပါဘူး၊ “ဒကာဖြူ, ဒကာနီ” စသည်ဖြင့် သူ့နာမည်ရှေ့က “ဒကာ, ဒကာမ” ဆိုတဲ့ စကားလုံးကို ထည့်ပြီးသုံးမှ သာသနာ့အသုံး မှန်ပါတယ်၊ ဒါ့ကြောင့် အပြောအဆိုကိုလဲ မကြာမကြာ သတိပေးရပါတယ်၊ တာဝန်ခံများကို အမြဲသင်ပေးစေရပါတယ်။
(8) အသွားအလာတတ်ဖို့က အဋ္ဌမ
ရပ်ရွာ မိဘရင်း, ဆရာမင်းတို့က ဘာမှ မပြုပြင်ကြ, ပြုလည်း မပြုပြင်တတ်ကြတော့ ကျောင်းတိုက်သို့ နေဖို့ရောက်လာ သူများတွင် တချို့ရဲ့ သွားပုံ လာပုံဟာ ကြည့်လို့မကောင်းပါဘူး၊ တချို့မှာ ဆွမ်းခံသွားရာမှစ၍ ကာလသားများလို ရင်ပေါင်တန်း သွားကြပါတယ်၊ လုံးလုံး မသင့်လျော်ပါဘူး၊ ဒါ့ကြောင့် ဆိုင်ရာတာဝန်ခံများက အသွားအလာတတ်အောင် ပြုပြင်ကြရပါတယ်၊ ဖိနပ်စီးတာလည်း မြေကြီးကို ရှပ်တိုက်မစီးဖို့, ဖိနပ်အသစ်စီးတဲ့အခါ တည့်နိုင်သမျှ တည့်တည့်စီးဖို့ စသည်ဖြင့် အမြဲပြုပြင်ရပါတယ်၊ စာတတ်သော်လည်း အသွားအလာမတတ်ရင် အထင်သေးစရာ ဖြစ်ပါတယ်၊ ဘုရားရှင်ရဲ့ ကြွသွားပုံကို ကျမ်းစာတို့၌ ပြထားပါတယ်၊ အလွန်ကျက်သရေ ရှိပါတယ်၊ ဒါ့ကြောင့် “အသွားအလာတတ်ဖို့ကို အဋ္ဌမ” လို့ ဆိုထားပါတယ်။
(9) စည်းကမ်းလိုက်နာဖို့က နဝမ
ရှေးလူကြီးများ, ဆရာသမားများရဲ့ ကောင်းသောစည်းကမ်း ထုံးစံ ဥပဒေကို နောက်လူများက လိုက်နာဖို့ တာဝန်ရှိပါတယ်၊ တပည့်တော်ရဲ့ ကျောင်းတိုက်မှာလည်း စည်းကမ်းတွေ အများအပြားပင် ရှိပါတယ်၊ အဲဒီစည်းကမ်း မလိုက်နာရင်တော့ ကျောင်းတိုက်မှာ နေလို့မဖြစ်ပါဘူး၊ ဒါ့ကြောင့် ကျောင်းတိုက်စည်းကမ်းဖြစ်စေ, အခြားနေရာအတွက် တည်ရှိသော စည်းကမ်းဖြစ်စေ ဆိုင်ရာစည်းကမ်းများကို လိုက်နာတတ်ဖို့ အရေးကြီးသောကြောင့် ဤ နဝမ အချက်ကိုလည်း ထည့်ရပါတယ်။
(10) *စာတတ်ဖို့က ဒသမ*
အများ အယူအဆက “စာတတ်ဖို့က ပထမ” လို့ယူဆဟန်တူပါတယ်၊ ဒါပေမယ့် စိတ်ကောင်းမရှိဘဲ, ဝိနည်းကို မလေးစားဘဲ, အဝတ်အရုံ အနေအထိုင် အပြောအဆို မတတ်ဘဲ စာတတ်ရုံသက်သက်ဖြင့် သူ့မှာလည်း ကုသိုလ်မရပါဘူး၊ သာသနာတော်ကိုလည်း မပြုစုနိုင်ပါဘူး၊ ဝိနည်းလေးစားမှုစသောအားလုံးဂုဏ်တွေ ပြည့်စုံနေပေမယ့် မကျန်းမာရင်လည်း သူ့ကျိုးကိုယ့်ကျိုး ဘာတစ်ခုမျှ မပြုနိုင်ပါဘူး၊ ဒါ့ကြောင့် စာတတ်မှုကို နောက်ဆုံးထားရပါတယ်၊ (စာမတတ်လို့ အပါယ်မကျပါဘူး၊ စိတ်ကောင်းမရှိရင်, ဝိနည်းမလေးစားရင် အပါယ်ကျနိုင်ပါတယ်၊ ဒါ့ကြောင့် စာတတ်မှုဟာ စိတ်ကောင်းရှိမှုလောက် အဖိုးမတန်သည့်အတွက် အရေးမကြီးလှပါ၊ အရေးမကြီးသောကြောင့်လည်း နောက်ဆုံးမှာ ထားရပါတယ်။)