02 March, 2017

ဒါနအမျိုးမျိုး

“ဒါနအမျိုးမျိုး”

အလှူဒါနသည် အမျိုးအစားအားဖြင့် များပြားစွာရှိရာ
အဓိကအားဖြင့် သုတ္တန်ဒေသနာနည်းအရ ဒါန၊
ဝိနည်းဒေသနာနည်းအရ ဒါန၊
အဘိဓမ္မာဒေသနာနည်းအရ ဒါနဟူ၍ သုံးမျိုးရှိသည်။

သုတ္တန်ဒေသနာနည်းအရ ဒါနမှာ ဆယ်မျိုးရှိသည်။
၎င်း   တို့မှာ -
(၁)။အန္နဒါန = ဆွမ်း၊ထမင်း ၊အစားအစာအလှူ၊
(၂)။ပါနဒါန = သောက်ရေ အဖျော်ယမကာအလှူ၊
(၃)။ဝတ္ထဒါန = အ၀တ် အထည် သင်္ကန်းစသည်အလှူ၊
(၄)။ယာနဒါန = ဖိနပ်စသော ယာဉ်အလှူ၊
(၅)။ဂန္ဓဒါန = နံ့သာခဲ၊နံ့သာတုံး၊အမွှေးတိုင်အမျိုးမျိုးအလှူ၊
(၆)။မာလာဒါန = ပန်းမျိုးစုံအလှူ၊
(၇)။ဝိလေပနဒါန = နံ့သာပျောင်း၊နံ့သာအရည်
အမျိုးမျိုးအလှူ၊
(၈)။သေယျာဒါန = ညောင်စောင်း၊အင်ပျဉ်၊
အိပ်ရာ နေရာ အမျိုးမျိုးအလှူ၊
(၉)။အာဝါသဒါန = ကျောင်း ၊ဇရပ် ၊သိမ် ၊
ဓမ္မာရုံစသည် အမျိုးမျိုးအလှူ၊
(၁၀)။ပဒီပေယျဒါန = ဆီမီးစသည်အမျိုးမျိုးအလှူ

တို့ဖြစ်ကြသည်။

ဝိနည်းဒေသနာနည်းအရ ဒါနမှာ
လေးမျိုးရှိသည်။ ၎င်း   တို့မှာ -
(၁)။စိဝရဒါန = သင်္ကန်းအလှူ၊
(၂)။ပိဏ္ဍပါတဒါန = ဆွမ်းဘောဇဉ်အလှူ၊
(၃)။သေနာသနဒါန = ကျောင်း ၊အိပ်ရာ ၊နေရာအလှူ၊
(၄)။ဘေသဇ္ဇဒါန = ဆေးပစ္စည်းအမျိုးမျိုးအလှူ
တို့ဖြစ်ကြသည်။

အဘိဓမ္မာဒေသနာနည်းအရ ဒါနမှာ
ခြောက်မျိုးရှိသည်။ ၎င်း   တို့မှာ -
(၁)။ရူပဒါန = အဆင်းအမျိုးမျိုး ရူပါရုံအလှူ၊
(၂)။ သဒ္ဒဒါန = အသံအမျိုးမျိုး သဒ္ဒါရုံအလှူ၊
(၃)။ဂန္ဓဒါန = အနံ့အမျိုးမျိုး ဂန္ဓာရုံအလှူ၊
(၄)။ရသဒါန = စားဖွယ် ၊သောက်ဖွယ်
အမျိုးမျိုး ရသာရုံအလှူ၊
(၅) ။ဖောဋ္ဌဗ္ဗဒါန = သင်္ကန်း၊ကျောင်းစသော
အထိအတွေ့အမျိုးမျိုး ဖောဋ္ဌဗ္ဗာရုံအလှူ၊
(၆)။ဓမ္မဒါန = တရားဟောပြောခြင်း၊ သင်ကြား
ပို့ချခြင်းစသော အသိဉာဏ်အမျိုးမျိုးပေးသည် ဓမ္မာရုံ အလှူ တို့ ဖြစ်ကြသည်။

-သုတ္တန်ဒေသနာနည်းလာ ဒါနမှာ အလှူခံပုဂ္ဂိုလ်ကို
ရွေးချယ်မူ မရှိဘဲ သာမန်အားဖြင့်
ဟောကြားတော် မူခဲ့သည်။
-၀ိနည်းဒေသနာနည်းလာ ဒါနမှာ သီလ၀န္တ
ပုဂ္ဂိုလ်အားသာ ရွေးချယ်လှူ၍ ဟောကြားတော်မူခဲ့သဖြင့်
သုတ္တန်နည်းလာ ဒါနထက် ပို၍ အကျိုးကြီးမားသည်။
-အဘိဓမ္မာနည်းလာ ဒါနမှာ အာရုံခြောက်ပါး၌
ပညတ်အားဖြင့် နှလုံးမသွင်းဘဲ ပရမတ်အားဖြင့်သာ
နှလုံးသွင်းလှူဒါန်းရသဖြင့် လွန်ကဲမွန်မြတ်သောဒါနဖြစ်၍
သုတ္တန်ဝိနည်းလာ ဒါနတို့ထက် အကျိုးကြီး၏။

