15 January, 2017
သူတော်ကောင်းလက္ခဏာတရားတော်
အမရပူရ မဟာဂန္ဓာရုံ ဘာသာဋီကာဆရာတော်ကြီး ၏
သူတော်ကောင်းလက္ခဏာတရားတော်
သူတော်ကောင်းလက္ခဏာ
ဘုန်းကြီး ဟောဖို့  စိတ်ကူးထားတာ “သူတော်ကောင်းဆိုတဲ့ လက္ခဏာ” ဟာ
ဘယ်လိုလဲလို့ သူတော်ကောင်းရဲ့ အကြောင်းကို ဟောပေးမယ်။
ယော ဝေ ကတညူ ကတဝေဒီ ဓီရော,
ကလျာဏမိတ္တော ဒဠှဘတ္တိ ဟောတိ၊
ဒုက္ခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ,
တထာဝိဓံ သပ္ပုရိသံ ၀ဒန်္တိ။
ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘ၀နောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာ့ရှင်သည်၊ ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်၊ ကတညူ-သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိ သရွေ့, သိလေ့ရှိသည်လည်းကောင်း၊ ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည်လည်း ကောင်း၊ ဟုတွာ-ဖြစ်၍၊ ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည်၊ ဒဠှဘတ္တိ-ထိုမိတ်ကောင်းလဲ, အသဲစွဲမျှ, အမြဲမပြတ်, ဆည်းကပ်လေ့ရှိ သည်၊ ဟောတိ-ဖြစ်၏၊ ဒုက္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက် သဖြင့်, ပံ့ထောက်မဲ့ဟူ, ဆင်းရဲသူ၏၊ ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေးလျက်, လုပ်ကျွေးသမှု, ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ, သနားညှာလျက်, များစွာပုံသေ, ပြုစုတတ်ပေ၏၊ တထာဝိဓံ-သို့ကလိုဂုဏ်အင်, စုံလင်ပေသည့်, ပညာရှိအပေါင်း, သူတော်ကောင်းကို၊ သပ္ပုရိသံ-မြင့်ထက်မြင့်သည့်, အကျင့်အလွန် ကောင်း, သူတော်ကောင်းဟူ၍၊ ၀ဒန္တိ-ဘုရားစသား, ပုဂ္ဂိုလ်များက, လေးစားကြည်ဖြူ, ချီးမွမ်းတော်မူကြလေသတည်း။
 ကိုယ့်ကိုကို စဉ်းစားရအောင်
တထာဝိဓံ - သို့ကလိုဂုဏ်အင်,  စုံလင်ပေ သည့်, ပညာရှိအပေါင်း, သူတော်ကောင်း ကို၊ သပ္ပုရိသံ-ဘ၀နောက်နှောင်း, ကောင်း ထက်ကောင်းမည့်, လမ်းကြောင်းတီထွင်, သူတော်စင်ဟူ၍၊ ၀ဒန်္တိ-ဘုရားစသား, ပုဂ္ဂိုလ်များက, လေးစားကြည်ဖြူ, ချီးမွမ်းတော်မူကြ ကုန်၏တဲ့။
“သပ္ပုရိသ” ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုန်းဆိုတော့ -
ယော ဓီရော-ဘ၀နောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်-
အားလုံး စိတ်တွေမှာလေ ကိုယ့်ကိုယ်ကို ပြန်သွင်းထားလိုက်၊ ဘုန်းကြီးက ဘုန်းကြီးကိုယ်ကို ပြန်ပြီးတော့ စိတ်ထားမယ်၊ ယခု အလှူရှင်ဖြစ်တဲ့ ဆရာဝန်တို့ ဆရာဝန်ကတော်တို့က သပ္ပုရိသ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံသလား, မပြည့်စုံဘူးလား၊ ပြည့်စုံရင် ဘယ် လောက် ပြည့်စုံတယ်ဆိုတာကို စဉ်းစားရအောင် ကိုယ့်ကိုယ်ကို ကိုယ့်စိတ်က အာရုံပြုထားလိုက်၊ ကိုယ့်ရဲ့ ဘ၀တစ်သက်တာ လာခဲ့တဲ့ အကြောင်းအရာတွေ ပြန်ပြီးတော့ စဉ်းစားရင် “အင်း .. ဒီဂုဏ်နဲ့ ဒီအင်္ဂါနဲ့တော့ ငါပြည့်စုံတယ်၊ ပြည့်စုံတာမှ ဘယ်လောက် ပြည့်စုံတယ်၊ သို့မဟုတ် ဒီအင်္ဂါတော့ ငါ ဘယ်လောက် လိုသေးတယ်” အဲဒါ စဉ်းစားရအောင်လေ။
ဓာတ်ကိုယ်ကြီးက ဓာတ်ခံတွေပါလာ
ယော ဓီရော - နဂိုမူလ,  ဓာတ်ခံရသဖြင့်, ဘ၀နောက်နှောင်း, ကောင်းထက်ကောင်း ဖို့, လမ်းကြောင်းတီထွင်, အကြင်သူတော် စင်သည်၊-- “နဂိုမူလ, ဓာတ်ခံရသဖြင့်” လို့ ဒါလေး စဉ်းစားရမယ်၊ ဘုန်းကြီးတို့တစ်တွေဟာ ဓာတ်တွေ စုပေါင်းနေတဲ့ ခန္ဓာကိုယ်၊ ဥပမာ-မျက်လုံးမှာ စက္ခုဓာတ်ရှိတယ်၊ နားထဲမှာ သောတဓာတ် သောတပသာဒ ရှိတယ်၊ နှာခေါင်းထဲမှာ ဃာနဓာတ် ဃာနပသာဒ ရှိတယ်၊ အဲဒီလို စသည်ဖြင့် ဟဒယထဲမှာ မနောဝိညာဏဓာတ် စိတ်ဝိညာဉ်တွေ ရှိတယ်၊ ဒီပြင် စိတ်ဝိညာဉ်မှ တစ်ပါး စေတသိက်ဆိုတဲ့ တရားတွေ တချို့သော ရုပ်တွေက ဓမ္မဓာတ်၊  အားလုံး ခန္ဓာကိုယ်ကြီးဟာ ဓာတ်ကောင်ကြီး။
“ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်” လို့ ဆိုတော့ အဲဒီ ဓမ္မဓာတ်ထဲက ဘုန်းကြီးတို့ ဓာတ်ခံတွေ ဘ၀သံသရာမှာ ဓာတ်ကောင်ကြီး အဖြစ်နဲ့ လာခဲ့ရာက အဲဒီ ဓာတ်ခံပါလာတယ်၊ မကောင်းတဲ့သူက မကောင်းတဲ့ ဓာတ်ခံပါလာ၊ ကောင်းတဲ့သူက ကောင်းတဲ့ဓာတ်ခံ ပါလာတယ်၊ ဒါလေးကို ဘုန်းကြီးတို့ မယုံကြည် နိုင်ကြတဲ့ သူများအတွက် ထပ်ပြီးတော့ စဉ်းစားကြအုန်းစို့ရဲ့။
 ဓာတ်ခံပါလာတာ မယုံဘူးလား
ကလေးတစ်ယောက် ဖွားမြင်လာတယ်ဆိုတော့ ဒီမိ ဒီဖ အတူတူပဲ၊ သွေးသားတွေဖြစ်ပြီးတော့ ပေါက်ဖွားလာတဲ့ သားသမီး, စိတ်ချင်းတူရဲ့လား, မတူပါဘူး၊ ကောင်းပြီ အရည်အချင်း, ဉာဏ် ချင်း တူရဲ့လား, မတူဘူး၊ ကောင်းပြီ လုံ့လ၀ီရိယချင်း တူရဲ့လား, မတူဘူး၊ ထားစမ်း ဒီတစ်မိ တစ်ဖထဲ ဆိုပေမယ့် အချိန်ချင်းက အကြီးနဲ့ အငယ်နဲ့ အသက်နဲ့ ဆိုတာတွေ ကွဲလို့ မတူတာ ထင်ပါရဲ့ လို့ ဆိုတော့ အမွှာမွေး ယောက်ျားလေး နှစ်ယောက်, မိန်းကလေး နှစ်ယောက် အမွှာမွေးတယ်၊ တူဖို့ ကောင်းတယ်၊ မိသွေး ဖသွေး တစ်သွေးထဲ၊ တကတဲ ရှေ့ဆင့် နောက်ဆင့် မွေးလာတယ်၊ တူဖို့ ကောင်း၊ ရုပ်ချင်းကတော့ သွေးသားအကြောင်းတွေက အထောက် အပံ့ရတော့ ရုပ်ချင်းကတော့  အတော်တူတယ်၊  တစ်ခါတစ်ခါခွဲမရအောင် တူတယ်၊ စိတ်ချင်း ဘယ့်နှယ်နေတုန်း, မတူလိုက်တာ၊ ဉာဏ်ချင်း ဘယ့်နှယ်နေတုန်း, မတူလိုက်တာ၊ လုံ့လ၀ီရိယချင်း ဘယ့်နှယ်နေတုန်း, မတူလိုက်တာ၊ နောက်တော့ အကျိုးပေးချင် ကော အို မတူလိုက်တာ၊ နောက်ဆုံး ရောဂါဘယချင်းကော အို မတူလိုက်တာ၊ သေတော့ကော မတူလိုက်တာ၊ သြော် တစ် ယောက်နှင့် တစ်ယောက် မတူတာ ထောက်လို့ရှိရင် ဓာတ်ခံချင်း ကွဲလာပြီ။
တစ်ကန့်စီ တစ်ကန့်စီ စဉ်းစား
“ယော ဓီရော - နဂိုမူလ,  ဓာတ်ခံရ သဖြင့်, ဘ၀နောက်နှောင်း, ကောင်း ထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်”  စဉ်းစားရမယ်၊ ဘုန်းကြီးက မစဉ်းစားဘဲနဲ့ နမော်နမဲ့ ကြီးလာတဲ့သူတွေကို တယ်မကျေနပ်ဘူး၊ စဉ်းစဉ်းစားစားနဲ့ဆိုတဲ့ စကားကို ပြောရအုံးမယ်၊  ဒီဘုန်းကြီးတို့ဟာ တစ်ကန့်စီ တစ်ကန့်စီ စဉ်းစားတာဟာ အင်မတန် ကောင်းတယ်၊ ဟိုဘက် ဘ၀က တစ်ကန့်၊ ယခုဘ၀က တစ်ကန့်၊ နောက်လာမယ့် ဘ၀က တစ်ကန့်၊  အဲဒီတော့  တစ်ကန့်  တစ်ကန့်မှာလေ  အင်မတန် ကောင်းအောင် ကြိုးစားလိုက်လို့ရှိရင်ဖြင့် အို တစ်ခါထည်း တက်ပြီးတော့ ဘ၀ပေါင်းများစွာ သွားပြန်ရော၊ ဒီတော့ ဘုန်းကြီးက ဒီဘ၀ကို တစ်ကန့်လို့ ယူထားတယ်၊ ဟိုလွန်ခဲ့တဲ့ ဘ၀ပေါင်းများစွာက တစ်ကန့်၊ အဲဒီ ဓာတ်ခံတွေက ယခု ပါလာတယ်၊ ငါ့မှာ ပါလာတယ်၊ ယခု အလှူ့ဒကာမှာ, ရဟန်းအမမှာ ပါလာတယ်၊ ဟိုဘက်  ဘ၀က  ဓာတ်တွေဟာ  ဒီအကန့်ထဲ ပါလာ,  ဒီဘ၀ ဒီအကန့်ထဲ ပါလာ၊  ဒါလေးကို မြတ်စွာဘုရားက ဘယ်လိုများ အမိန့် ရှိတုန်း။--
ကုသလာကုသလံ-ကုသိုလ် အကုသိုလ်ဖြစ်တဲ့၊ ကမ္မံ-ကမ္မ စေတနာသည်၊ ၀ိပါကာနံ-အကျိုးဝိပါက်တို့အား၊ ကမ္မပစ္စယေန-ကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယော-ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏ တဲ့။
 ကမ္မသတ်္တိအရ ဓာတ်ခံပါလျက်ရှိ
ဟိုဘ၀က  ကုသိုလ်ပြုပြု,  အကုသိုလ်ပြုပြု အဲဒီ ကုသိုလ်  အကုသိုလ်ကံက  ဓာတ်ခံ အဖြစ်နဲ့ ခန္ဓာကိုယ်မှာ သတ္တိကျန်ရစ်တယ်၊ ဘာသတ်္တိလဲ ကမ္မပစ္စည်းသတ္တိ ကျန်ရစ်တယ်၊ အဲဒီ ကမ္မပစ္စည်း သတ္တိက သင့်တော်တဲ့ အချိန်ကျရင် အကျိုးပေးပါရော၊ ဒါကြောင့် အဲဒီ ဓာတ်ခံလေးဟာ ပြန်ပြီးတော့ စဉ်းစားရမယ်၊ ကိုယ့်ကိုယ်ကို ဒီအကန့်ကနေပြီးတော့ လွန်ခဲ့တဲ့ ဘ၀သံသရာကို မှန်းကြည့်လို့ ရှိရင် ငါ ဘယ်လို ဓာတ်ခံ ပါလာသလဲ၊ ငါ ဒီဘ၀ အကျိုးပေးတဲ့ မျိုးရိုး ဘယ်လို ဓာတ်ခံကြောင့် ဘယ်လို အမျိုးအရိုး လာပေးတယ်၊ ငါ ဒီဘ၀မှာ ရုပ်အဆင်းက ဘယ်လိုကုသိုလ် ဓာတ်ခံကြောင့် ဘယ်လို ရုပ်အဆင်းမျိုး လာပေးတယ်၊ ငါ ဒီဘ၀မှာ စည်းစိမ် ဥစ္စာက ဘယ်လိုဓာတ်ခံကြောင့် စည်းစိမ်ဥစ္စာ လာပေးတယ်၊ ဒါ လေးတွေ ဒီကံနဲ့ ကံရဲ့ အကျိုးပေးပုံတွေ ကြည့်ရင် ငါဘယ်လို ဓာတ်ခံ ပါလာတယ်၊ ငါ့ စိတ်နေ စိတ်ထားဟာလေ ဘယ်လို သဘောရှိတယ်၊  ကောင်းတယ်  မကောင်းဘူး,  ကိုယ့်ဟာကို အသိဆုံး၊ အဲဒီ သိတဲ့ဥစ္စာ ကောင်းလဲ ရှေးဘ၀က ဓာတ်ခံပဲ, မကောင်းလဲ ရှေးဘ၀က ဓာတ်ခံပဲ၊ အဲဒီ ဓာတ်ခံဟာ ဒီအကန့် ရောက်လာတယ်၊ ဒီအကန့် ရောက်လာတော့ ဒီအကန့် နောင် လာမယ့် ဘ၀သံသရာ လှမ်းမျှော်လိုက်တဲ့ အခါကျတော့ “ဟာ ဒီဘ၀ဓာတ်တွေဟာ နောင်လာမယ့် ဘ၀သံသရာတွေမှာ ဆက်အုံးမှာပါလား၊ နိဗ္ဗာန်မရမချင်း ဆက်အုံးမှာပါလား” ဟော ဒီိလို သဘောပေါက်တော့ အို ဒီဘ၀မှာလေ သိပ်ကောင်းအောင် ကြိုးစားချင်လာတဲ့ စိတ် ဖြစ်လာတယ်၊ အလွန် ကောင်းတယ်, အလွန် ကောင်းတယ်၊ ဒါ မစဉ်းစားလို့ မဖြစ်ဘူး။
ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့် ...