သို့သော်လည်း အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ဝတ္ထု၊ စေတနာ၊
ဤသုံးဖြာ စင်ကြယ်ပြည့်စုံလျှင် မည်သည်ဒါနမမဆို
ကြီးမားသော အကျိုးကို ပေးစွမ်းနိုင်၏။

ဒါနသည် အလှူရှင်၊ အလှူခံ၊ လှူဖွယ်ဝတ္ထု၊
လှူပုံအခြင်းအရာ၊ လှူဒါန်းသည့်အချိန်အခါ၊
လှူကြောင်း စေတနာစသည်ကို အကြောင်းပြု၍
၂-ပါးတွဲ၊ ၃-ပါးတွဲ စသည်ဖြင့် ပိဋကတ်တော်တို့၌
လာရှိသည်။

“၂-ပါးတွဲဒါနများ”

ဆွမ်းသင်္ကန်းကျောင်း ဆေးအားဖြင့် ပစ္စည်းလေးပါးကို
ပေးလှူခြင်းသည် အာမိသဒါန ဖြစ်၏။
ဘုရားဟောတရားတော်ကို သူတပါးတို့အား
ဟောပြောပြသ ဆုံးမခြင်း၊ စာပေးရေးသားထုတ်ဝေခြင်း၊
သင်ကြားပို့ချပေးခြင်း စသည်တို့သည် ဓမ္မဒါန ဖြစ်၏။
တရားတော်ကို ပေးလှူခြင်းသည် မသေရာမှန်
အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်နှင့် တူ၏။
ဒါနအားလုံးထက် ဓမ္မဒါနက သာလွန်မွန်မြတ်၏။

လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို ကောင်းဆိုး
ယုတ်မြတ်ရွေးချယ်၍ လှူဒါန်းမူသည်
ဝိစိတဒါနမည်၏။
အမျိုးဘာသာ သာသနာတော်အတွက် အမှန်တကယ်
လိုအပ်သော ပညာရေး ၊ကျန်းမာရေး လူမှုရေးစသော
ကိစ္စရပ်များကိုလည်း ရွေးချယ်၍ လှူဒါန်းသင့်သည်။
ရွေးချယ်စိစစ်၍ လှူဒါန်းခြင်းကိုသာ ဘုရားရှင်တို့
ချီးမွမ်းတော်မူကြ၏။ ထိုကဲ့သို့ ရွေးချယ်မူမရှိဘဲ
သာမန်လှူဒါန်ခြင်းသည် “အ၀ိစိနနဒါန” မည်၏။

ဝဋ်ဆင်းရဲဖြစ်သော လောကီစည်းစိမ်ချမ်းသာကို
တောင့်တ၍ လှူအပ်သော အလှူသည် “၀ဋ္ဋနိဿိတဒါန”
မည်၏။ ထိုဆင်းရဲကင်းရာနိဗ္ဗာန်ကို တောင့်တ၍
လှူအပ်သော အလှူသည် “၀ိဝဋ္ဋနိဿိတဒါန”မည်၏။

သားငါး ကြက်ဝက်များကို သတ်ဖြတ်၍
ကျွေးမွေးလှူဒါန်းသော ဒါနသည်
အပြစ်နှင့်တကွ ဖြစ်သောကြောင့်
“သာဝဇ္ဇဒါန” မည်၏။ သတ္တ၀ါများ၏ အသက်ကို
မသတ်မူ၍ ကိုယ်တိုင်သတ်ဖြတ်မှု ကင်းရှင်းသော
ဒါနမျိုးသည် အပြစ်မရှိသောကြောင့်
“အန၀ဇ္ဇဒါန”မည်၏။
အကုသိုလ်ကင်းသောဒါန၊ အပြစ်မရှိသောကြောင့်
အန၀ဇ္ဇဒါနမည်၏။ အကုသိုလ်ကင်းသောဒါန၊
အကုသိုလ်မကင်းသောဒါန တို့ကို ဆိုလိုသည်။

ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်လှူဒါန်းအပ်သော ဒါနသည် “သာဟတ္ထိကဒါန” မည်၏။
သူတပါးကို စေခိုင်း၍
လှူဒါန်းအပ်သောဒါနသည် “အာဏတ္တိကဒါန”မည်၏။

ယုံကြည်မှုသဒ္ဓါတရားဖြင့် လှူဖွယ်ဝတ္ထုကို
ကောင်းကောင်းမွန်မွန် ပြုပြင်စီရင်၍ အလှူခံပုဂ္ဂိုလ်ကို ရိုသေလေးစားစွာ ပေးလှူခြင်းသည် “သက္ကစ္စဒါန”
မည်၏။ ယုံကြည်မှုမရှိဘဲ လှူဖွယ်ဝတ္ထုကိုလည်း မပြုမပြင်၊ အလှူခံပုဂ္ဂိုလ်ကိုလည်း
မရိုမသေမလေးစားဘဲ ပေးလှူခြင်းသည်
“အသက္ကစ္စဒါန” မည်၏။

လှူဒါန်းရာ၌ ကံ ကံ၏အကျိုးစသည်တို့ကို သိမြင်၍ လှူဒါန်းခြင်းသည် ဉာဏ်နှင့် ယှဉ်သည့်အတွက် “ဉာဏသမ္ပယုတ္တဒါန” မည်၏။ ကံ ကံ၏အကျိုး စသည်တို့ကို မသိမမြင်ဘဲ လှူဒါန်းမူသည် ဉာဏ်နှင့် မယှဉ် သောကြောင့်
“ဉာဏ၀ိပ္ပယုတ္တဒါန” မည်၏။

သူတပါး တိုက်တွန်းနှိုးးဆော်၍
ပြုလုပ်အပ်သော ဒါနသည်
“သသင်္ခါရိက” ဒါနမည်၏။
မိမိ၏ ပင်ကိုစေတနာ
သဒ္ဓါတရားဖြင့် ထက်သန်စွာ လှူဒါန်းအပ်သောဒါနသည်
“အသင်္ခါရဒါန” မည်၏။

ကျောင်း သင်္ကန်း ဆွမ်း ဆေး စသော ၀တ္ထုပစ္စည်း
များကို လှူဒါန်းခြင်းသည် “၀တ္ထုဒါန” မည်၏။
သတ္တ၀ါဟူသမျှတို့ကို ကယ်ဆယ်သောအားဖြင့်
ဘေးမဲ့ပေးခြင်းသည် “အဘယဒါန” မည်၏။

အမြဲတည်နေမည့် ဘုရား ၊တန်ဆောင် ၊ကျောင်း ၊
ဇရပ်၊ ရေတွင်း၊ ရေကန် ၊လမ်းတံတား စသည်တို့ကို
ဆောက်လုပ်လှူဒါန်းခြင်းသည် “ထာဝရဒါန” မည်၏။ ခေတ္တခဏမျှသာ သုံးဆောင်ရသော
ဆွမ်း သင်္ကန်း စသည့်ပစ္စည်းများကို လှူဒါန်းခြင်းသည် “အထာဝရဒါန” မည်၏။

နေ့စဉ်ဘုရားရှိခိုးခြင်း၊ ဆွမ်း ၊ရေချမ်း ၊ပန်း ၊
ဆီမီး ကပ်လှူခြင်း၊ ဆွမ်းလောင်းခြင်း
စသည်ဖြင့် အမြဲမပြတ် အာစိဏ္ဏကံဝတ်ထား၍ ပြုလုပ်အပ်သောဒါနသည် “နိဗဒ္ဓဒါန” မည်၏။ နေ့စဉ်မဟုတ်ဘဲ တတ်နိုင်သည့် အခါမှသာ ပြုလုပ်အပ်သော ဒါနသည် “အနိဗဒ္ဓဒါန” မည်၏။

ဝါဆိုသင်္ကန်းကို လှူခြင်း၊ ကထိန်သင်္ကန်းကို လှူခြင်း၊ မကျန်းမာသောသူ၊ ဧည့်သည်၊ ခရီးသွားစသည်တို့အား အချိန်အခါနှင့် ကိုက်ညီအောင် ထိုက်သင့်ရာကို
စီမံလှူဒါန်းခြင်းသည် “ကာလဒါန” မည်၏။
အချိန်အခါကို မရွေးချယ်ဘဲ တိုက်ဆိုင်သည်ဖြစ်စေ၊
မတိုက်ဆိုင်သည်ဖြစ်စေ လှူလိုသောအခါ၌
စီမံ လှူဒါန်းခြင်းသည် “အကာလဒါန” မည်၏။

အကြွင်းအကျန် အညံ့အဖျင်း ဖြစ်သောပစ္စည်းကို
လှူဒါန်းခြင်းသည် ဥစ္ဆိဋ္ဌဒါန မည်၏။
အကြွင်းအကျန် အညံ့အဖျင်းမဟုတ်၊အဦးအဖျား
အမွန်အမြတ်ဖြစ်သောပစ္စည်းကို လှူဒါန်းခြင်းသည်
အနုစ္ဆိဋ္ဌိဒါန(အဂ္ဂဒါန) မည်၏။