ဒါက ဓာတ်ကောင်းရလာလို့  အသိဉာဏ်တွေ  ဘာတွေက ရှိလာလို့, မိကောင်း  ဖကောင်းတွေက အဆုံးအမတွေ ပေးလာလို့, ဆရာသမားကောင်းတွေက ညွှန်ပြလို့, ဆုံးမလို့, ကိုယ်ကလဲ လိုက် နာလို့, နားထောင်လို့ အဲဒီ ဓာတ်ကောင်း ပါလာတာ၊ ဓာတ်ကောင်း ပါလာတာ၊ ဓာတ်ကောင်း ပါမလာတဲ့ သူကို မိကောင်း ဖကောင်းက အဲဒီဓာတ်ကောင်းပါဖို့ ဆုံးမပေမယ့် နားမထောင်ပေါင်၊ ဆရာကောင်း သမားကောင်းက ဆုံးမပေမယ့် နားမထောင်ပေါင်၊ ဒါ ဓာတ်ကောင်း ပါမလာလို့ သိပ်ကြောက်စရာကောင်းတာ ဒီ ဓာတ်က-
ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့် ...
ကိုင်း ဘုန်းကြီးတို့ ဓာတ်ကောင်း အထိုက်အလျောက် ရကြပြီပဲ၊  ရလို့ ဒီအခြေအနေ ရောက်နေကြပြီ၊  ဒါ လွန်ခဲ့တဲ့ ဘ၀ အကန့်ကို ကြည့်ရင် အလွန် အားရစရာ ကောင်းတယ်၊ “အို တို့ အဆင့် အတန်း မနိမ့်သော ဘ၀မှာ စိတ်နေ စိတ်ထား မညံ့တဲ့ ပုဂ္ဂိုလ် တစ်ယောက်အဖြစ်နဲ့ တို့ ရောက်နေတယ်၊ ဒီအကန့်မှာ ရောက်နေ တယ်၊ အတော် အားရစရာ ကောင်းပါလားလို့” ကိုယ့်ကိုယ်ကို အင်မတန် ကျေကျေနပ်နပ် ဖြစ်ပြီးတော့ လာမယ့်ဘ၀ကို မျှော် လိုက်ရတယ်။
“ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘ၀နောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင် သည်”--  ငါ ဒီဘ၀ ဒီအကန့်က ကြိုးစားလို့ရှိရင် သေသေချာချာ ဒီထက် မြင့်သွားမယ်၊ ခံစားဖို့လား မဟုတ်ဘူးလေ၊ ဒီထက် ဉာဏ် တွေ မြင့်သွားမယ်၊ ခံစားဖို့လား မဟုတ်ဘူးလေ၊ လုံ့လ၀ီရိယတွေ ထက်သန်လာမယ်၊ ဘာလုပ်ဖို့လဲ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက် ပြုဖို့၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုဖို့၊ နိဗ္ဗာနပစ္စယော - နိဗ္ဗာန်ရဲ့ အထောက်အပံ့ ဖြစ်ဖို့။
“ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘ၀နောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင် သည်”-- ဒါလေး ရပ်ပြီးတော့ ဘုန်းကြီးတို့ တစ်တွေ အခုတရား နာလာတဲ့ ဒကာတို့တစ်တွေအားလုံး တပည့်ဒကာမတွေအားလုံး စဉ်းစားရမယ်။
ဓာတ်မကျအောင် ရိုးဖြောင့်ရမယ်
 ဝေ - စင်စစ်ဧကန်,  အမှန်စိတ်ထား,  ရိုး ဖြောင့်သောအားဖြင့်၊'' --  အို မလွယ်လိုက်တာ၊ '''ဝေ - စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုး ဖြောင့်သောအားဖြင့်၊ ကတညူ - သူတစ်ပါးတို့,  ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိသရွေ့ သိလေ့ရှိသည်လည်းကောင်း'' ။
အားလုံး လုပ်ရမယ့် သူတော်ကောင်းလက္ခဏာတွေဟာ ရိုးရိုး သားသား, စိတ်ဖြောင်ဖြောင့် ပရိယာယ် မပါဘူး, ဟန် မဟုတ်ဘူး၊ သူများ အထင်ကြီးအောင်,  ဂုဏ်ရှိအောင်,  ချီးမွမ်းခံရအောင်, နာမည်ကျော်အောင် ဒီလို မဟုတ်ဘူး၊ ရိုးရိုးကလေး ကိုယ့်စိတ် ဓာတ်ကို ကိုယ်မြှင့်တင်နေတာ၊ ကိုယ့်ဓာတ်ကို ကိုယ်
ကောင်း သထက်ကောင်းအောင် မြှင့်တင်နေတာ၊ ဒီဓာတ်ဟာ ဘယ်ထိ အောင် သွားရမှာတုန်းလို့ဆိုတော့ မဂ်ဓာတ်, ဖိုလ်ဓာတ်, အရိယာ ဓာတ်, ရဟန္တာဓာတ်ထိအောင် သွားရမှာ၊ ဓာတ်မြင့်သွားရအောင်။
“ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်”-- နည်းနည်းကလေး ကောက်ပေးလိုက်စမ်း၊ အို ဓာတ်တွေကို လွဲလို့၊ တကတဲ ဓာတ်မတိုးတဲ့အပြင် ဓာတ်မှားတွေ ဖြစ်ပြီး ဓာတ်ကျသွား မှာ၊ မရိုးလို့ရှိရင် ဓာတ်ကျသွားမှာ၊ ဘာ မရိုးသလဲ၊ အလုပ်တစ်ခု လုပ်လို့ရှိရင် ဂုဏ်လိုချင်တယ်၊ အဲဒါ မရိုးတာ၊ ဂုဏ်လိုချင်တယ် ဆိုတဲ့ ဥစ္စာဟာ တရားကိုယ်က (လောဘ ပါလာတယ်၊) အဲဒီ ကတဲက ဓာတ်နည်းနည်း ညံ့သွားပြီ၊ အဲ ဘုန်ကြီးက အခု တရား ဟောနေတယ်၊ တရားဟောတဲ့ ဥစ္စာ အို အရှင်ဘုရား - ဘယ်လို ညာလို စသည်ဖြင့် နာမည်လိုချင်တယ်ဆိုရင် လောဘ ပါလာတယ်၊ အဲဒီ လောဘဟာ ဓာတ်ကျသွားတယ်၊ အဲ ပရိယာယ် မာယာနဲ့ သူများ အထင်ကြီးအောင် ဟန်ပန်လေသံနဲ့ လုပ်နေ သရွေ့ ဓာတ်တွေကျပြီးတော့ လောဘဖြစ်တယ်၊
ဒါ့ကြောင့်-
“ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်”--  နည်းနည်းများ ဂုဏ်လိုချင်တယ်ဆိုလို့ရှိရင် “ဟဲ့ နင် ဂုဏ် မလိုချင်နဲ့, ကိုယ့်ဓာတ်ကို မြှင့်တင်ရမယ်”၊ နည်းနည်းလေးများ နာမည် ကြီးချင်တယ်ဆိုလို့ရှိရင် “အို နာမည် မလိုချင်နဲ့၊ ကိုယ်က တကဲတဲ သူတစ်ပါးကို ကောင်းစားအောင် လုပ်နေတဲ့ ဥစ္စာပဲ၊ ဘာပြုလို့ ဒီကြားထဲ နာမည်လိုချင်တဲ့ လောဘ ပါနေရသလဲ၊ မေတ္တာဓာတ်, ကရုဏာဓာတ် ဖြောင့်ဖြောင့်ကြီး နေပါစေလား” ဟောဒီလို ကိုယ့် ဓာတ်ကလေး  ကိုယ်လေ  ချိန်ပြီးတော့ စိတ်ဓာတ် နာမ်ဓာတ် ကလေးကို ချိန်ပြီးတော့ ကြည့်ရမယ်၊ သွားတဲ့ လာတဲ့ စားတဲ့ သောက်တဲ့အခါမှာလဲ ပရိယာယ် မာယာ ဟန်တွေ ပါသလားလို့ ရုပ်ဓာတ်ကလေးကို ချိန်ကြည့်ရမယ်၊ ကိုယ့်ကိုကို ချိန်ကြည့်နေ ကြဆိုတော့ သူများကိုလေ ချိန်ကြည့်ရတာ သိပ်လွယ်လွယ်ကူကူနဲ့ နားလည်တာပဲ, သိတာပဲ။
“ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်”-- ဖြောင့်ဖြောင့် ဘာဖြစ်ဖြစ် ရိုးရိုးဖြောင့်ဖြောင့်၊ အထက်လူကြီးက ငါ့ကို အထင်ကြီးအောင် ဒီလိုပါလားလို့ရှိရင်ကို တကတဲ လောဘကလေးကလေ ဓာတ်ကို နှိမ်ပြီးတော့ ဓာတ်ကို ဖျက်ဖျက်ပစ်တယ်၊
တော်တော် မကျေနပ်စရာ ကောင်းတာ၊ ဒီ မရိုးမဖြောင့်တဲ့ ဥစ္စာတွေဟာ မဖြောင့်ဘူးဆိုလို့ရှိရင် မှားပြီ၊ လမ်းလွဲပြီ၊ လမ်းလွဲတယ် ဆိုကတဲက ဟို နိဗ္ဗာနဓာတ်ကို ရောက်ဖို့ရာကို အပုံကြီး ခရီးတွေ ကွာသွားပြန်ပြီ၊ ဒါ့ကြောင့် ရိုးရိုးဖြောင့်ဖြောင့် သွားမှ လမ်းဖြောင့် လို့ မဂ်ဓာတ်, ဖိုလ်ဓာတ်, နိဗ္ဗာနဓာတ်နဲ့ ကပ်သွားမယ်။
ပထမသူတော်ကောင်း ဂုဏ်အင်္ဂါ
''ယောဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်,  ဘ၀နောက်နှောင်း,   ကောင်းထက် ကောင်းဖို့,  လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်၊ ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်၊ ကတညူ-သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိသရွေ့, သိလေ့ရှိသည်လည်းကောင်း'' ။
ဟော.. အင်္ဂါတစ်ပါး, သူတော်ကောင်း အင်္ဂါတစ်ပါး၊ သူ တစ်ပါးက ဘာပြုဖူးတယ်၊ ဥပမာ - တို့ငယ်ငယ်တုန်းက မိဘများ ကလေ တို့ကို ဘယ်လို စောင့်ရှောက်ခဲ့လိမ့်မယ်၊  ကြည့်စမ်း ငါတို့က ငါတို့ သားသမီးကို ဘယ်လို စောင့်ရှောက်တယ်, ဒီလို ဆိုရင် ငါတို့မိဘက ငါတို့ကို ဘယ်လို စောင့်ရှောက် ခဲ့လိမ့်မယ် နော်၊ တို့ ဘာမှ မသိခင် လူမမယ်ကလေးဘ၀တုန်းက တို့ အဖေ အမေများက ဘယ်လို စောင့်ရှောက်ခဲ့လိမ့်မယ်နော်၊ တို့ကို တို့ဘိုး ဘွားများက တို့ကို ချစ်တယ်လို့ ဆိုတယ်နော်၊ တို့ကို ဘယ်လို ချစ်ရှာလိမ့်မယ်နော်, ဘယ်လို ယုယရှာလိမ့်မယ်နော်၊  အားလုံး လေ ပြန်ပြီးတော့ သိရ, တို့ဆရာသမားတွေကလေ တို့ကိုဘယ်လို ချီးမြှောက်လိုက်လို့, ဘယ်လို စောင့်ရှောက်လိုက်လို့ တို့ ဒီအခြေ အနေ ရောက်လာတယ်နော် သိရတယ်၊
ဟိုနားဒီနား သွားရင်း လာရင်း မိတ်ကောင်း ဆွေကောင်းတွေ တွေ့ပြန်လဲ “သြော် သူကလေ တို့ကို စောင့်ရှောက်ရှာတယ်” တကတဲ ကျေးဇူးကို သိလို့၊ ဒါ သူတော်ကောင်းလက္ခဏာ,  သူတော်ကောင်းလက္ခဏာ။
အဲဒီလို ကျေးဇူးမသိဘဲနဲ့ ပြောင်းပြန် ပြန်ကြည့်လိုက်စမ်း၊ အို အမေ အဖေ ကျေးဇူး မတင်နိုင်ပေါင်၊ ဆရာသမား အို ကျေးဇူး မတင်နိုင်ပေါင်၊ ဘာ့ကြောင့် ညာကြောင့်နဲ့ သူတို့က ကျေးဇူး မတင်စရာနဲ့ ဆိုရင် သူတော်ကောင်းဆိုတဲ့ အဖြစ်မျိုးက ပြောင်းပြန် ပြန်ပြီးတော့ သွားပြန်တယ်။