ပုဂ္ဂိုလ်ကို သီးခြားသတ်မှတ်ပိုင်းခြား၍ လှူဒါန်းခြင်းကို ပုဂ္ဂလိက ဒါနမည်၏။ အများသံဃာကို ရည်ရွယ်
သတ်မှတ်၍ လှူဒါန်းခြင်းသည် သံဃိကဒါနမည်၏။ သံဃာဟူသည်
မြတ်စွာဘုရား၏ တပည့်သားတော်
ပုဂ္ဂိုလ်အပေါင်းကို ခေါ်သည်။ အရိယာ
ပုဂ္ဂိုလ်ဟူသမျှလည်း ပါဝင်သည်။ မည်သည့်ပုဂ္ဂိုလ်ကိုမျှ အာရုံမထားဘဲ သံဃာအများ အစုအပေါင်းကိုသာ
အာရုံထား၍လှူဒါန်းမှ“သံဃိကဒါန”မြောက်သည်။

“ပုဂ္ဂလိကဒါန (၁၄)ပါး”
မြတ်စွာဘုရားသည် ပုဂ္ဂလိကဒါနများ အကျိုးကြီးပုံ
အလိုက် အောက်ပါအတိုင်း ဟောကြားခဲ့သည်။

မြတ်စွာဘုရားအား လှူဒါန်းခြင်း၊
ပစ္စေကဗုဒ္ဓါ၊ အရတ္တဖိုလ်ပုဂ္ဂိုလ်(ရဟန္တာ)၊
အရဟတ္တမဂ်ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ပုဂ္ဂိုလ်၊
အနာဂါမိမဂ်ပုဂ္ဂိုလ်၊သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်၊
သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်၊
သေတာပတ္တိမဂ်ပုဂ္ဂိုလ်၊
သာသနာပအခါ ဈာန်အဘိညာဉ်ရ ရသေ့များ၊
သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၊ သာသနာပအခါ
ဈာန်အဘိညာဉ်ရ ရသေ့များ၊ သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၊
သီလမရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၊ တိရစ္ဆာန်တို့အား
လှူဒါန်းခြင်း ဟူ၍ အလှူခံတစ်ကျိပ်လေးယောက်ကို
ဟောကြားတော်မူခဲ့သည်။

ထို(၁၄)ဦးတို့တွင် တိရစ္ဆာန်တဦးအား တစ်နပ်စာ
ဝအောင် ကျွေးမွေး လိုက်သောအလှူသည် ဘ၀တစ်ရာတို့၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ခွန်အားဗလကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း ဟူသော
ကောင်းကျိုးတို့ကို ပေးနိုင်၏။

ဒုဿီလအား ပေးလှူလျှင် ဘ၀တစ်ထောင်၊
သီလ၀န္တပုဂ္ဂိုလ်အား ပေးလှူလျှင် ဘ၀တစ်သိန်း၊
ဈာန်ရ ရသေ့တို့အား ပေးလှူလျှင် ဘ၀ကုဋေတစ်သိန်း၊
သောတပတ္တိမဂ်ပုဂ္ဂိုလ်တို့အား ပေးလှူလျှင်
ဘ၀အသင်္ချေအကျိုး ပေးနိုင်၏။
အထက်အရိယာ ပုဂ္ဂိုလ်မြတ်များ၊ ပစ္စေကဗုဒ္ဓါ
မြတ်စွာဘုရားတို့အား ပေးလှူလျှင်မူ ဘ၀ပေါင်း
အသေင်္ချေအနန္တ ဆင့်ကာဆင့်ကာ တိုး၍
ကောင်းကျိုးများကို ပေးနိုင်သည်။

ဒုဿီလပုဂ္ဂိုလ်တို့အား လှူဒါန်းရာ၌ ထိုသူတို့၏
အကျင့်အကြံကို အလိုတူ အားပေးချီးမြှောက်လိုသော
စိတ်စေတနာဆိုးဖြင့် လှူမှသာ အပြစ်ရှိသည်။ ထိုသူတို့၏
အကျင့်အကြံကို ပမာဏမပြုဘဲ စင်ကြယ်သော
စိတ်ဖြင့်သာ အလှူခံပုဂ္ဂိုလ်ရောက်လာလျှင်
လှူဒါန်းထိုက်သည်ဟု သဘောထား၍ လှူဒါန်းမူကား အပြစ်မရှိနိုင်ပေ။

“သံဃိက အလှူ(၇)မျိုး”

(၁)။မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်အခါ
ဘုရားအမှူးရှိသော ဘိက္ခု ၊ဘိက္ခုနီ
သံဃာတို့အား လှူဒါန်းခြင်း၊

(၂)။ဘုရားပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ဘိက္ခု ၊ဘိက္ခုနီ သံဃာတို့အား လှူဒါန်းခြင်း၊

(၃)။ဘိက္ခုသံဃာအားသာ လှူဒါန်းခြင်း၊

(၄)။ဘိက္ခုနီ သံဃာအားသာ လှူဒါန်းခြင်း၊

(၅)။ဘိက္ခု ၊ ဘိက္ခုနီ သံဃာများက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်တို့အား
သံဃာကို စိတ်အာရုံထား၍ လှူဒါန်းခြင်း၊

(၆)။ရဟန်း၊ သံဃာများက ညွှန်ကြားလိုက်သော
ပုဂ္ဂိုလ်တို့အား သံဃာဟူသော စိတ်ထားဖြင့် လှူဒါန်းခြင်း၊

(၇)။ဘိက္ခုနီ သံဃာများက ညွှန်ကြားလိုက်သော ပုဂ္ဂိုလ်တို့အား သံဃာဟူသော သံဃိကဒါန
(၇)မျိုး ရှိသည်။

သံဃိကဒါနအရာ၌ကား သံဃာတော်သည် တစ်မျိုးတစားတည်းသာ ဖြစ်၏။
ကောင်း ၊မကောင်း နှစ်မျိုးမရှိပေ။
ဘုရားတပည့်သား အရိယာ သံဃာအပေါင်းမှာ
အယုတ်အမြတ်ဟူ၍ မရှိပေ။
မြတ်သော သံဃာချည်းသာ
ဖြစ်သည်။ ထို့ကြောင့် အလှူခံပုဂ္ဂိုလ်ကို
မကြည့်ဘဲ၊ဘုရားတပည့်သား သံဃာတော်အပေါင်းအား လှူပါ၏
ဟူ၍ စိတ်က သံဃာကို အာရုံပြု၍ လှူဒါန်းသော
အလှူသည် “သံဃိကဒါန” ဖြစ်၏။
သံဃာသည်သာလျှင် အလှူခံပုဂ္ဂိုလ်ဖြစ်၏။
ရှေ့တွင်ရောက်နေသော ပုဂ္ဂိုလ်ကား သံဃာ့ကိုယ်စားမျှသာ ဖြစ်၍ မည်သို့ပင် ယုတ်ညံ့နေစေကာမူ မူရင်းအလှူခံ
သံဃာတော်ကမြင့်မြတ်နေသောကြောင့်
“မြတ်သော သံဃိကဒါန” သာဖြစ်လေသည်။

“၃-ပါးတွဲဒါနများ”

ဒါနပြုလုပ်ရာ၌ ဆန္ဒစသော အဓိပတိတရားလေးပါးတို့
အားပျော့ယုတ်ညံ့လျက် လှူဒါန်းခြင်း၊
လူချမ်းသာ ၊ နတ်ချမ်းသာများကို တောင့်တရည်စူး၍ လှူဒါန်းခြင်းသည်
“ဟီနဒါန” မည်၏။

အဓိပတိတရားလေးပါးတို့ အလတ်စား
ဖြစ်လျက် လှူဒါန်းခြင်း၊ သာဝကဗောဓိ၊ ပစ္စေကဗောဓိဉာဏ်ကို တောင့်တ၍
လှူဒါန်းခြင်းသည် “မဇ္ဈိမဒါန”မည်၏။

အဓိပတိတရားလေးပါးတို့ အမြတ်စားဖြစ်လျှက်
လှူဒါန်းခြင်း၊ သမ္မာသမ္ဗောဓိ(သဗ္ဗညုတ)
ဉာဏ်ကို ရည်သန်တောင့်တ၍ လှူဒါန်းခြင်း
သည် “ပဏီတဒါန”မည်၏။

လောက၌ မိမိကိုယ်တိုင် ကောင်းမွန်သည်တို့ကို
သုံးဆောင်၍၊အောက်လက်ငယ်သားများအား
ယုတ်ညံ့သော ပစ္စည်းတို့ကို ပေးကမ်းသကဲ့သို့
အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးစွဲသော ပစ္စည်းထက်
ယုတ်ညံ့သောပစ္စည်းကို လှူဒါန်းခြင်းသည်
“ဒါနဒါသ” မည်၏။

မိမိအသုံးဆောင်နှင့် ဆိုးကောင်းယုတ်မြတ်တူညီသော
ပစ္စည်းကို ပေးလှူခြင်းသည် “ဒါနသဟာယ”မည်၏။

မိမိသုံးဆောင်သည်ထက် ပိုမို ကောင်းမွန်သော
ပစ္စည်းကို ပေးလှူခြင်းသည်
“ဒါနပတိ၊ ဒါနဇေဋ္ဌက၊ ဒါနသာမိ” မည်၏။

“၄-ပါးတွဲဒါနများ”

(၁)။စီဝရဒါန = အ၀တ်သင်္ကန်းလှူဒါန်းခြင်း၊
(၂)။ပိဏ္ဍပါတဒါန = ဆွမ်းခဲဖွယ်ဘောဇဉ်လှူဒါန်းခြင်း၊
(၃)။သေနာသနဒါန = ကျောင်းအိပ်ရာနေရာလှူးဒါန်းခြင်း၊
(၄)။ဘေသဇ္ဇဒါန = ဆေးပစ္စည်းလှူဒါန်းခြင်း။