 ဒုတိယသူတော်ကောင်း ဂုဏ်အင်္ဂါ
''ကတညူ - သူတစ်ပါးတို့, ပြုထားအပ်ဖူး,  မြတ်ကျေးဇူးကို,   အထူး ရှိသရွေ့,  သိလေ့ရှိသည်လည်း ကောင်း၊ ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည်လည်း ကောင်း''။
နှစ်ချက်နော်၊  ကျေးဇူးတော့ သိပါရဲ့, ကျေးဇူးဆပ်မယ့်အချိန် ကျတော့ တွန့်တွန့်နေတယ်၊ ဒါက ဓာတ်ညံ့လို့, ဓာတ်ညံ့လို့၊ ကိုယ့် ကိုယ်ကို, ကိုယ့်စိတ်ကို သေသေချာချာ ကြည့်နော်၊ ကျေးဇူးဆပ်ရမယ့် အချိန်ကျတော့ စိတ်က တွန့်တွန့်သွားတယ်, နှမြောသလိုလို ပျင်းသလိုလို အဲသလိုဖြစ်တော့ ကျေးဇူးဆပ်ရမယ့်အချိန် သူ့ ကျေးဇူးတောင်မှ ကျေးဇူး မဆပ်ချင်သလိုလို, အလကားပါ, ဘယ့်နှယ် ညာ့နှယ် ဟောဒီလို စိတ်ကလဲ ဖြစ်တယ်, နှုတ်ကလဲ ပြောမိတတ်တယ်၊
ဆိုပါတော့ ..မိဘတွေ ကျေးဇူးကို ကိုယ်က ပြန်ပြီး ဆပ်ရမယ့်အချိန်မှာ သွက်သွက်လက်လက် ထက်ထက်မြက်မြက် စိတ်ပါ လက်ပါ မဟုတ်တတ်ဘဲနဲ့ “အို ဒီလောက်ဆို တော်ရော ပေါ့, အို ဒီလိုဆို တော်ရောပေါ့” အဲသလို စသည်အားဖြင့် ကျေးဇူးဆပ်တဲ့ နေရာမှာလေ တွန့်ပြီးတော့ နေပြီဆိုရင် သူတော်ကောင်း ဓာတ်နည်းနည်း ညံ့နေတာ၊ ဆရာသမားနဲ့ စပ်လာလို့ရှိရင် ဆရာ သမားကျေးဇူးတွေ ငါ့မှာ ရှိတယ်၊ အဲဒီ ကျေးဇူးတွေ ငါဆပ်ရမယ် ဆိုရင် ပြန်တွန့်နေတယ်၊ ဆရာ့အလို တယ် မလိုက်ချင်ဘူး၊ ဆရာ့ကို ပြန်ပြီးတော့ ရိုသေလေးမြတ်စွာနဲ့ ကျိုးကျိုးနွံနွံ တယ်ပြီး မနေချင်ဘူး၊ ဒါတွေလေ ကတဝေဒီဆိုတဲ့ ဂုဏ်အင်္ဂါ နည်းနည်းလေး ညံ့ပြီး ဓာတ်ရော့သွားတာ။
အလောင်းတော် ခြင်္သေ့မင်း
''ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည်လည်းကောင်း''၊ -
-ရှေးတုန်းက ဘုန်းကြီးတို့ ဘုရားအလောင်းဟာ ခြင်္သေ့မင်း ဖြစ်တယ်၊ တစ်ခါတော့ တောင် ပေါ်ကနေပြီး တစ်ဟုန်ထိုး ခုန်ပြီး ဖမ်းလိုက်တာ အကောင်ကို မဖမ်းမိဘဲနဲ့ ညွန်ဗွက်ထဲ ကျနစ်ပါရောလား၊ ပြန်ပြီးတော့ ထဖို့ရာ ထောက်စရာ, ကန်စရာ ဘာမှ မရှိတော့ အားကလဲပဲ ဘယ်လောက်ကြိုးစားကြိုးစား ထောက်စရာ မရှိတော့, သူခုန်ပြီးတော့ ရုန်းမထွက်နိုင်ဘူး, ရွှံ့ညွန်ထဲမှာ၊ အဲဒီအခါမှာ မြေခွေး တစ်ကောင်ဟာ မလှမ်းမကမ်း ရောက်လာတော့ ခြေင်္သေ့က လှမ်းခေါ်တယ်၊
“အသင်မြေခွေး လာပါ, လာစမ်းပါ” ဆိုတော့ မြေခွေးက လာရှာတယ်၊ လာလို့ အနားရောက်တော့ “ငါ့ကို ဗိုက်အောက်ကနေပြီး မ-ပေးပါ, မ-ပေးလို့ရှိရင် ငါ့အားနဲ့ ငါ ကြိုးစားပြီးတော့ ရုန်းပါ့ မယ်” ဆိုတော့ မြေခွေးက ကြောက်တယ်တဲ့၊ “အရှင်သခင်ကို ကျွန်တော မ-ပေးရမှာဆိုတော့” “ကိစ္စမရှိပါဘူး, ငါ ကျေးဇူး သိတတ်ပါတယ်” ဆိုတော့ မြေခွေးက နည်းနည်းရဲလာပြီးတော့ အနားကပ်ပြီး ဟို ရွှံ့ကလေးတွေကို ယက်၊ အဲ ယက်ပြီးတော့ အနားကပ်ပြီး သူ့ခေါင်းက ဗိုက်အောက် ၀င်လောက်တဲ့အချိန်မှာ “ကြိုးစားလိုက်စမ်း သခင်” လို့ ဆိုပြီး အားပေးလိုက်တာ၊ ဟိုကလဲ လွှတ်ရုန်းလိုက်တာ တစ်ခါထဲ လွတ်ထွက်လာခဲ့ရော၊ ဟာ ၀မ်း မြောက်ဝမ်းသာဖြစ်၊ ခြင်္သေ့ကလဲ ၀မ်းမြောက်ဝမ်းသာဖြစ်တယ်။
“အသင်မြေခွေး အသာ ဒီနား နေရစ်အုံးဆိုပြီးတော့ သူက တစ်ခါထဲ ဟို သမင်တို့ ဘာတို့ လိုက်ရှာဖမ်းပြီး ယူလာတယ်၊ “စား မိတ်ဆွေ စား”၊ မြေခွေးက နည်းနည်းလေးတော့ ရွံ့တွန့် တွန့်၊ “စား-စား” အမယ်လေး ကျေးဇူးတင်လိုက်တာ, ကျေးဇူး သိတတ်လိုက်တာ “စား-စား” နောက်တော့ “လာ လိုက်ခဲ့, ငါတို့ နေတဲ့ ဂူထဲ လိုက်ခဲ့”ဆိုပြီးတော့ ခေါ်သွား၊ သူလဲ စားတယ်, သူလဲ အားတွေဘာတွေ ရှိ၊ ခေါ်သွားပြီးတော့ “သင့်ရဲ့ကလေး တွေနဲ့ သင့်ရဲ့ မယားခေါ်ခဲ့,  တို့နဲ့ အတူတူနေရအောင်”၊  ဟာ ဒီတော့ ရဲလို့ အတူတူနေ၊ ဟို တောကောင်တွေ ဘာတွေ ဖမ်းမိပြီ ဆိုမှဖြင့် “ဟာ စားကြ၊ မြေခွေးရဲ့ သားမယားပါ စားကြ”၊ ပြီးတော့ သူ့ရဲ့ ကလေးတွေပါ, ခြင်္သေ့ပါ, ခြင်္သေ့မပါ စားကြ၊ ဒီလိုနဲ့ အရေး ပါလိုက်တာ၊ အရေးပါတော့ ခြင်္သေ့မက ကြာတော့  တယ်မကျေ နပ်ချင်ဘူး၊ ဘယ့်နှယ် ငါ့ ခြင်္သေ့ဟာ အရေးပါလွန်းတယ်၊ ဘာလဲ  ညာလဲနဲ့ စိတ်ထဲ မကျေမနပ်နဲ့ တောင်တွေး မြောက်တွေး တွေးရာက ခြင်္သေ့တို့, မြေခွေးတို့ အစာရှာသွားကြပြီဆို အတူတူ သွားကြ၊ သွားကြပြီဆိုရင် သူက ခြင်္သေ့ကလေးတွေကို ပြောတယ်၊ “ဟဲ့ ဟိုမြေခွေး ကလေးတွေကို နင်တို့ တယ် အဖက်မလုပ်နဲ့၊ နည်းနည်းပါးပါး နှိပ်စက်”လို့ အမေက မြှောက်ပေးတယ်၊ ခြင်္သေ့ကလေးတွေက မြေခွေးနဲ့ အရင်က တော်တော်ချစ်တာ၊ အမေက မြှောက်ပေးတာနဲ့ နည်းနည်းကလေး သူတို့က ကျယ်လာတယ်၊ အဲ မြေခွေးမကိုလဲ သူတို့ နည်းနည်း စော်ကားမော်ကား လုပ်လာ ကြတယ်။
ဒီတော့ ပြန်လာတဲ့ အခါကျတော့ သူတို့ တိုင်ကြတယ်ကိုး၊ “ကျုပ်တို့ကို ဒီလိုပဲ နှိပ်စက်တယ် မနေချင်တော့ဘူး, တခြားသွားကြစို့ရဲ့” ဆိုတော့ မြေခွေးက ခြင်္သေ့ကို ပြောတယ်၊ “သခင်... ကြာတော့ မုန်းလာတတ်တယ်၊ ဒီလို ဒီလိုပဲ ကျုပ်တို့ အစာရှာ ထွက်တဲ့အခါကျတော့ ခြင်္သေ့မနဲ့ ကလေးတွေက ကျုပ်ကလေးတွေနဲ့ ကျုပ်ရဲ့ မိန်းမကို နှိပ်စက်သတဲ့” ဆိုတော့ ခြင်္သေ့ကလေ ခြင်္သေ့မကို ပြောတယ်၊ “ရှင်မ ဟို ဘယ်လောက်အချိန်တုန်းက ငါ ဘယ်နှစ်ရက်လောက် ပြန်မလာတာ မင်းမှတ်မိသေးသလား” “မှတ်မိတယ်” အဲဒီတုန်းကလေ ငါ ရွှံ့ညွန်ထဲ ကျွံနေတော့ ဟောဒီ မြေခွေးက ငါ့ကို ဗိုက်အောက်ကနေပြီးတော့ မ-ထုတ်လို့ ငါ အသက်ဘေး ချမ်းသာရာ ရလာတယ်ကွယ်၊ ကျေးဇူးရှင်တွေကို မင်း မနှိပ်စက်ပါနဲ့” လို့ အဲဒီလို ပြောတော့မှ ခြင်္သေ့မလဲ သဘော ပေါက်ပြီးတော့ ချစ်ချစ်ခင်ခင် ပြန်ပြီးတော့ နေကြတယ်၊ သားစဉ် မြေးဆက် ခုနစ်ဆက်လုံးလုံး အချစ်မပျက်ကြဘူးတဲ့။
''ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘ၀နောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်။
ဓာတ်ခံကောင်းတာမှ တန်ဖိုးရှိ
ကြည့်စမ်း - အလောင်းတော် ခြင်္သေ့မင်းဟာ ဓာတ်ခံရလာလို့ ကျေးဇူးသိ တတ်လိုက်တာ၊ သိတာမှ အို တစ်ခါ ထဲ တကတဲ အစာတွေ ကျွေးမွေးလိုက်၊ ဒီလိုတင် မဟုတ်ဘူး၊ ဟို အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နေ၊ နောက် သားစဉ်မြေးဆက် ချစ်ချစ်ခင်ခင် နေရစ်ဖို့ရန် ပြောပြ၊ အဲဒီလို ဓာတ်ခံကောင်းတာတွေ ဘုန်းကြီးက အားရတာ, အားရတာ၊ ဒီဓာတ်ခံကောင်းတာတွေ ဘုန်ကြီးက အားရတာ, အားရတာ၊ ဒီဓာတ်ခံက မပျက်ဘူး၊ ဒီကောင်းတဲ့ ဓာတ်ခံက မပျက်ဘူး၊ ခဏပန်းကလေး ပစ္စည်းဥစ္စာ ပေါလို့, ခဏပန်းကလေး အမျိုးအဆွေ တင့်တယ်လို့, ခဏပန်း ကလေး ရုပ်အဆင်းလှလို့ ဒါ အသုံးမကျပါဘူး၊ မကြာခင် ဒီဘ၀ကလေး ကျော်လွန်ပြီး ဟိုတစ်ကန့် ရောက်သွားကြတာပဲ၊ ဒါဟာ ဘာမှ အားမကိုးလောက်ဘူး, ဘာမှလဲ အထင်မကြီးလောက်ဘူး, ဘာမှလဲ ဒီလိုပုဂ္ဂိုလ်မျိုးကို ကိုယ်က အရေးကြီးတယ်လို့ မယူလောက်ဘူး၊ အမှန်ကတော့ အဲဒီ ဓာတ်ခံကလေး ဘုန်းကြီးက သဘောကျတယ်ကိုး။
ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့် အဲဒီဓာတ်ခံက ဘ၀ထဲ ပျောက်ပျောက် မသွားတာ ဘုန်းကြီးက ကြိုက်လွန်းလို့ ကြည့်စမ်းလေ၊ ဘုရားရှင်ကိုယ်တော်မြတ်က “သဗ္ဗညုတဉာဏ် ရပါလို၏” လို့  ဆုတောင်းလာတာ  ဓာတ်ခံမပျက်လို့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တဲ့အခါကျတော့ ဘုရားဖြစ် လာတယ်၊ အရှင်သာရိပုတ္တရာက “ဉာဏ်ပညာ ကြီးရပါလို့ရဲ့”လို့ ဆုတောင်းပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုလာ၊ ဘ၀တိုင်း ဉာဏ်ပညာကြီးချင်တယ်, ကြီးချင်တယ်ဆိုတဲ့ ဓာတ်ခံပါလာ၊ ဒီတော့ အရှင်သာရိပုတ္တရာက တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တော့ ဟော ဧတဒဂ်ရ ပညာရှင်ကြီးဖြစ်ပြီးတော့ လာခဲ့ရ၊ ဘုန်းကြီးက ဒါပဲ သဘောကျတယ်။