“၅-ပါးတွဲဒါနများ”

ကာလဒါန(၅)ပါး-
(၁)။ဧည့်သည် အာဂန္တုအား လှူဒါန်းခြင်း၊
(၂)။ခရီးသွား ပုဂ္ဂိုလ်များအား လှူဒါန်းခြင်း၊
(၃)။မကျန်းမာသော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊
(၄)။ငတ်မွတ်ခေါင်းပါးသောအခါ၌ လှူဒါန်းခြင်း၊
(၅)။မိမိလုပ်ကိုင်သော ကောက်ဦး
သစ်သီးဦးတို့ကို သီလ၀န္တရဟန်းတော်တို့အား
ဦးဦးဖျားဖျား လှူဒါန်းခြင်း။

“မဟာဒါန(၅)ပါး”

ငါးပါးသီလကိုပင် မဟာဒါနကြီးငါးပါးဟူ၍ ခေါ်သည်။ ပါဏာတိပါတ သိက္ခာပုဒ်ကို ဆောက်တည်၍ သီလနှင့်
ပြည့်စုံလျှင် ထိုသူသည် သတ္တ၀ါတို့ကို သတ်ဖြတ်ခြင်းအမူ မပြုလုပ်တော့သဖြင့် အဘယဒါန = သတ္တ၀ါတို့အား
ဘေးကင်းစေခြင်း အမူကို ပြုသည်မည်၏။
ဤနည်းအတူ ငါးပါးသီလကို စောင့်ထိန်းသဖြင့်
သတ္တ၀ါတို့အား ဘေးကင်းစေခြင်းအမူကို ပေးလျှင်
သီလအရင်းခံရှိသော ဒါနကိစ္စပါဝင် ပြီးစီး
သွားသောကြောင့် သီလငါးပါးကိုပင်
“မဟာဒါနငါးပါး” ဟု ခေါ်သည်။

“ထာဝရကုသိုလ်(၆)မျိုး”

(၁)။အာရာမရောပ ဒါန = ပန်းဥယျာဉ်၊
သစ်သီးဥယျာဉ်များကို စိုက်ပျိုး၍ လှူဒါန်းခြင်း၊
(၂)။ဝနရောပါ ဒါန = အရိပ်ရပင် စားသုံးပင်စသော သစ်ပင်ကြီးငယ်တို့ကို
စိုက်ပျိုး၍ လှူဒါန်းခြင်း၊
(၃)။သေတုကာရက ဒါန = တံတားခင်း လမ်းဖောက်၍ လှူဒါန်းခြင်း၊
(၄)။ပပါ ဒါန = ရေချမ်းစင်တည်၍ လှူဒါန်းခြင်း၊
(၅)။ ဥဒပါန ဒါန = ရေတွင်းရေကန် ရေမြောင်းများတူး၍ လှူဒါန်းခြင်း၊
(၆)။ဥပဿယ ဒါန = ဇရပ် ၊တန်ဆောင်းဂူ ကျောင်း ၊ပြာသာဒ် ၊နားနေရိပ်သာ၊ ဆေးရုံ ၊ဆေးခန်းစသော အဆောက်အုံများ
ဆောက်လုပ် လှူဒါန်းခြင်း။

ဤခြောက်ပါးသော ထာဝရကုသိုလ်တို့အနက်
အလှူတစ်မျိုးမျိုးကို လှူဒါန်းသော အလှူရှင်သည်
နေ့ရောညဥ့်ပါ အခါခပ်သိမ်း အမြဲထာဝရ ကုသိုလ်တရား
တိုးပွားနေ၍ ကွယ်လွန်သည့်နောက် နတ်ပြည်သို့
လားရောက်ရသည်။

“အဓမ္မိကဒါန(၉)မျိုး”

(၁)။ကျောင်းတိုက်တစ်ခုရှိ သံဃာအား လှူရန်
ရည်ရွယ်ပြီး ပစ္စည်းကို အခြားကျောင်းတိုက်ရှိ သံဃာအား လှူပါဟု အလှူရှင်အားပြောဆို၍ ပေးလှူစေခြင်း
(သံဃပရိဏတ အညသံဃဒါန)၊

(၂)။သံဃာအား လှူရန် ရည်ရွယ်ပြီး ပစ္စည်းကို
စေတီတော်အား လှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း (သံဃပရိဏတ စေတိယဒါန)၊

(၃)။သံဃာအားလှူရန် ရည်ရွယ်ပြီး ပစ္စည်းကို ပုဂ္ဂိုလ်တစ်ဦးအား လှူပါဟု အလှူရှင်အားပြောဆို၍
ပေးလှူခြင်း (သံဃပရိဏတ ပုဂ္ဂလဒါန)၊