ခဏပန်း ပစ္စည်းဥစ္စာပေါတာလဲ တော်ပါတယ်လေ၊ ဒါက ခဏ ပန်း ပေါသလား ဘာလားတော့ မသိဘူးပေါ့၊ ခဏပန်း အမျိုးအဆွေမြတ်တာလဲ ဒါလဲ တစ်ကန့်ပဲ၊ ဘာကြာတာ လိုက်လို့၊ ခဏပန်း ရုပ်အဆင်းလှတာလဲ အို ဒါလဲ တစ်ကန့်ပဲ၊ ဘာကြာတာ လိုက်လို့၊ အမှန်တန်ဖိုးရှိတာက သူ့ရဲ့ဓာတ်ခံကလေး ကောင်းနေတာလေးပဲ၊ အဲဒါဟာဖြင့် တစ်ဘ၀လဲ မက, နှစ်ဘ၀လဲ မက, ပရိနိဗ္ဗာန်စံတဲ့ ဘ၀တိုင်အောင် ဒီဓာတ်ခံကောင်းကလေးက လိုက် သွားမှာ ဖြစ်တော့ အဲဒါ ဘုန်းကြီးက တယ်ကျေနပ်တယ်, တယ် ၀မ်းသာအားရဖြစ်တယ်၊ ဒီသူ့အပေါ်မှာတော့ တယ်သဘောကျတယ်၊ အဲဒီ ဓာတ်ခံကောင်းတယ်, မကောင်းဘူး, ဘ၀သံသရာ လိုက်မယ် မလိုက်ဘူးဆိုတဲ့ ဒီအင်္ဂါတွေ ရှောက်ကြည့်ပါ၊ သူများ ကျေးဇူးကို သိတတ်သလား၊ သူများကျေးဇူးကို ဆပ်ရမယ့် အချိန်ကျတော့ ရှောရှောရှူရှူ ဆပ်ရဲ့လား, အဲဒါတွေ ကြည့်ပါ။
တတိယသူတော်ကောင်း ဂုဏ်အင်္ဂါ
“ကတညူ - သူတစ်ပါးတို့,  ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိသရွေ့, သိလေ့ရှိသည်လည်းကောင်း၊ ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည်လည်းကောင်း၊ ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ,
မိတ်ကောင်းရှိသည် လည်းကောင်း”
လောက ပေါင်းသင်းဆက်ဆံကြပေမယ်လို့ ဓာတ်တူချင်းမှသာ ပေါင်းလို့ ကောင်းတာ၊ လူကောင်း လူကောင်းချင်း ပေါင်းလို့ တယ်ကောင်း၊  လူမကောင်း,  လူ မကောင်းချင်း ပေါင်းပြန်တော့လဲ တစ်ခါတစ်ခါ တယ်ကောင်းတယ်၊ တစ်ခါတစ်ခါတော့ မကောင်းသည်အားလျော်စွာ တယ်ကြောက်စရာ ကောင်း၊ လူကောင်း လူကောင်းချင်း သူတော်ကောင်း သူတော်ကောင်းချင်း, “သူတော်ချင်းချင်း, သတင်းလွေ့ လွေ့” ဆိုတာလို, တယ် ပေါင်းလို့ သင်းလို့ ပြောလို့
ဆိုလို့ ကောင်း တယ်။
“ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်”-- ဒါ ကံကောင်းမှ ရတာ၊ ဓာတ်ခံကောင်းတဲ့သူတွေ ကံကောင်းလာတဲ့ လူတွေမှ အမေကောင်း အဖေကောင်းနှင့် တွေ့တာ၊ ဓာတ် ခံကောင်းလာတဲ့, ကံကောင်းလာတဲ့ သူမှ ဆရာကောင်းနဲ့ တွေ့တာ, သမားကောင်းနဲ့ တွေ့တာ။
“ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည် လည်းကောင်း”။
အပေါင်းကလဲ တယ်ကောင်း၊ နို့ တကတဲ ကြည့်ရှုမယ့်သူနဲ့ မ, စမယ့်သူနဲ့ လမ်းကောင်းညွှန်ပြမယ့်သူနဲ့  အားပေးမယ့်သူနဲ့ တယ်ကောင်း၊ ဆရာသမားတွေ ကြည့်လိုက်တော့လဲ ပညာသင်ချိန် ပညာသင်ပေးတဲ့ ဆရာက ကောင်း၊ အမိအဖတွေ ကြည့်လိုက်တော့လဲ အမိအဖတွေက သိက္ခာရှိရှိနဲ့, အမိအဖတွေက အားကိုး စရာ ကောင်းလိုက်တာ, ပစ္စည်းဥစ္စာနဲ့, သိက္ခာနဲ့, ပြောဆိုဆုံးမလို့၊ အဲဒါကိုက ရှေးကံ ကောင်းမှ, ဓာတ်ခံကောင်းမှ အကောင်းတွေ့တာ၊ ဒါ့ကြောင့် ဆွေကောင်း မျိုးကောင်းတွေ တွေ့ကြလို့ရှိရင် ၀မ်းသာစရာ၊ “သြော် ငါ့ဘ၀ ဟိုဘက်အကန့်တွေက ငါ မညံ့ခဲ့လို့ ဒီအကန့်မှာ မိကောင်း ဖကောင်းနဲ့ တွေ့ရတယ်, ဆရာကောင်း သမားကောင်းနဲ့ တွေ့ရတယ်, ၀မ်းသာစရာ၊ ဟိုဘက် အကန့်တွေက ငါ မညံ့ခဲ့လို့ ဒီအကန့် ဆရာကောင်း သမားကောင်းနဲ့ တွေ့ရ, သူတော်ကောင်း အပေါင်းအဖော်တွေနဲ့ တွေ့ပြန်လဲ ၀မ်းသာစရာ”။
“ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည်လည်းကောင်း”-- ဒါ ဂုဏ်အင်္ဂါ တစ်ခု, ဓာတ်ခံကောင်းတဲ့ သူတော်ကောင်းရဲ့ လက္ခဏာတစ်ခု။
 စတုတ္ထသူတော်ကောင်း ဂုဏ်အင်္ဂါ
“ဒဠှဘတ္တိ- ထိုမိတ်ကောင်းလည်း, အသည်းစွဲမျှ,  အမြဲမပြတ်, ဆည်းကပ်လေ့ ရှိသည်လည်းကောင်း ” --မိတ်ကောင်း ဆွေကောင်းနဲ့ တွေ့ပါရဲ့၊ ပေါ့ပေါ့ဆဆ, ဒီလိုဆိုရင် ဒီဂုဏ်အင်္ဂါ ညံ့တာပဲ၊ ဆရာကောင်း, မိကောင်းဖကောင်းနဲ့ တွေ့ ပါရဲ့ ပေါ့ပေါ့ဆဆ၊ ဘာမှ မိကောင်းဖကောင်းမှန်း မသိဘူး, ဘာမှ အဖော်အပေါင်းကောင်းမှန်း မသိဘူး၊ အဲဒီလို မသိတော့ သူ ခွာပြီးတော့ တော်တဲ့နေရာ သွား, တော်သလိုနေ, ပြောတာ နားမထောင်၊ အဲဒီလို ဆိုလို့ရှိရင်လဲ သူဟာ သူတော်ကောင်းလက္ခဏာ ပျက်တယ်၊ သူတော်ကောင်းဆိုတဲ့ ဥစ္စာ မိကောင်းဖကောင်း ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းတွေကို ခိုင်ခိုင် မြဲမြဲ မကွဲမကွာ ဆက်ဆံရတယ်။
ပဉ္စမသူတော်ကောင်း ဂုဏ်အင်္ဂါ
“ ဒဠှဘတ္တိ -  ထိုမိတ်ကောင်းလဲ , အသည်းစွဲမျှ, အမြဲမပြတ်, ဆည်းကပ်လေ့ရှိသည်၊ ဟုတွာ-ဖြစ်၍၊ ဒုက္ခိတဿ မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက်မဲ့မူ, ဆင်းရဲ သူ၏၊ '' -
ကိုယ့်မျက်စိအောက်, ဒုက္ခရောက်နေ, ဘယ်လို လုပ်မလဲ၊
“ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေး၍, လုပ်ကျွေးသမှု, ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ, သနားညှာ၍, များစွာပုံသေ, ပြုတတ်ပေ၏”။--
ဒါက အရေးကြီး၊ ဒါလေးက ဓာတ်ခံကောင်းတယ်, မကောင်း တယ်ဆိုတဲ့ ဥစ္စာ အရေးကြီးတယ်၊ ဓာတ်ခံ ဘယ်လောက် ကောင်းတယ်, မကောင်းတယ်ဆိုတာလဲ အရေးကြီးတယ်။
''ဒုက္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက် မဲ့မူ, ဆင်းရဲသူ၏-''တဲ့။
ကိုယ့်မျက်စိအောက် ဒုက္ခရောက်နေရင် ချက်ချင်းကူ, ချက် ချင်း ပြုစု, ချက်ချင်း ကူညီပါ၊ ဒီတော့ ဒီကိစ္စလေးဟာလေ တယ်ပြီးတော့ ကျယ်ဝန်းတယ်၊ ဥပမာ-ခရီးသွားတယ်၊ တစ်ယောက် ဒုက္ခရောက်နေ, ကိုယ်က ချမ်းချမ်းသာသာ သွားဆိုပါတော့၊ လှည်း ပေါ့နဲ့ တောရွာမှာ သွား၊ တစ်ယောက်က လှည့်းမရှိဘူး, ခြေလျင် သွားတယ်၊ လှည်းကလဲ နွားများလဲ နည်းနည်း ပေါ့ပါသေးရဲ့၊ နွားဘက်လဲ ကြည့်လိုက်ရမယ်၊ ဟို ခြေလျင်သွားတဲ့ လူလဲ ကြည့်လိုက်ရမယ်၊ သူ့တင်တဲ့အတွက် နွားတွေ မနည်းရုန်းနေရမှာဖြင့်လဲ နွားတွေ မသနားရာ ကျမယ်၊ တစ်ခါ နွားက ပေါပေါ့ပါးပါး ရှိရက်သားနဲ့ သူ့ကို “လာပါ လာပါဗျာ, လှည်းပေါ်မှာ” ဒီလို မခေါ်ပြန်လို့ရှိရင်လဲ သူ့ကို မစောင့်ရှောက်ရာ ကျမယ်၊ တစ်ခါ ဘုမသိ ဘမသိနဲ့ ဒီလူ့ ခေါ်မိလို့မို့ တကတဲ လှည်းပေါ်ကျမှ ဓားပြတိုက် သွားရင်လဲပဲ အခက်၊ ဒီလို စဉ်းစားစရာက ရှိတယ်။
''ဒုက်္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက် မဲ့မူ, ဆင်းရဲသူ၏””။--
ဒီတော့ တယ် နယ်ကျယ်တယ်၊ မီးရထားပေါ်မှာ အများစီးတဲ့ တွဲပေါ်မှာ စီး၊ ကိုယ်က နေရာလေး ကောင်းကောင်းရ၊ ကိုယ့် နေရာလေး နည်းနည်းလေးများ ကျယ်နေတဲ့အခါ နည်းနည်းလေး ကျုံ့ မပေးချင်ဘူး၊
ဒါ သူတော်ကောင်းလက္ခဏာ သိပ်ပျက်တာပဲ၊
ဟာ ကိုယ့်နေရာလေး နည်းနည်းလေး ရှိပါသေးရဲ့၊ ဟိုလူတွေ သိပ်ကြပ်၊ “နည်းနည်း ဒီတိုးပါဗျာ၊ ဒီလာတာပေါ့ဗျာ၊ ဟော ဒီနား နည်းနည်းလေးတော့ ရပါသေးရဲ့”၊ ဟော ဒီလိုဆိုတော့ သူတော် ကောင်းလက္ခဏာ ဖြစ်သွားပြန်ရော။