(၄)။စေတီတစ်ဆူအား လှူရန်ရည်ရွယ်ပြီး ပစ္စည်းကို အခြားစေတီ တစ်ဆူအား လှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း
(စေတိယပရိဏတ အညစေတိယဒါန)၊

(၅)။စေတီတော်အား လှူရန် ရည်ရွယ်ပြီး ပစ္စည်းကို သံဃာအားလှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း၊
(စေတိယပရိဏတ သံဃဒါန)၊

(၆)။စေတီတော်အားလှူရနံ ရည်ရွယ်ပြီး
ပစ္စည်းကို ပုဂ္ဂိုလ်တစ်ဦးဦးအား လှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း(စေတိယပရိဏတ ပုဂ္ဂလဒါန)၊

(၇)။ပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦးဦးအားပေးလှူရန်
ရည်ရွယ်ပြီး ပစ္စည်းကို အခြားပုဂ္ဂိုလ်သတ္တ၀ါတစ်ဦးဦးအား
ပေးလှူပါဟု အလှူရှင်အား ပြောဆို၍ ပေးလှူစေခြင်း
(ပုဂ္ဂလပရိဏတ အညပုဂ္ဂလဒါန)၊

(၈)။ပုဂ္ဂိုလ်တစ်ဦးအား ပေးလှူရန် ရည်ရွယ်ပြီး ပစ္စည်းကို စေတီတော်အား လှူပါဟု
အလှူရှင်အား ပြောဆို၍ပေးလှူစေခြင်း (ပုဂ္ဂလပရိဏတ စေတိယဒါန)၊

(၉)။ပုဂ္ဂိုလ်တစ်ဦးဦးအား ပေးလှူရန် ရည်ရွယ်ပြီး
ပစ္စည်းကို သံဃာအားလှူပါဟု အလှူရှင်အား
ပြောဆို၍ ပေးလှူစေခြင်း
(ပုဂ္ဂလပရိဏတ သံဃဒါန)၊

ဤနေရာ၌ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းစွဲဝင်ရောက်
စွက်ဖက်ကြသဖြင့်
တရားနှင့်အညီ ပေးလှူခြင်းမျိုး မဟုတ်သောကြောင့်
“အဓမ္မိကဒါန” မည်၏။
အလှူရှင်တို့ မူလရည်ရွယ်ထားပြီးသော သံဃာ၊
စေတီ၊ ပုဂ္ဂိုလ်မှတပါး အခြားသော သံဃာ၊ စေတီ၊
ပုဂ္ဂိုလ်သို့ တရားနည်းလမ်းကျစွာ လှူဒါန်းစေခြင်း၊
ပုဂ္ဂလဓိဋ္ဌာန်မဖက်ဘဲ ပို၍ အကျိုးကြီမားစေလိုသော
စေတနာဖြင့် ညွှန်ပြခြင်း၊ အလှူရှင် ကိုယ်တိုင်
အသိမှန်ရ၍ မူလရည်ရွယ်ရင်းမှ အခြားတပါးသို့
ပြောင်းရွေ့ လှူဒါန်းခြင်း၊
အလှူရှင်က သင့်လျော်ရာကို ညွှန်ပြပါဟု ပြောဆိုသဖြင့်
ညွှန်ပြခြင်း၊ အလှူရှင် ရည်ရွယ်မှန်းထားသည်ကို
မသိ၍ အခြားတပါးသို့ ညွှန်ပြခြင်းတို့ကိုကား
အဓမ္မိကဒါနဟု မခေါ်ဆိုထိုက်ပေ။

“မပေးလှူကောင်းသော အလှူ(၁၀)မျိုး”

(၁)။မဇ္ဇဒါန = သေရည်အရက်ကို ပေးလှူခြင်း၊
(၂)။သမဇ္ဇဒါန = ဇာတ်ပွဲသဘင်ဖြင့် လှူဒါန်းပူဇော်ခြင်း၊
(၃)။ဣတ္ထိဒါန = မေထုန်အလို့ငှာ မိန်းမကို ပေးလှူခြင်း၊
(၄)။ဥသဘဒါန = နွားမအပေါင်းတို့၏ အလယ်၌
နွားလား ဥသဘကို လွှတ်ပေးခြင်း၊
(၅)။စိတ္တကမ္မဒါန =ကိလေသာထကြွစေ
တတ်သော ရုပ်ပုံ ပန်းချီကားများကို ပေးလှူခြင်း၊
(၆)။သတ္ထဒါန = လက်နက်ကို ပေးလှူခြင်း၊
(၇)။ဝိသဒါန = အဆိပ်ကို ပေးလှူခြင်း၊
(၈)။သင်္ခလိကဒါန = သံခြေချင်းကို ပေးလှူခြင်း၊
(၉)။ကုက္ကုဋသူကရဒါန = ကြက်၊ ၀က်တို့ကို ပေးလှူခြင်း၊
(၁၀)။တုလာကူဋ မာနကူဋဒါန = ချိန်စဉ်းလဲ၊
တောင်းစဉ်းလဲ (နှစ်ဘက်မညီမျှသော ချိန်ခွင်၊
တင်းမပြည့်သော တောင်း) တို့ကို ပေးလှူခြင်း၊