တစ်ခါ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်အိမ် အနီးအပါးမှာ ဘယ်သူဖြင့် သိပ်ဆင်းရဲတယ်၊ အဖိုးကြီး အဖွားကြီး ဖြစ်နေတယ်၊ ဆင်းရဲတယ်၊ ကိုယ်ကလဲ နည်းနည်း ပေးနိုင်ကမ်းနိုင်တယ်၊ ဟော နည်းနည်းပါးပါး ပေးကမ်းလို့, ထောက်ပံ့လို့, ဒီလိုဆိုတော့ သူ တော်ကောင်းလက္ခဏာ ရှိပြန်ရော၊ ကိုယ့်က ပေးနိုင်ကမ်းနိုင်တော့ အရှိသားပဲ၊ ဘာမှ ပေးခြင်းကမ်းခြင်း မရှိဘူးဆိုတော့ ဟော သူတော်ကောင်းလက္ခဏာ ပျက်သွားပြန်ရော၊ မရှိဆင်းရဲတဲ့ သူကပါလာ၊ အဲ သူမကျန်းမမာ ရောဂါတွေ ဖြစ်နေ၊ ကိုယ့်ဆေးဝါးလဲ အရှိသားနဲ့, တတ်လဲတတ်နိုင်သားနဲ့ အဲဒါ မကုဘူးဆိုပြန်ရင် သူ တော်ကောင်းလက္ခဏာ ပျက်သွားပြန်ရော၊ တစ်ခါ မရှိဆင်းရဲတဲ့ သူတဲ့, ဆေးဝါး သူ့ခမျာ မစားရလို့တဲ့, အို ဒီလိုဆိုရင် ကိုယ့် ဆေးဝါး ရှိသားပဲဆိုပြီးတော့ ပြုစုလို့, ဆေးဝါးပေးလို့, ဟောသလို ဆိုတော့ သူတော်ကောင်းလက္ခဏာ ဖြစ်သွားပြန်ရော။
 ဆင်းရဲသူကို ငဲ့ညှာရင် မြန်မာပြည်
ဒီအခြေ မရောက်
 ဒုက္ခိတဿ - မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက်မဲ့မူ, ဆင်း ရဲသူ၏၊''-- ထောက်ပံ့မည့်သူက မရှိ ဘူး၊ ဆင်းလဲ ဆင်းရဲတယ်, ထောက်ပံ့မည့်သူက မရှိဘူး၊ အဲဒီလို  ဆိုရင် ကိုယ်က ၀င်ပြီးတော့ ကူညီနိုင်သမျှ ကူညီရတယ်၊ ဘုန်းကြီး ကလေ ဒီတရား စဉ်းစားရင်း စဉ်းစားရင်း တို့ မြန်မာနိုင်ငံဟာလေ ဒီအသွားနဲ့ သွားလိုက်လို့ရှိရင်ဖြင့် မြန်မာနိုင်ငံ အေးချမ်းသာယာဖို့ အများကြီး လမ်းရှိတယ်၊ ယခု ဒီအသွားနဲ့ မသွားဘဲ အသွားတစ်မျိုး သွားနေလို့ မြန်မာနိုင်ငံဟာ ယခုအခြေအနေ ဖြစ်ရတယ်။
ဆိုပါတော့ပေါ့ မိမိတို့က ပြည့်စုံနေတဲ့ လယ်ပိုင်ရှင်တွေ ဆို ကြပါစို့၊ လယ်သမားတွေ ဆင်းရဲနေတယ်၊ ဒီသူတော်ကောင်း လက္ခဏာနဲ့ ကြည့်တော့ ဘာပြဿနာ ပေါ်လာမလဲ, ဘယ်အဖြေ ပေါ်လာမလဲ, သူတော်ကောင်းလက္ခဏာနဲ့ ကြည့်တော့ ကိုင်း-သူတို့တော့ ဘယ်တော့မှ နလံထူမှာ မဟုတ်ဘူး၊ ဒီတော့ ကိုယ်တို့က သူတို့အပေါ် တစ်သီးစားခတွေကို လျှော့ပြီးတော့ ယူမယ်၊
ဟောဒီလို ဆိုတော့လေ-
''ဒုက္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက် မဲ့မူ, ဆင်းရဲသူ၏၊ ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေး၍, လုပ်ကျွေးသမှု, ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ, သနားညှာလျက်, များစွာပုံသေ, ပြုတတ်ပေ၏။''--
ဒီလိုများ ဖြေရှင်းလိုက်လို့ရှိရင်လေ ဘယ်လယ်မြေတွေမှ, ဘယ်သူမှ မသိမ်းနိုင်ဘူး၊ တစ်ခါထဲ သူပိုင် သူ့လယ်မြေအဖြစ်နဲ့ ဆင်းရဲသားတွေလေ ''မင်းတို့ ဒီသီးစားခတွေ တို့ လျှော့ယူမယ်၊ ဟော ဒါလောက်, ဒါလောက် ယူလိုက်လို့ရှိရင် မင်းတို့ စပါး ဘယ် လောက် ကျန်မယ်၊ ဒီလိုဆိုရင် မင်းတို့ ၀မ်းစာရမယ်၊'' ဒီလိုများ ချိန်ပြီးတော့များ, နှိုင်းယှဉ်ပြီးတော့များ လုပ်ရလို့ရှိရင်၊ ဘုန်းကြီးက ဒီတရား စဉ်းစားရင်း နိုင်ငံရေး သွားပြီးတော့ သဘောပေါက်တယ်၊ ဒီခဲခဲယဉ်းယဉ်း ပြဿနာတွေ ဘာမှ မဖြစ်ဘူး၊ ရှေးတုန်းက ဒီ နည်းပဲ၊ ရှေးတုန်းကဆိုတာ ဘုန်းကြီးတို့ ဘိုးဘေးလောက်ဆိုရင် ဒီနည်းပဲ၊ “ဟာ ဒီနှစ် စပါးအရ နည်းမယ်၊ ဦးကို စပါး ဒီလောက် မပေးပါနဲ့၊ မင်းတို့ ၀မ်းစာချန်ထားကြ” အဲသလို စောင့်ရှောက်လိုက်တော့ ဦးဆိုတဲ့ သူမှာလဲပဲ အခြေအနေ လျော့မသွားဘူး၊ ဟိုသူတွေမှာလဲပဲ ကြွေးမြီ မတင်ဘူး၊ ၀မ်းစာ ပြည့်စုံလို့၊ တစ်ခါ ဟိုလူတွေကလဲပဲ “တို့ ကျေးဇူးရှင်ကြီး, အမလေး ကျောင်းဒကာကြီးက တို့ ကျေးဇူးရှင်”၊ အောင်မယ် သူကလည်း “ကတညုတ ကတဝေဒီ” ဖြစ်ပြီးသကာလ သူတော်ကောင်းလေး ဖြစ်လို့။
“ကျေးဇူးရှင်ဆီ သွားပါအေ၊ သူတို့အိမ်များ တမင်သွားပြီး အကူအညီပေးပါဟဲ့ ရှင်မရဲ့၊ တို့ ၀မ်းစာလေး ကျောင်းဒကာက လယ်ခလေးတွေ လျှော့ယူလို့ ၀မ်းစာလုံလောက်တယ်၊ တို့ နွား လေး, ကျွဲလေးလဲ တို့ ဘာမှ မရောင်းရဘူး၊ ဟေ့ ကောင်းလိုက်တာ၊ သွားဟေ့ ဟို လုပ်စရာရှိလို့ရှိရင် သွားသွားလုပ်ပေးနော်၊ ဟို ကျောင်းအမက, ဘာမှ အခိုင်းစောင့်မနေနဲ့, မင်း သွားပြီး ကြည့်လုပ်ပေးနော်၊'' ကတညုတ ကတဝေဒီ တစ်ဖက်က ဖြစ်လို့၊ တစ်ဖက်က ဆင်းရဲသူတွေကို ညှာတာလို့ အကုန်လုံး အကုန်လုံး၊ ဘယ်လယ်မြေ, ဘယ်ယာမှ သိမ်းစရာ မလိုဘူး၊ ဘယ်ပြည်သူပိုင်မှ လုပ်စရာ မရှိဘူး၊ ဒီသူတော်ကောင်း အသွားနဲ့ သွားလိုက်လို့ ရှိရင်ဖြင့် တို နိုင်ငံရေးပြဿနာဟာ သိပ်ရှင်းတာပဲလို့ ဘုန်းကြီး တွေးမိတယ်၊ ဒီလိုသာ သွားနေတာပဲ ဟို တုန်းက၊ ဟို လွန်ခဲ့တဲ့ ဘုန်းကြီးတို့ ဘိုး ဘေး ဘီ ဘင် အဲသလို အချိန်တုန်းက ဒီလို သွားနေတာပဲ၊ ဘာမှ ရှုပ်ရှုပ်ထွေးထွေး ပြဿနာ မရှိဘူး။
 လှူလှူဆိုတိုင်း မကောင်း
တကတဲ ဆရာသမားက ဆရာသမားအနေနဲ့ ဥစ္စာရှင်က ဥစ္စာရှင် အနေနဲ့, ဥစ္စာမရှိတဲ့ လူကလဲ မှီခိုအားထားပြီးတော့ နေရလေသည့်အတွက် ကျေနပ်လို့၊ ဒီတော့ ဘုန်းကြီးက ဒီအထဲ ပြဿနာတစ်ခု ၀င်လာတာ စဉ်းစားမိတယ်၊ “တို့ ဘုန်းကြီးတွေက ဆင်းရဲ သားတွေ, အလုပ်သမားတွေ, လယ်သမားတွေ လှူလှူ လှူလှူ ဆိုတာ တို့ မတရားဘူး”၊ ဟဲဟဲ...ဘုန်းကြီးက ဒီပြဿနာ ဘုန်းကြီးထဲ ရောက်လာတယ်၊ ဘာလဲ “လှူလှူ” ဘယ်တော့မှ ဒီ လှူလှူ လှူလှူဆိုပြီးတော့ သားတစ်ယောက် ရှင်ပြုလိုက်တယ်ဆို လို့ရှိရင် မဏ္ဍပ်ကနားကြီးက ဘယ်လောက်, ကျွေးရမွေးရတာက ဘယ်လောက်, ဘုန်းကြီးတွေ လှူရတာက ဘယ်လောက်ဆိုပြီး စားရင်း ချလိုက်တာ တစ်ခါထဲ ကြွေးတင် ကျန်ရစ်ခဲ့တာပဲ၊ ဒီတော့ တို့ ဘုန်းကြီးတွေကလဲ ဒီပြဿနာထဲ ၀င်ရှင်းစရာ လိုတယ်၊ လှူလှူ မဟုတ်ရဘူး၊ သူတို့ ဆင်းရဲတယ်၊ တို့ ရွာသူရွာသားတွေ ဆင်းရဲ တယ်၊ ဒီတော့ ဆွမ်းကလေး ရရင်တော်ပြီ၊ ကျောင်းကြီးကန်ကြီး တွေ ဆောက်ဖို့ မလိုပါဘူး၊ တို့ ထန်းရွက်တဲနဲ့ လဲနေလို့ ဖြစ်တာပဲ၊ သက်ကယ်ကျောင်းနဲ့လဲ နေလို့ဖြစ်တာပဲ၊ ၀ါးကပ်ကျောင်းနဲ့လဲ နေလို့ဖြစ်တာပဲ၊ ရပ်သူရွာသားတွေ ငွေ ချမ်းချမ်းသာသာနဲ့, ၀မ်းစာ စပါးတွေ ပြည့်ပြည့်စုံစုံနဲ့ နွားနဲ့၊ ဒီလို နေနိုင်ဖို့ အရေးကြီးတယ်၊ ဒီလိုနေနိုင်လို့ ပိုလျှံတော့ လှူကြပေါ့။
 ထမင်းဦးလေး ခူးလောင်းရုံနဲ့ မမွဲ
တစ်ခါတုန်းက ဝေသာလီပြည်နယ်မှာ
ငတ် မွတ်ခေါင်းပါပြီးနေတုန်း မြတ်စွာဘုရားက ဒေသစာရီ ကြွတော်မူလာ၊ တိတ္ထိတွေက အခွင့်ရပြီဆိုပြီးတော့ “ရှင်ဂေါတမဟာ ဆင်းရဲသူ ဆင်းရဲသားကို သနားတယ် ဆိုသေးရဲ့၊ ယခု အစာရေစာ ငတ်မွတ်ခေါင်းပါး ရှားပါးနေတဲ့အခါ သံဃာငါးရာနဲ့ လျှောက်ပြီးတော့ လယ်ပြီး ဆင်းရဲသူ ဆင်းရဲသားတွေရဲ့ ချွေးနဲစာတွေကို စားတယ်၊ ဘယ်မှာ  သနားကရုဏာ, မေတ္တာကရုဏာ ကြီးမလဲ” လို့ ဘုရားကို စွပ်စွဲကြတော့ ဘုရားရှင်ကိုယ်တော်မြတ်က “ငါဘုရား ကမ္ဘာပေါင်းများစွာ ပြန်ပြီးတော့ ကြည့်တဲ့အခါမှာ စားဦးစားဖျား ချက်ထားတဲ့ ထမင်းထဲက စားဦးစားဖျား လှူလို့ မွဲသွားတာ တစ်ယောက်မျှ မတွေ့ဘူး” တဲ့၊ ဘုန်းကြီးက သဘောကျလိုက်တာလေ၊ ရပ်သူ ရွာသားတွေကလေ ချက်ထားတဲ့ ထမင်းသားထဲက ထမင်းဦးပေါင်းသားလေး ခူးပြီးတော့ သံဃာတော်တွေ လောင်းလို့တော့ တစ်ယောက် မှ မမွဲပါဘူး၊  
အဲ ဟုတ်ကဲ့၊ ကိုယ်နဲ့ မတန်ဘဲနဲ့ အလှူကြီးပေး,  သားကြီးရှင်ပြု, ကျောင်းကြီးဆောက်ဆိုရင်တော့ မွဲမှာပဲ၊ ကျန်တဲ့ လူက ဒါလောက်မက အလုပ်လုပ်နေရင်တော့ မမွဲပါဘူး၊ ဒါ့ ကြောင့် ဒီပြဿနာဟာလေ သူတ်ာကောင်းလက္ခဏာနဲ့ ရှင်းလို့ ရှိရင် တို့ မြန်မာနိုင်ငံဟာ အတော်ကြီး ရှင်းနိုင်စရာ ရှိရက်သားနဲ့၊ အခုလို မရှင်းလို့မို့ ပြဿနာတွေ ဖြစ်ပြီးတော့ “ဘာကို ပြည်သူပိုင် လုပ်မယ်, လယ်မြေတွေ သိမ်းမယ်, ဘယ်စက်ရုံကြီးကို အစိုးရပိုင် လုပ်မယ်” စသည်ဖြင့် အဲသလို ပြဿနာတွေ ရှုပ်ထွေးကုန်တာပဲ၊ ယခု သူတော်ကောင်းလက္ခဏာနဲ့ ဆိုရင် -
''ဒုက်္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက် သဖြင့်, ပံ့ထောက် မဲ့မူ, ဆင်းရဲသူ၏၊ ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေးလျက်, လုပ်ကျွေးသမှု, ကိစ္စစုကို၊ ကရောတိ-ပြု၏'' ။
ကြီးပွားရေးအတွက် တရားတော်က ဖြေရှင်းပေးနိုင်
အဲဒီလိုသာ ပြုစုပေးလို့ရှိရင် အထက်လူက  ညှာတာ, အောက်လူတွေက ကတညုတ ကတဝေဒီကျေးဇူး သိ, နှစ်ဖက်စလုံးလဲ  ဖြစ်မှနော်၊  ဒီလို ဆိုရင် သူတော်ကောင်းနိုင်ငံကြီးဖြစ်ပြီ၊ ဒီနိုင်ငံကြီးဟာ သာယာ ၀ပြောဖို့ရာ  အင်မတန်မှ လွယ်ကူတယ်၊ အဲဒီတော့ကာ ဘုန်းကြီးတော့ နိုင်ငံကြီးကို အသာထားပြီးတော့ ကိုယ်ရေးကိုယ်တာနဲ့ ကြည့်လို့ရှိရင် ဒီလမ်း မသွားလို့ မဖြစ်ဖူးဆိုပါတော့ ဆရာသမား လုပ်ပြီးတော့ ရဟန်းသံဃာ ဆရာတော်ကြီး သမားတော်ကြီးက တကတဲ ဟင်းတွေ ဘာတွေ ကောင်းကောင်းမွန်မွန်နဲ့ နေရာထိုင် ခင်းတွေ ကောင်းကောင်းမွန်မွန်နဲ့ နေလို့, တပည့်တပန်း ပရိသတ်တွေ ကျတော့ ဆင်းဆင်းရဲရဲနဲ့ နေတာ ကြည့်လို့၊  သူတို့ ဆင်းရဲတာတွေ ဂရုမစိုက်လို့၊ ဒီလိုဆိုရင် ဒီပြဿနာဟာ ရှုပ်ထွေး နေမှာပဲ၊  တပည့်တပန်းကလဲ  ဆရားသမားကို မရိုသေနိုင်ဘူး၊ ကတညုတ ကတဝေဒီ မဖြစ်နိုင်ဘူး၊
ဆရာသမားတွေကလဲ မေတ္တာကရုဏာနဲ့ ဒုက္ခရောက်နေတာကို မကူညီနိုင်ဘူး, ဒီလို ဆိုရင် ဒီပြဿနာဟာ ကျယ်ပြီးတော့ သူတော်ကောင်းလက္ခဏာ ပျက်မှာပဲ၊ ဆရာမှာလဲ ပျက်, တပည့်မှာလဲ ပျက်ပြီးတော့ ဒီလက္ခဏာ ဟာ အပျက်လောကကြီး ဖြစ်မှာပဲ၊ ဒါ့ကြောင့် မြတ်စွာဘုရားရဲ့ တရားတော်ဟာလေ လောကီကြီးပွားရေးမှာလဲ ဖြေရှင်းလို့ရတယ်၊ သံသရာကြီးပွားရေးမှာလဲ ဖြေရှင်းလို့ ရတယ်၊ ဒါ့ကြောင့် ဒီတရား ကို သူတော်ကောင်း လက္ခဏာနဲ့ ကြည့်ပြီးတော့ ဒီသူတော်ကောင်း ဖြစ်အောင်ဟာ ဘယ်သူဖြစ်ဖြစ် ကြိုးစားထိုက်တယ်လို့ -
''ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘ၀နောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင် သည်၊ ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်, ကတညူ-သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိ သရွေ့, သိလေ့ရှိသည်လည်းကောင်း၊ ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည်လည်း ကောင်း၊ ဟုတွာ-ဖြစ်၍၊ ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည်လည်း ကောင်း'' ။
မိတ်ကောင်း ဆွေကောင်းဆိုတာ တစ်ခါတစ်ခါ သိပ်အဆင့် အတန်း မြင့်ပြီးတော့ တက်သွားတာပဲ၊ ဆိုပါတော့ လူတစ်ယောက်က နည်းနည်းဆင်းရဲတယ်၊ ပစ္စည်းရှိတဲ့လူက ကြည့်ရှုစောင့်ရှောက် မ-စလိုက်တယ်ဆိုရင် တစ်ခါထဲ တက်သွားတာပဲ၊ လူတစ်ယောက်ဟာ စားရေးသောက်ရေးမှာ အင်မတန် ခဲယဉ်းနေတယ်၊ တစ် ယောက်ကနေပြီးတော့ကာ အရင်းအနှီး ထုတ်ပေးတယ်၊ တစ်ခါ ထဲ တက်သွားတာ, ပြည့်စုံသွားတာပဲ။
 အရှင်အာနန္ဒာ စဉ်းစားချက်
“ကလျာဏမိတ္တော- မိကောင်း,  ဖကောင်း, ဆရာကောင်းနှင့်,  ဖော်ပေါင်းအတိ,   မိတ် ကောင်းရှိသည် လည်းကောင်း”--  တစ်ခါတုန်း က အရှင်အာနန္ဒာ စဉ်းစားတယ်၊ မြတ်စွာဘုရားကို ကျေးဇူးတင်လွန်းလို့, “သြော် မိတ်ကောင်း ဆွေကောင်း အဖော်ကောင်းဆိုတာ သိပ်အရေးကြီးတာပဲ၊ ဒီသူတော်ကောင်းကျင့်တဲ့ အကျင့်နေ ရာမှာပဲ ဒီမဂ်ဖိုလ်နိဗ္ဗာန်ရဖို့ ကျင့်တဲ့နေရာမှာ ဒီသူတော်ကောင်း ဖြစ်တဲ့ မြတ်စွာဘုရားကြောင့် တစ်ဝက်တော့ ပြီးစီးသွားတာပဲ၊ တစ်ဝက်သာ ကိုယ်က ကြိုးစားဖို့ လိုတော့တယ်၊ တစ်ဝက်ကတော့ မြတ်စွာဘုရားရဲ့ အညွှန်အပြနဲ့ပဲ ပြီးသွားတာပဲ၊ သိပ်ကျေးဇူး တင်စရာ ကောင်းတာပဲ၊ မိတ်ကောင်း ဆွေကောင်းများ တယ် ကျေးဇူးတင်စရာ ကောင်းတယ်”လို့ အရှင်အာနန္ဒာက စဉ်းစားပြီးတော့ ဟုတ်လှပြီ, ငါ့စဉ်းစားချက်ဟာ မှန်လှပြီဆိုပြီးတော့ မြတ်စွာဘုရား သွားလျှောက်တယ်ကိုး၊
“မြတ်စွာဘုရား - သူတော်ကောင်းအကျင့် ဒီဗြဟ္မစရိယအကျင့်ဟာ ဒီကလျာဏမိတ္တအတွက် မိတ်ကောင်း ဆွေကောင်းအတွက် တစ်ဝက်တော့ ပြီးသွားတာပဲဘုရား” လို့ လျှောက်တော့
“အာနန္ဒာ ဒီလိုမပြောနဲ့, ဒီလို မယူဆနဲ့ ကလျာဏမိတ္တအတွက် ကောင်းသောအကျင့် ကျင့်တဲ့နေရာမှာ အကုန်လုံး ပြီးတယ်၊ တစ်ဝက် မဟုတ်ဘူး၊ အာနန္ဒာ- စဉ်းစားစမ်း၊ ငါဘုရား တည်းဟူသော ကလျာဏမိတ္တ မိတ်ကောင်း ဆွေကောင်းနဲ့ တွေ့ ကြရလို့ တစ်သံသရာလုံး တစ်အိုထည်း အိုနေမယ့် သတ္တ၀ါအများ ကြီးဟာ အိုခြင်းဒုက္ခမှ လွတ်ကြရတယ် မဟုတ်လား၊ ငါဘုရား တည်းဟူသော ကလျာဏမိတ္တနဲ့ တွေ့ကြရလို့ တစ်သံသရာလုံး တစ်နာထဲ နာ, တစ်သေထဲ သေနေကြရမယ့် သတ္တ၀ါတွေ နာခြင်း, သေခြင်းမှ  လွတ်ကြရတယ် မဟုတ်လား၊
ဒါ့ကြောင့် မြတ်သော အကျင့်ကို ကျင့်တဲ့နေရာမှာ ကလျာဏမိတ္တအတွက် တစ်ဝက်လို့ မဆုံးဖြတ်နဲ့, အကုန်လုံးလို့ ဆုံးဖြတ်”လို့ ဘုရားရှင်က ဆုံးမတော်မူတယ်။
 ပြောင်းပြန် ပြန်ကြည့်ဦး
အဲဒါလေ..ပြောင်းပြန် ပြန်ကြည့်၊  ဘုရားရှင်သာ မရှိလို့ရှိရင်, ဘုရား ရှင်သာ မပွင့်လို့ရှိရင် အဲဒီ ဗြဟ္မစရိယ တစ်ခုမှ ကောင်းတဲ့အကျင့် နည်းနည်းလေးမှ ကျင့်နိုင်မှာ မဟုတ်ဘူး၊ မြတ်သောအလုပ် မဂ် ဖိုလ်နိဗ္ဗာန်အကျင့်မျိုးကို တစ်ခုမှ ကျင့်နိုင်မှာ မဟုတ်ဘူး၊ ဘုရား ပွင့်လာလို့မို့ အချို့ မဂ်ဖိုလ်နိဗ္ဗာန် တွေ့ကြရလို့ အိုနာသေးရေး ဒုက္ခဘေးမှ လွတ်ကြတာဖြစ်တော့ မြတ်စွာဘုရားအတွက် အကုန်လုံး အကျိုးတွေ ရလာတယ်လို့ ဆိုရမယ်တဲ့၊ ဒီတော့ မြတ်စွာ ဘုရားတည်းဟူသော ကလျာဏမိတ္တ ကောင်းလိုက်တာ။
ခု ဘုန်းကြီး တရားဟောတယ်, စိတ်ပါ လက်ပါ ဟောတယ်၊ အားရပါးရ ဟောတယ်၊ စေတနာနဲ့ ဟောတယ်၊ “ရိုးသားဖြောင့် မတ်ရမယ်”လို့ ကိုယ့်ကိုယ်ကို ဟောရင်း ဟောရင်း ဆုံးမသွားတယ်၊ အဲဒါတွေ ဘယ်သူ့ကြောင့်လဲ,  ဘုရားကြောင့်,  ဘုရားကြောင့်၊
ဘုရားရှင် ကိုယ်တော်မြတ်တည်းဟူသော ကလျာဏမိတ္တကို တိုက်ရိုက် မဖူးလိုက်ရပေမယ်လို့ ဘုရားရှင်ရဲ့ တရားတော်တွေနဲ့တကွ  ဆက်သွယ်ပြီးတော့ သိရလို့,  အဲဒီ ကလျာဏမိတ္တကြောင့်ပဲ၊ ဘယ်လောက်များ ဘုန်ကြီးတို့ ဓာတ်ခံ တက်သွားသလဲ၊ ယခု ရဟန်းဒကာ ရဟန်းအမတွေရဲ့ ဓာတ်ခံ ဘယ်လောက် တက်သွား သလဲ၊ အဲ အခု မိမိတို့ ဆိုင်ရာမှာ ကုသိုလ်ကောင်းမှုတွေ ပြုပြီးတော့ နေကြတဲ့ ဒကာ ဒကာမတွေမှာ မြတ် စွာဘုရားတည်း ဟူသော ကလျာဏမိတ္တ သူတော်ကောင်းကြီးနဲ့ တွေ့လို့, သူတော် ကောင်းကြီးရဲ့ စကား တစ်ဆင့်ကြားလိုက်ရလို့မို့, သူတော်ကောင်းကြီးရဲ့ တရားတွေ သိရလို့မို့ ဘယ်လောက်များ မိမိတို့ ဓာတ်ခံ တက်သွားသလဲ၊ ဒါ့ကြောင့် ကလျာဏမိတ္တအတွက် သူတော်ကောင်းတရား ဓာတ်ခံတက်တယ်ဆိုတဲ့ဥစ္စာဟာ တစ်ဝက်မက ပါဘူး, အကုန်လုံး တက်တယ်လို့ ဆိုရမယ်တဲ့။
“ကလျာဏမိတ္တော-မိကောင်း, ဖကောင်း, ဆရာကောင်းနှင့်”
အဲဒီကလဲလေ အမိမကောင်း, အဖမကောင်း, ဆရာမကောင်းတဲ့ သူတွေ တိုးတက်ရမယ့်ဥစ္စာ မတိုးတက်ဘဲနဲ့ အောက်ကျပြီးတော့  ဓာတ်ပျက်တွေ တွေ့တာ ထောက်လို့ရှိရင် မိကောင်း ဖကောင်းနဲ့ တွေ့ရတာ ၀မ်းမြောက်စရာ ကောင်းတယ်၊ ဆရာကောင်း သမား ကောင်းနဲ့ တွေ့ရတာ တယ် ၀မ်းသာစရာ ကောင်းတယ်၊ ကျေးဇူး တင်စရာ ကောင်းတယ်။
''ကလျာဏမိတ္တော-မိကောင်း, ဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည်၊ ဟုတွာ-ဖြစ်၍၊ ဒုက်္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက်မဲ့ဟူ, ဆင်းရဲသူ၏၊ ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေးလျက်, လုပ်ကျွေးသမှု, ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ, သနားညှာလျက်, များစွာ ပုံသေ, ပြုစုတတ်ပေ၏"။