ဤ (၁၁)ပါးတို့သည် လောက၌ အလှူစာရင်း
မ၀င်သော်လည်း အချို့သောသူတို့သည်
ပေးလှူမိတတ်ကြ၏။ ပေးလှူမိလျှင် အပါယ်ဒုဂ္ဂတိ
ဘ၀များသို့ ကျရောက်စေနိုင်သည်။ ထို့ကြောင့်
ဤအလှူ (၁၀)မျိုးတို့ကို မပေးလှူမိကြရန်
အထူးသတိထားသင့်သည်။

“ဒါနအကျိုးတရားများ”

အလှူဒါနပြုလုပ်သူသည် အောက်ပါ အကျိုးတရားများကို
ရရှိခံစားရသည်။ ၎င်း   တို့မှာ -

(၁)။လူအများ၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရခြင်း၊
(၂)။သူတော်ကောင်း အလှူခံပုဂ္ဂိုလ်များသည်
အလှူရှင်ထံ ချဉ်းကပ်ရောက်လာကြခြင်း၊
(၃)။ဂုဏ်သတင်းကောင်း ကျော်စောခြင်း၊
(၄)။မင်းပရိသတ် ရဟန်းပရိသတ်စသော ပရိသတ်များအလယ်သို့ မကြောက်မရွံ့ ၀င်ရောက်နိုင်ခြင်း၊
(၅)။သေသည်၏နောက်၌ နတ်ပြည်သို့ ရောက်ရခြင်းတို့ ဖြစ်သည်။

ထို့ပြင် ရဟန္တာမထေရ်မြတ်တို့၏
ချီးမြှောက်မူကို ရှေးဦးစွာ
ခံယူရရှိခြင်း၊ ရဟန္တာမထေရ်မြတ်တို့၏ မိမိထံသို့
အလှူခံရန် ချဉ်းကပ်မူကို ရှေးဦးစွာ ခံယူရရှိခြင်း၊
လှူဖွယ်ဝတ္ထုများကို ရှေးဦးစွာ လှူဒါန်းခွင့်ရရှိခြင်း၊
တရားတော်များကို ရှေးဦးစွာ နာယူခွင့်ရရှိခြင်း
စသည့်အကျိုးတရားများကိုလည်း ရရှိလေသည်။

ထို့ပြင် အလှူဒါနပြုသူသည် အသက်ရှည်ခြင်း၊
အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊
ဉာဏ်ပညာကြီးခြင်း၊ အခြံအရံများ၍ ကျော်စောခြင်း၊ ဆင်းရဲကင်း၍
ချမ်းသာခြင်း၊ ဘေးဥပဒ်ကင်းခြင်း၊ ရောဂါအန္တရာယ်ကင်းခြင်း၊ လူနတ်တို့၏ အပူဇော်ကိုခံရခြင်း၊ ချစ်သူခင်သူများနှင့် မကွဲမကွာနေရခြင်း ဟူသော
အကျိုးထူးများကိုပါ ခံစားရသည်။

ဒါနသည် အလှူပေး အလှူခံနှစ်ဦးလုံး၏ စိတ်ကို
နူးညံ့ပျော့ပျောင်းအောင် ပြုလုပ်နိုင်၏။
မယဉ်ကျေးသူများကို ယဉ်ကျေးစေနိုင်၏။
ကိစ္စခပ်သိမ်းကို ပြီးငြိမ်း အောင်မြင်စေနိုင်၏။
မိမိ၏ စကားကိုလည်း နားထောင်စေနိုင်၏။
စကြာမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့၏
လောကီစည်းစိမ်နှင့် သာဝကပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ်ဟူသော လောကုတ္တရာစည်းစိမ်တို့ကို ပေးစွမ်းနိုင်၏။
ဈာန် ၀ိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်ချမ်းသာကို
ရောက်အောင် အထောက်အပံ့အဖြစ် ကျေးဇူးပြုနိုင်၏။

ပြဆိုခဲ့ပြီးသော ဒါန၏ အကျိုးတရားများသည်
အနည်းငယ်မျှသာ ဖြစ်သည်။ ဒါန၏ အကျိုးတရားများသည်
ဖော်ပြ၍ မကုန်နိုင်အောင် များပြားလှသည်။
ဒါန၏ အကျိုးတရားများကို ဘုရားရှင်မှတပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ကုန်စင်အောင်မသိနိုင်ပေ။

ထို့ကြောင့် အကျိုးတရားလွန်စွာကြီးမား များပြားလှသော ဒါနတရားကို ဆည်းပူးအားထုတ်သင့်ပေသည်။
#မြတ်ဗုဒ္ဓ၏သာသနာ