 ဘုန်းကြီးအလေ့အထ
ဘုန်းကြီးကလေ-  ဒါနဲ့  စပ်ပြီးတော့ အလေ့အထလဲ ရှိတယ်၊ ၀ါသနာ ဓာတ်ခံ ပါလာတာကိုလဲပဲ ဘုန်းကြီး ကိုယ့်ကိုယ်ကို အားရတယ်၊ တစ်ခါ တုန်းက ဘုန်းကြီးက ခပ်ငယ်ငယ် ဦးပဉ္စင်းဘ၀၊ ဟို မြောက်ဂန္ဓာရုံက တောင်ဘက် သီလရှင်ကျောင်းတွေဆီ ဆွမ်းစားသွားမယ်လို့ သင်္ကန်းကလေး ရုံပြီးတော့ မှုန်မှုန်မွှားမွှား အရုဏ်တက်သာသာ  မလင်းတလင်းကလေး  လာ၊ ဒကာမကြီးတစ်ယောက်က ဟို မိုးဇာဈေးတို့ ဘာတို့ သွားရောင်းမယ်လို့နဲ့ တူပါရဲ့၊ ဈေးတောင်းကြီးကို ကြမ်းပြင်ကလေးပေါ် ချလို့, သူက မရွက်နိုင်ဘူး၊ မ-မနိုင်ဘူး၊ ခေါင်းပေါ်ရောက်အောင် မ-မနိုင်ဘူး, ဟိုကြည့် ဒီကြည့် ကြည့်နေတယ်, သူ့ ပင့်ပေးမယ့်သူကို၊ ဘုန်းကြီးက နည်းနည်း ရိပ်မိတယ်၊ “ဒကာမကြီးတော့ ဈေးတောင်း ပင့်ပေးမယ့်သူ မရှိလို့ ကြည့်နေ တာပဲ၊ ငါ အနားရောက်သည့်တိုင်အောင် ဈေးတောင်း ပင့်ပေးမယ့်သူ မရှိရင်တော့ ငါ သွားပြီး ပင့်ပေးမှပဲ” လို့ စိတ်က ဒီလို အောက်မေ့ပြီးတော့ ခပ်သုတ်သုတ်ကလေး ခပ်ဝေးဝေးကပဲ လာခဲ့တယ်၊ ဖိုးသူတော်ကလေး တစ်ယောက်က ရှေ့ကသွား၊ “ဦးသူ တော်-  ခဏ လာစမ်းပါ” ဆိုတာ ဖိုးသူတော်က  မကြားလို့လား, မပင့်ချင်လို့လား မသိဘူး၊ သူကလဲ လွန်သွားတယ်၊ ဘုန်းကြီးက  သာ ပင့်ပေးချင်သေးတယ်၊ နောက်တော့ ကံအားလျော်စွာ လူတစ်ယောက် လာလို့ လူတစ်ယောက်က ပင့်ပေးသွားတယ်၊ အဲ- ပင့်ပေးမယ်လို့ လုပ်တုန်း သူ့ဆီ အနားရောက်လို့ သူ့ဆီ ရှေးရှု သွားတာ မြင်တော့ “အရှင်ဘုရား ရပြီ ရပြီ ရပြီနဲ့” သူကလဲ ၀မ်း သာအားရ လက်ခံတာနဲ့ တူပါရဲ့၊ ပြောသွားတယ်၊ စိတ်ထဲက ဒုက္ခ ရောက်နေတဲ့သူကို ကူညီရတာ မီးရထားမှာ, သင်္ဘောမှာ, လမ်းမှာ သိပ်ကောင်းတာပဲကိုး၊ အဲသလို စိတ်ထဲကလေ သတိရရနေတယ်။
“ဒုက်္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက် မဲ့မူ, ဆင်းရဲသူ၏၊ ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေးလျက်, လုပ်ကျွေးသမှု, ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ, သနားညှာလျက်, များစွာပုံသေ, ပြုစုတတ်ပေ၏””။
ကျေးဇူးသိသော ဆရာတော်ကြီးတွေ
ဒါ အလေ့အထ  ရစေမယ်၊  ဘုန်းကြီးတို့ ခု  ကိစ္စလေးတစ်ခုပဲ  စဉ်းစားကြည့်စမ်း၊ တစ်ကန့် တစ်ကန့် တစ်ကန့်ဟာ တယ် သတိထားစရာ ကောင်းတယ်၊ ဆရာဝန်က ဆရာတော်ကြီးတွေ သွားပြီးပင့်တော့ အချို့ ဆရာတော်ကြီးများကို ဆရာဝန်က ဆေးကုထားတယ်၊ အသက်တော် အရွယ်တော် ကြီးလှပြီ၊ ရှစ်ဆယ်တို့, ကိုးဆယ်တို့ ရောက်နေပြီ၊ တယ်တောင်မှ ဟိုနား ဒီနား မသွားချင်၊ ဆရာဝန်က သွားပင့်တယ်ဆိုရင်ပဲ
 “ဟာ- လိုက်ရတာပေါ့”၊ အောင်မယ် နို့ပေမယ်လို့  တော်တော် အထအကြွ  လေးတယ်၊
“ဟာ လိုက်ရတာပေါ့”၊ အဲဒါ မလိုက်ဘူးဆိုတဲ့ စကားကို မပြောရက်နိုင်ဘူး၊
“ဟာ လိုက်ရတာပေါ့” ဒီက ဆရာဝန်ကသာ အလိုက် သိစွာနဲ့
“ဟာ ဆရာတော်ဘုရားတော့ ကိုယ်စားသာ ထည့်ပါ ဘုရား၊ ကျေနပ်ပါတယ်ဘုရား” နဲ့ လျှောက်လို့သာ၊ ဟိုကဖြင့် လိုက်မယ် တကဲကဲပဲ၊ တော်တော်တန်တန် မလိုက်ချင်ဘူး ဘာဘူး ဆိုတဲ့ ဆရာတော်ကြီးတွေကလဲ တကတဲ လိုက်မယ် တကဲကဲနဲ့၊ ဘယ်လောက်များ ကျေးဇူးသိနေကြတုန်း၊ ကျေးဇူးဟာ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတဲ့ ဥစ္စာ သူတော်ကောင်းတွေ နယ်ကျတော့ အင်မတန် တန်ဖိုးထားကြတယ်၊ နောက် ကျေးဇူးသိလို့လေ၊ ဟော နက်ဖြန်ခါဆို တကယ့်ဆရာတော်ကြီးတွေ လိုက်မယ်၊ တချို့ တကတဲ ဘယ်အချိန်ကျ လာခဲ့မယ်နဲ့၊ လောကကြီးဟာလေ သူ တော်ကောင်းနယ်ထဲမှာ ဆိုလို့ရှိရင် မေတ္တာရော ကရုဏာရော မုဒိတာရော ဗြဟ္မစိုရ်တရားတွေဟာလေ အပြည့် လွယ်လွယ်ကူကူ ရကြတယ်။
“တထာဝိဓံ - သို့ကလိုဂုဏ်အင်, စုံလင်ပေသည့်, ပညာရှိ အပေါင်း, သူတော်ကောင်းကို၊ သပ္ပုရိသံ - ဘ၀နောင်နှောင်း, ကောင်းထက်ကောင်းမည့်, လမ်းကြောင်းတီထွင်, သူတော်စင် ဟူ၍””----။
နောင်လာမယ့် ဘ၀မှာ ဖြစ်ရအုံးမှာ၊ ဒါလေးများ ပေါ့ပေါ့ ဆဆနဲ့ မေ့မေ့လျော့လျော့နဲ့ ဘာလို့နေချင်, ဘာလို့ နေတတ်ကြသလဲ၊ ခုဘ၀မှာလဲ ငါပဲ၊ ဟိုဘက် နောင်လာမယ့် ဘ၀မှာလဲ ငါပဲ၊ ပရိနိဗ္ဗာန်စံရမယ့် ဘ၀လဲ ငါပဲ၊ ပရိနိဗ္ဗာန်စံရတော့မှ ရုပ်နာမ် ခပ်သိမ်း ချုပ်ငြိမ်းပြီးတော့ ငါ ပျောက်သွားတယ်။
“သပ္ပုရိသံ-ဘ၀နောင်နှောင်း, ကောင်းထက်ကောင်းမည့်, လမ်းကြောင်းတီထွင်, သူတော်စင်ဟူ၍၊ ၀ဒန်္တိ - ဘုရားစသား, ပုဂ္ဂိုလ်များက, လေးစားကြည်ဖြူ, ချီးမွမ်းတော်မူကြကုန်၏””။
သူတော်ကောင်းစစ် ဖြစ်အောင် ကြိုးစား
ဒါ့ကြောင့်  သူတော်ကောင်းဟာ  ယခု ဒီမှာ  တရားနာ  လာကြတဲ့ သူတွေကတော့ သူတော်ကောင်းချည်းပဲ ဆိုကြပါစို့ရဲ့၊ အဲဒီ သူတော်ကောင်းအဆင့်မှာသာ တစ်နံပါတ် အဆင့်ထဲ မှာလား, နှစ်နံပါတ်အဆင့်ထဲမှာလား၊ ဘယ်နေရာကျတော့ ငါ နည်းနည်းလေး တွန့်သေးတယ်၊ အဲသလို စသည်အားဖြင့် ရွေးချယ်ပြီးတော့ “ငါတော့ တစ်နံပါတ် သူတော်ကောင်းအစစ် ဖြစ်ပြီးတော့ ဘုရားချီးမွမ်းတဲ့ သူတော်ကောင်းအဖြစ် စစ်စစ်နဲ့ မဂ် ဖိုလ်နိဗ္ဗာန်ကို ကပ်ပြီးတော့နေတဲ့ ဓာတ်တွေပါသွားအောင် ကြိုးစားမယ်” လို့ အဲသလို ဘုန်းကြီးက ဖြစ်စေချင်တယ်။
“ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘ၀နောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာ့ရှင်သည်၊ ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်၊ ကတညူ-သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိသရွေ့, သိလေ့ရှိသည်လည်းကောင်း၊ ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည်လည်းကောင်း၊ ဟုတွာ-ဖြစ်၍၊ ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ,  မိတ်ကောင်းရှိသည်လည်းကောင်း၊ ဒဠှဘတ္တိ-ထိုမိတ်ကောင်းလဲ, အသဲစွဲမျှ, အမြဲမပြတ်, ဆည်းကပ်လေ့ရှိသည်လည်းကောင်း၊ ဟောတိ - ဖြစ်၏၊ ဒုက်္ခိ တဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက်မဲ့ဟူ, ဆင်းရဲ သူ၏၊ ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေးလျက်, လုပ်ကျွေး သမှု, ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ, သနားညှာ လျက်, များစွာ ပုံသေ, ပြုစုတတ်ပေ၏၊ တထာဝိဓံ-သို့ကလို ဂုဏ်အင်, စုံလင်ပေသည့်, ပညာရှိအပေါင်း, သူတော်ကောင်းကို၊ သပ္ပုရိသံ-မြင့်ထက်မြင့်သည့်, အကျင့်အလွန်ကောင်း, သူတော် ကောင်းဟူ၍၊ ၀ဒန်္တိ - ဘုရားစသား, ပုဂ္ဂိုလ်များက, လေးစား ကြည်ဖြူ, ချီးမွမ်းတော်မူကြလေသတည်း””။
ဘာဂုဏ်တွေတုန်း၊ --
“သူများကျေးဇူးကို သိတယ်၊
သူများ ကျေးဇူးကို စွမ်းနိုင်လို့ရှိရင် ဆပ်တယ်၊
ဆရာကောင်း သမားကောင်း, မိတ်ကောင်း ဆွေကောင်း, မိကောင်း ဖကောင်း ရှိတယ်၊
အဲဒီ မိတ်ကောင်းတွေကိုလဲ အမြဲ လေးလေးနက်နက် ဆည်းကပ်တယ်၊
ဆင်းရဲတဲ့သူကို ကိုယ့်မျက်မှောက် တွေ့လာလို့ရှိရင် ကိုယ်က စွမ်း နိုင်သလောက် အကူအညီပေးတယ်”
ဟောဒီ ဂုဏ်အင်္ဂါ ငါးပါးပဲ။
“တထာဝိဓံ - သို့ကလိုဂုဏ်အင်, စုံလင်ပေသည့်, ပညာရှိ အပေါင်း, သူတော်ကောင်းကို၊ သပ္ပုရိသံ - ဘ၀နောင်နှောင်း, ကောင်းထက်ကောင်းမည့်, လမ်းကြောင်းတီထွင်, သူတော်စင် ဟူ၍””။--
ဘုန်းကြီး ငယ်ငယ်က စဉ်းစားခဲ့ပုံ
ဟို ဘုန်းကြီး ခပ်ငယ်ငယ်တုန်းက စဉ်းစားတာ တစခုရှိတယ်၊  ဒီ ဘုန်းကြီးဘ၀နဲ့ လူ့ဘ၀ကို ဟိုနည်းနဲ့ စဉ်းစား, ဒီနည်းနဲ့ စဉ်းစား၊ အဲဒီလို စဉ်းစားတဲ့အထဲက တစ်နည်းစဉ်းစားတာ မကြာခင်ကမှ ပေါ်လာတယ်၊ ဟို ရှေးတုန်းက ဒီ့ပြင်နည်းနဲ့ စဉ်းစားတာတွေသာ ပေါ်တယ်၊ ဟို တစ်နည်း စဉ်းစားတာက သိပ်မကြာခင်တုန်းကမှ ပေါ်လာတယ်၊ ဘာစဉ်းစားမိခဲ့သလဲဆို တော့ “ငါဟာ သာသနာတော်မှာ နေရကောင်းမလား၊ လူ့ဘောင် မှာ နေရကောင်းမလား၊ ဘယ်လို အနေနဲ့ နေမလဲ”လို့ စဉ်းစား တုန်းက ဘာတစ်ခု ပေါ်လာတုန်းဆိုတော့ အဖြေကလေ “ကုသိုလ် များများရတဲ့ ဘ၀ကို ငါနေမယ်”။
ဆိုပါတော့ “အကယ်၍များ သူဌေးကြီးဖြစ်ပြီးတော့ သို့မဟုတ် ရှင်ဘုရင်ကြီးတွေ ဘာတွေ ဖြစ်ပြီးတော့ လှူနိုင်တယ်, ပေးနိုင်တယ်, ကမ်းနိုင်တယ်, စောင့်ရှောက်နိုင်တယ်ဆိုရင် လူ့ဘောင် နေမယ်၊ ဟာ ဒီလိုမှ မဟုတ်ဘူး၊ ရဟန်းဘ၀ နေမှ ပေးကမ်းနိုင်တယ်, ပို့ချနိုင်တယ်, ဟောပြောနိုင်တယ်, ကုသိုလ်တွေ အများကြီး ရမယ်ဆိုရင် ရဟန်းဘ၀ နေမယ်၊ အဲသလို ကုသိုလ်မရဘူးဆိုရင် နှစ်ဘ၀စလုံး ငါ မကြိုက်ဘူး၊
ကုသိုလ်ရတဲ့ဘ၀ဟာ ငါနေဖို့ ဘ၀ပါပဲ” လို့ အဲဒီတုန်းက အကယ်၍များပေါ့လေ ပေးလို့, ကမ်းလို့ မကုန်နိုင်လောက်အောင် ပေးနေတယ်ဆိုလို့ရှိရင် မကုန်နိုင်ဆိုတာ နဂိုက မကုန်နိုင်ဘူး မဟုတ်ပေမယ်လို့ မိမိရဲ့ အလုပ်အကိုင်နဲ့ မကုန်နိုင်လောက်အောင်ကို ပေါတယ်ဆိုလို့ရှိရင် မှန်မှန် နေ့တိုင်း ပေးပြီးတော့ ပျော်ပျော်ကြီး အဲဒီလိုပဲ နေမှာပါ၊
အဲဒီလို မဟုတ်လို့ရှိရင်လဲပဲ ယခုဘ၀မျိုးနဲ့ ပေးကမ်းလို့, ပို့ချလို့, ဟောပြောလို့, ရေးသားလို့ ဒီလို နေရလို့ရှိရင်လဲ ဘုန်းကြီး တော်တော်ငယ်ငယ် ကလေးထဲက တော်တော်လေး ကုသိုလ်များများရတဲ့ဘ၀ကို နေမယ်လို့ ဘုန်းကြီး ဆုံးဖြတ်ချက်ချတာ တစ်ချိန်က ရှိခဲ့ဖူးတယ်၊ အဲဒါ မေ့နေတဲ့ ဥစ္စာ မကြာခင်ကမှ ပြန်ပေါ်လာလို့ ဒါလဲ ငါ့ စဉ်းစားချက်ဟာ ပြန်ပြီးတော့ စဉ်းစားရမှာပဲလို့ အဲသလို သဘော ရတယ်၊
 ဒါ့ကြောင့် အားလုံးပုဂ္ဂိုလ်တွေ, ဟော ယခုလူတွေ, လူ ဘက်ကနေပြီးသကာလ လူကုသိုလ်တွေ အများကြီးပြုကြ၊ ဒကာဘက်က နေပြီးသကာလ ဒကာကုသိုလ်တွေ အများကြီး ပြုကြ၊  သာသနာကို အများကြီး ပြုကြ၊ မရှိဆင်းရဲတဲ့ သူတွေကို ကိုယ့် အောက် လူတွေကို ညှာကြ၊ ဒီလိုဆိုရင် ဘ၀နောက်နှောင်းမှာ ကောင်းထက် ကောင်းဖို့ရန် တီထွင်တာပေါ့လို့ -
“တထာဝိဓံ - သို့ကလိုဂုဏ်အင်, စုံလင်ပေသည့်, ပညာရှိ အပေါင်း, သူတော်ကောင်းကို၊ သပ္ပုရိသံ - ဘ၀နောင်နှောင်း, ကောင်းထက်ကောင်းမည့်, လမ်းကြောင်းတီထွင်, သူတော်စင် ဟူ၍၊ ၀ဒန်္တိ-ဘုရားစသား, ပုဂ္ဂိုလ်များက, လေးစားကြည်ဖြူ, ချီးမွမ်းတော်မူကြလေသတည်း””။
 လက်လှမ်းမှီလျက်သားနဲ့ မလိုက် မရှိရ
ဒီတော့ တရားဆိုတဲ့ဥစ္စာလေ ဘုန်းကြီးက ကိုယ်လက်လှမ်းမီတဲ့ တရားဟောပေးရင် လိုက်တာကို သဘော ကျတယ်၊  နာပြီးတော့ ကိုယ်လက်လှမ်းမီရက်သားနဲ့ မလိုက်ဘူး ဆိုရင် ဒီသူတော်ကောင်းလက္ခဏာ အလိုလို ချွတ်ယွင်းသွားတယ်၊ ကိုယ့်ကိုယ်တိုင်က မလိုက်ကို မလိုက်နိုင်အောင် မြင့်နေတဲ့ တရားမို့ မလိုက်ဘူးဆိုရင်တော့ ဒါကတော့ အပြစ် မပြောသာပါဘူး၊ ယခု ဘုန်းကြီးပြောတဲ့ တရားက လိုက်နိုင်တဲ့တရား, အဲဒီ လိုက်နိုင်တဲ့တရားကို ပြောပါလျက်နဲ့ မလိုက်ဘူးဆိုလို့ရှိရင် ဒီအင်္ဂါနဲ့ ချွတ်ယွင်းသွားပြီး အလိုလို ကိုယ့်ကိုယ်ကို အထင်သေးစရာ ဖြစ်ပြီးတော့ သေခါနီးကျတော့ အင်မတန် ကြောက်ကြောက်လန့်လန့် ဖြစ်ပါလိမ့်မယ်၊ မိမိ လိုက်နိုင်လောက်တဲ့ တရားကို ဟောတဲ့ဥစ္စာကို နေရာတိုင်းမှာ သူ့အဆင့်အတန်းနဲ့ ကြည့်ပြီးတော့ လိုက်လိုက် လိုက်လိုက်သွားတယ်ဆိုလို့ရှိရင် “ငါဟာ သူတော်ကောင်းပဲ၊ ဟို ဘ၀မှာ ဒီ့ထက်မြင့်မှာပဲ”လို့ အဲသလို စိတ်ထဲက ဆုံးဖြတ်ချက် ချနိုင်တာဖြစ်တော့ သေရမှာလဲ မကြောက်ပါဘူး။
 နိဂုံးချုပ် တိုက်တွန်းချက်
အဲဒါကြောင့်   မိမိတို့  တစ်ဘ၀သံသရာမှာ နိဗ္ဗာန် မျက်မှောက် မပြုနိုင်သရွေ့ သွားရအုံးမှာဖြစ်တော့ ယခုနှယ်က သူတော်ကောင်း စစ်စစ်ဖြစ်အောင်ဟာလေ ဒါနကို ပြုတော့လဲ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ပြုကြ၊ ငါးပါးသီလက စပြီးတော့ သီလကို လဲပဲ စွမ်းနိုင်သမျှ ထိန်းကြ, သိမ်းကြ၊ ယခုခေတ်ဟာ ဘာဝနာကိုလဲ အားလုံး ဟောပြောပြီးတော့ ဆုံးမ နေကြတဲ့ ခေတ်ဖြစ်တော့ ဘာဝနာလဲပဲ မကြာခဏ သတိရလို့၊
ဟုတ်တယ်, ဒီခန္ဓာကိုယ်ကြီးဟာ မမြဲဘူးနော်၊ တဖြည်းဖြည်း အို လာပြီ၊ ဒီခန္ဓာကိုယ်ကြီး အိုလာတာဟာ ဘာလို့ အိုသလဲ၊ အိုတာ ဟာ သေဖို့ရာ အိုတာပဲ၊ တဖြည်းဖြည်း သေမှာပဲ၊
 “အနိစ္စခန္ဓာကိုယ်ကြီး၊ ဒီခန္ဓာကိုယ်ကြီးဟာ ငါက မအိုချင်ဘဲနဲ့ အိုနေတဲ့,
အစိုးမရတဲ့,  အနှစ်သာရ မရှိတဲ့  ခန္ဓာကိုယ်ကြီး၊
ဒီခန္ဓာကိုယ်ကြီးဟာ ငါက မသေချင်ဘဲ သေရအုံးမယ်၊
ငါ့ အလို မလိုက်နိုင်တဲ့, အနှစ်သာရ မရှိတဲ့ အနတ္တခန္ဓာကိုယ်ကြီး၊”  အဲသလို စိတ်ထဲက တွေးပြီးတော့  ဒီခန္ဓာကိုယ်ထဲက အဆီအနှစ် ဖြစ်တဲ့ ပါရမီတွေကို ငါ ထုတ်ယူလိုက်မယ်၊
ဒီခန္ဓာကိုယ်ထဲက အဆီအနှစ်ဖြစ်တဲ့ ၀ိပဿနာဉာဏ်တွေ ငါ ထုတ်ယူလိုက်မယ်၊
ဒီခန္ဓာကိုယ်ထဲက ဘ၀သံသရာမှာ အဆုံးသတ်မယ့် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း
အကောင်းဆုံးဖြစ်တဲ့ ပါရမီကုသိုလ်တွေကို ငါ ရအောင် ကြိုးစားလိုက်မယ်။
အနှစ်သာရ မရှိတဲ့ ခန္ဓာကိုယ်ထဲက အနှစ်သာရရှိတဲ့ ပါရမီ ကုသိုလ်တွေကို ငါ ထုတ်ယူလိုက်မယ်။
ငါ့ရှိတဲ့ ဥစ္စာတွေက ဘယ်လိုပဲ ငါက သိမ်းသိမ်း တဖြည်းဖြည်း ကုန်ခမ်းရမယ့် ဥစ္စာတွေပဲ၊
အနှစ်သာရ မရှိတဲ့ ဥစ္စာတွေပဲ ၊ ဒီဥစ္စာတွေထဲက အနှစ်သာရရှိတဲ့ ပါရမီကုသိုလ် တွေ, မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော တရားတွေကို
ငါ ထုတ်ယူသောအားဖြင့် ငါ လှူလိုက်မယ်, တန်းလိုက်မယ်, ပေးလိုက်မယ်,
ကမ်းလိုက်မယ်, မရှိဆင်းရဲသူတွေ ညှာတာလိုက်မယ်, စောင့်ရှောက်လိုက်မယ်၊
ငါ အနှစ်သာရဖြစ်တဲ့ ပါရမီ တရားတွေကို အနှစ်သာရမရှိတဲ့ ဥစ္စာထဲက ထုတ်ယူလိုက်မယ်၊
ဟော  စိတ်ထဲကလေ၊  သူတော်ကောင်းလက္ခဏာနဲ့ ညီညီ စဉ်းစားမယ်ဆိုလို့ရှိရင်
ကောင်းတဲ့ ၀ိပဿနာတရားတွေဟာ ရနေ ပြီး
အမြဲမရှိတဲ့ ခန္ဓာကိုယ်ထဲက မြဲတဲ့ နိဗ္ဗာန်ကို ငါ မြန်မြန်ရအောင်ထုတ်ယူလိုက်မယ်၊
အမြဲမရှိတဲ့ ဒီခန္ဓာကိုယ်ထဲက မြဲတဲ့နိဗ္ဗာန်ကို မြန်မြန်ရောက်အောင် ငါ ထုတ်ယူလိုက်မယ်၊
ယခု ပြောရင်း ဆိုရင်း စဉ်းစားရင်းပဲ
တစ်အိုထဲ အိုနေတဲ့, သေဖို့ရန် ရှေးရှုနေတဲ့, ဆင်းရဲတဲ့ ဒီခန္ဓာကိုယ်ထဲက --
သုခအစစ်ဖြစ်တဲ့ နိဗ္ဗာန်ကို မြန်မြန် ရရာရကြောင်း ကောင်းမှုပါရမီကို ထုတ်ယူလိုက်မယ်၊
အနှစ်သာရ မရှိတဲ့, ယခု ငါက မအိုချင်ဘဲနဲ့ သူက အိုနေတဲ့အတွက် ငါ့အလို မလိုက်တဲ့
မအိုသင့်ပဲနဲ့ အိုနေသည့်အတွက်ကြောင့် မခိုင်မြဲတဲ့ အနတ္တဖြစ်တဲ့ ဒီခန္ဓာကိုယ်ထဲက --
အနှစ်သာရ မရှိတဲ့, ငါ့အလို မလိုက်မပါနိုင်တဲ့ ဒီခန္ဓာကိုယ်ထဲက --
အနှစ်သာရဖြစ်တဲ့ ပါရမီ ကောင်းမှုကုသိုလ်တွေကို ထုတ်ယူလိုက်မယ်လို့
အဲသလို သူတော် ကောင်းပီပီ ၀ိပဿနာဉာဏ်နဲ့လေ
အနိစ္စ ဒုက္ခ အနတ္တ ဒီခန္ဓာကိုယ်ကြီးကို တင်ပြီးသကာလ,
ဘ၀ နောက်နှောင်း ကောင်းပြီးသကာလ
ရုပ်နာမ် အဆုံးသတ်ကို မိမိ မျက်မှောက်ပြုနိုင်အောင်, နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင်,
ယခုနှယ် ထိပ်တန်းသူတော်ကောင်းဖြစ်အောင် ကိုယ်စီကိုယ်ငှ ကြိုးစားနိုင်ကြစေကုန်သတည်း။
သူတော်ကောင်းလက္ခဏာတရားတော်ပြီးပါပြီ။
#မူရင်းရေးသားသူ
နံနက်ခင်း ဩဝါဒများ